သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ပြိုကျအဆောက်အဦးပိုင်ရှင် ပစ္စည်းအားလုံး တရားရုံးချိတ်ပိတ်


ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာ လူပေါင်း ၃၈၀ ကျော် သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Dhaka မြို့ပြင် အဆောက်အဦး ပြိုကျရာမှာ၊ တရားမဝင် အဆောက်အဦး ဆောက်ခဲ့တဲ့ ပိုင်ရှင်ဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းဖို့ ဘင်္ဂလားဒေ့ရ်ှ တရားရုံးတရုံးက စီရင် ဆုံးဖြတ်လိုက်ပါတယ်။

အဆောက်အဦး ပိုင်ရှင်ဖြစ်သူ ဆိုဟဲလ် ရာနာ (Sohel Rana) ဟာ အဲ့ဒီ Rana အဆောက်အဦးထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို ထိန်းချုပ်ဖို့ တရားရုံးကနေ မနေ့တုန်းက ဆုံးဖြတ်ချက် ချခဲ့တာပါ။

အဆောက်အဦး ပြိုမကျခင်မှာ စစ်ဆေးရေးမှူးတွေက အဲ့ဒီမှာ အက်ကွဲကြောင်းတွေ တွေ့တာကြောင့်၊ အဆောက်အဦးမှာ လူမနေဖို့ သတိပေးခဲ့ပေမဲ့၊ သူဟာ အဲ့ဒီ သတိပေးချက်ကို မလိုက်နာခဲ့ဘူးလို့ ရဲက ပြောပါတယ်။ ရဲဟာ အခု အဆောက်အဦး အင်ဂျင်နီယာတွေ အပါအဝင် လူ ၈ ဦးကို အဲ့ဒီကိစ္စနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လုပ်နေပါတယ်။ ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ပြိုကျတဲ့နေရာက အပျက်အစီးတွေကို ရှင်းလင်းဖို့ စက်ပစ္စည်းတွေကို အသုံးပြု ဆောင်ရွက်နေပါတယ်။

အဆောက်အဦး အပြိုအပျက်ထဲ ပိတ်ကျန်ခဲ့တဲ့ ရာနဲ့ချီသူတွေ ရှိခဲ့တာမို့ အသေအပျောက်စာရင်း တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ပြိုကျတဲ့အချိန်မှာ အဆောက်အဦးထဲမှာ လူ ၃ ထောင်ကျော် ရှိနေတာပါ။
XS
SM
MD
LG