သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါစီမံကိန်းအခက်အခဲ တင်ပြဖို့ လူမှုအဖွဲ့တွေ JICA ကို တောင်းဆို


မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူပူးပေါင်းတည်ဆောက်ရေးသဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးစဉ်က။
မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူပူးပေါင်းတည်ဆောက်ရေးသဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးစဉ်က။
ရန်ကုန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် သိမ်းဆည်းခံ မြေယာတွေ ပြန်လည်နေရာချထားရေးမှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တင်ပြနိုင်ဖို့ JICA လို့ခေါ်တဲ့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီကို တွေ့ဆုံရှင်းပြခွင့် ပြုဖို့ ဒေသခံတွေက ဒီကနေ့မှာ မေတ္တာရပ်ခံစာတစ်စောင် ပေးပို့လိုက်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကတော့ ရန်ကုန်တဖက်ခြမ်း သန်လျင်မြို့နယ်ထဲမှာ ဂျပန်နိုင်ငံက တာဝန်ယူ အကောင်အထည်ဖေါ် နေတာဖြစ်ပြီး ဂျပန်ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICAရဲ့ စည်းမျဉ်းထိမ်းသိမ်းမှုအောက်မှာ လုပ်နေတာဖြစ်ပါတယ်။

ဒီစီးပွားရေးဇုန်အတွက် အရင်ကတည်းက လယ်မြေယာမြေတွေ အသိမ်းခံရပြီး JICAရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုဘဝ ပြန်လည် နာလန်ထူရေး စည်းမျဉ်းတွေအရ ထိုက်တန်တဲ့ လျော်ကြေးငွေနဲ့ ဒေသခံတွေ အဆင်ပြေမယ့် နေရာချထားမှု ရှိရမှာဖြစ်ပေမယ့် လက်တွေ့မှာ ဖြစ် မလာ တာကြောင့် ဒေသခံတွေကိုယ်တိုင် JICAနဲ့ တွေ့ပြီး ပြဿနာဖြေရှင်းချင်လို့ အခုလို တွေ့ခွင့်တောင်းတဲ့မေတ္တာရပ်ခံစာ ပေးပို့ရတာဖြစ်တယ်လို့ သီလဝါ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးမြလှိုင်က VOA ကို ပြောပါတယ်။

“အဓိက မေတ္တာရပ်ခံချင်တာက စီမံခန့်ခွဲမှု ကော်မတီကလည်း နိုင်ငံတကာရဲ့ စံချိန်စံနှုန်းနဲ့အညီ ပေးလျော်မယ်လို့ ပြောတယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ပထမဦးဆုံးစပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ဒီက ကိုယ်စားပြုအဖွဲ့တွေနဲ့ ညှိနှိုင်းခွင့် မရခဲ့ဘူး။ ပေးတဲ့နေရာကလည်း ကျနော်တို့လိုချင်တဲ့ နေရာမဟုတ်ဘူး။ သူတို့တဘက်သတ် ဆုံးဖြတ်တဲ့အပေါ်မှာပဲ လက်ခံလိုက်ရတဲ့အခါကျတော့ အခု အဲဒီလူတွေက တအား ဒုက္ခရောက်နေတယ်။”

အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ရွာတွေက အနမ်းဆွပ်၊ တပ်ရွာကုန်းနဲ့ သီလဝါကျေးရွာတွေဖြစ်ပြီး မြေယာအသိမ်းဆည်းခံရသူတွေကို နေရာသစ် ပေးပေမယ့် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

“သူတို့ စောစောကပြောတော့ ဒီနေရာကနေ ဟိုနေရာရောက်ရင် ဟိုမှာ လုပ်ငန်းတစ်ခု အထိုင်မကျခင် ၂ နှစ်စာ၊ ၃ နှစ်စာ အဲဒီမိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစောင့်ရှောက်မှု၊ စားဝတ်နေရေး စောင့်ရှောက်မှုတွေ သူတို့ တာဝန်ယူ ဆောင်ရွက်ပေးပါ့မယ်လို့ ပြောထားပေမယ့် တကယ်တန်းကျတော့ အဲဒီလူတွေကို အဲဒီကွင်းထဲမှာ ဒီအတိုင်း ပစ်ထားပြီးတော့ လုံးဝ လှည့်မကြည့်ဘဲနဲ့၊ အကူအညီပေးတာတွေလည်း လုံးဝမလုပ်ဘဲနဲ့ ဒီအတိုင်းထားတဲ့သဘောရှိတယ်။ အဲဒီတော့ အဲဒီလူတွေက တအား ဒုက္ခရောက်နေတယ်။”

နေရာသစ်ကို အပြောင်းရွှေ့ခံလိုက်ရတာကြောင့် နေ့စဉ်လူမှုဘဝပုံစံ ပျက်စီးသွားတယ်လို့လည်း ဦးမြလှိုင်က ရှင်းပြပါတယ်။

“အခုကျတော့ အခုပို့တဲ့နေရာကနေပြီးတော့ အဲဒီအလုပ်ထဲကို ရောက်ဖို့က ကယ်ရီဆိုင်ကယ်တစီးကို ငှားမယ်ဆိုရင် လူတစ်ယောက်ကို ၁၅၀၀ ပေးမှ ရတယ်။ အသွားအပြန်ဆိုတော့ ၃,၀၀၀ လောက် ကုန်တယ်။ အဲဒီ ၃ ထောင်က နဂိုရ်မူလအခြေအနေထက် ပိုပြီး ကုန်ကျစရိတ်တွေ များသွားတဲ့အခါကျတော့ ကူညီစောင့်ရှောက်တာလည်း ဘာမှ မရှိတဲ့အခါကျတော့ အဲဒီ နေရာကနေ ဘဝပျက်ပြီး တခြားနေရာကို လွင့်ထွက်သွားရတာတွေတောင် တော်တော်များနေပြီ။ လုပ်တာ မလုပ်တာတော့ သူတို့အပိုင်းလေ၊ သိအောင်ပြောပြဖို့ကတော့ ကျနော်တို့ တာဝန်ရှိတယ်လေ။ သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်တာလား၊ သို့မဟုတ်ရင် တကယ်ကို မသိတာလားဆိုတာကို ကျနော်တို့က မသိတဲ့အတွက် သူတို့ကိုသိအောင် ကျနော်တို့ ပြောပြချင်တဲ့အတွက် မေတ္တာရပ်ခံတာပါ။”

ဒါပေမယ့် အောက်ခြေအာဏာပိုင်တွေကတော့ JICA နဲ့ မြန်မာ အစိုးရအာဏာပိုင်တွေကို အစီရင်ခံစာ တင်တဲ့အခါ ဒေသခံတွေက ကြေနပ် လက်ခံတဲ့ သဘောမျိုးတွေ လုပ်ယူဖန်တီးတာမျိုး ရှိနေတယ်လို့ ပဒေသာမိုး အရပ်ဘက်အဖွဲ့အစည်း တာဝန်ခံ မဝေဝေလွင်က ဆိုပါတယ်။

“ဒေါ်စံရှားတင်ဆိုတဲ့ အမတစ်ယောက်ဆိုလို့ရှိရင် သူ့ရဲ့အမျိုးသားက ရဲတပ်ကြပ်ကြီးပေါ့၊ သူဆိုလို့ရှိရင်တော့ လုံးဝ မဖယ်ဘဲနဲ့ နေနေတယ်။ နေနေတဲ့အချိန်မှာ သူ့ယောက်ကျားကို ဖမ်းမယ်၊ ဘာတို့..အဲလိုမျိုး ပြောပြီးတော့ အတင်းပဲ အဲဒီလူကို လက်မှတ်ထိုးခိုင်းတယ်။ ထိုးခိုင်းပြီး သူ့ကို မရယ် ရယ်အောင် ဟာသတွေလုပ်ပြီး ရယ်နေတဲ့အချိန်မှာ ဓာတ်ပုံဖမ်းရိုက်ပြီးတော့ သူကနေပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပြောင်းသွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်- အဲလိုမျိုးတွေလုပ်တယ်။ ပြီးသွားလို့ရှိရင် လူနေအိမ်တို့၊ ဆိတ်တဲတို့၊ နွားတဲတို့ကို အကုန်လုံးရောပြီးသတ်မှတ်ပြီးတော့ ဒါ ဆိတ်တဲ-ဆိုပြီး လျော်တဲ့ ကိစ္စမျိုးတွေ ရှိတယ်။ တန်ရာတန်ကြေး မပေးဘူးရှင့်။ ၂၀၁၂ မြေယာဥပဒေထဲမှာပြောတဲ့ ကာလပေါက်ဈေးပေးရမယ်ဆိုတာကို ကာလပေါက်ဈေး မပေးထားဘူးရှင့်။ ရန်ကုန်တိုင်းမှာ၊ သီလဝါမှ တဧကကို သိန်း ၆၅၀ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ရွာသားတွေကျတော့ အဲဒီဈေးမျိုး မရဘူး။ အဲဒီဈေးမျိုးလည်း မမီဘူးရှင့်။”

အမေရိကန်ဒေါ်လာ (၂၁) လောက်ကုန်ကျမယ့် သီလဝါစီမံကိန်းကို အဆင့် (၂) ဆင့်နဲ့ လုပ်နေပြီး ပထမအဆင့်မှာ မြေဧရိယာ ဟက်တာ (၄၀၀) အတွင်း အဓမ္မပြောင်းရွှေ့ခိုင်းနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒုတိယအဆင့် ဟက်တာ (၂၀၀၀) အတွက် အလားတူ ဒုက္ခတွေ ရင်ဆိုင် ရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီကိစ္စဖြေရှင်းဖို့ ဒေသခံတွေနဲ့ JICA တို့ကြား ဧပြီ (၂၄) (၂၅) နေ့တွေမှာ တွေ့ဆုံဖို့ ချိန်းဆိုထားပေမယ့် လက်တွေ့မှာ တွေ့ခွင့် ရမရ မသိရသေးပါဘူး။ ဂျပန်နိုင်ငံရဲ့ သဘောထားကို သိနိုင်ဖို့ VOAက JICA ကိုဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရရှိခဲ့ပါဘူး။
XS
SM
MD
LG