သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးသံဃာတွေ OIC ကို ဆန့်ကျင်ဆန္ဒပြ


မန္တလေးသံဃာတော်များ ဆန္ဒပြနေစဉ်
မန္တလေးသံဃာတော်များ ဆန္ဒပြနေစဉ်
ဒီနေ့ နေ့လည်ပိုင်းတုန်းက မန္တလေးမြို့မှာ ထောင်ချီတဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်း အသေးစိတ်ကို
မဆုမွန်က တင်ပြပေးပါ့မယ်။

အောက်တိုဘာလ ၁၂ရက်နေ့ နေ့လည် ၁၂နာရီကနေ စတင်ပြီးတော့ မန္တလေးမြို့က ထောင်နဲ့ချီတဲ့ သံဃာတော်တွေဟာ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့အနေနဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဒက္ခိဏာဘုရားကြီးကနေ စတင်ပြီး စီတန်း လမ်းလျောက်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံ သတင်းထောက် ကိုမင်းထက်ငြိမ်းချမ်းက ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။

“ဟုတ်ကဲ့။ လူပုဂ္ဂိုလ်ကတော့ မပါဘူးခင်ဗျ။ အဓိက သံဃာတွေချည်းပါပဲ။ လူပုဂ္ဂိုလ်တွေကတော့ ဘေးကနေ ကြည့်ရူ့အားပေးကြတဲ့ ကြည်ညိုကြတဲ့သူတွေ များပါတယ်။ သံဃာတော်တွေကတော့ ငါးထောင်အထက်မှာ ရှိပါတယ်။ ခန့်မှန်းခြေ ငါးထောင်နဲ့ ခုနှစ်ထောင်ကြားမှာ ရှိတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ မန္တလေးလို ခေါ်မယ်ဆိုရင် အပြ ပေါင်း ကျနော်တို့ ငါးပြ ထက်မနည်းပေါ့။ အဲ့လောက်အကွာအဝေးမှာ သံဃာတော် သုံးပါးစီ၊ သုံးပါးစီ အဲ့လို စီတန်းလျောက်ပြီးတော့မှ ငြိမ်းငြိမ်းချမ်းချမ်း ပါပဲခင်ဗျ။ ကျနော်တို့ ဦးပါးဘုရား ကုန်းကျော်တံတားရှိတဲ့ လမ်းကျတော့မှ နောက်ကို ပြန်ချိုးပါတယ်ခင်ဗျ။ မန္တလေးလိုဆိုရင်တော့ ပြ ပတ်တယ်ပေါ့ဗျာ။ လေးထောင့်ကျကျ ပြ ပတ်တယ်ပေါ့ဗျာ။ စီတန်း လှည့်လည်ပြီးတော့ ကြွချီပြီးတော့ ဆန္ဒဖော်ထုတ်တယ်လို့ မြင်ရပါတယ်။ နောက် ဦးပါးဘုရားကို ပြန်ကြွချီပြီးတော့ ဆရာတော်တွေ သံဃာတော်တွေရဲ့ သြဝါဒများ မြွက်ကြားပြီးတော့မှ အခမ်းအနားကို အေးအေးချမ်းချမ်းနဲ့ ပြီးသွားတာကို မြင်ရပါတယ်။”

အစ္စလာမစ်နိုင်ငံများ အဖွဲ့ အိုအိုင်စီ ရုံးခွဲ မြန်မာနိုင်ငံမှာ လာဖွင့်မယ့်ကိစ္စကို အပြင်းအထန် ကန့်ကွက်တာ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇား နဲ့ ရာမူးမြို့မှာ မူဆလင်တွေက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို အကြမ်းဖက်မှု တိုက်ခိုက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီးတော့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေး မန္တလေးမြို့လည်ခေါင်မှာ သံဃာတော်တွေက ဆန္ဒပြစာတမ်းတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မေတ္တာပို့လမ်းလျောက် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ကိုမင်းထက်ငြိမ်းချမ်းက ဆက်ပြောပါတယ်။

“မေတ္တာသုတ်တွေ ရွတ်ပါတယ်။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမှာ ပူပူနွေးနွေး ဖြစ်သွားခဲ့ကြတဲ့ အကြမ်းဖက်မှုတွေပေါ့ဗျာ။ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာဘုရားကျောင်းကန်တွေ၊ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခဲ့ရတဲ့အပေါ်မှာရယ်၊ နောက်တချက်က အိုအိုင်စီလို့ခေါ်တဲ့ နိုင်ငံပေါင်း ၅၇နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ အိုအိုင်စီအဖွဲ့က မြန်မာပြည်မှာ လာပြီး ရခိုင်ဒေသမှာ လာပြီး ရုံးစိုက်တယ်ပေါ့ဗျာ။ အဲ့ဒီ့ရုံးစိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ သူတို့ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါတွေကို သံဃာတော်အများက ဆန္ဒဖော်ထုတ်ကြတာကို တွေ့ရပါတယ်။”

သံဃာတော်တွေရဲ့ မေတ္တာပို့ စီတန်းလမ်းလျောက်ဆန္ဒပြမှုကို ညနေပိုင်းမှာ အဆုံးသတ်ခဲ့ပြီးတဲ့ နောက်မှာတော့ မန္တလေးမြို့ပေါ်က သတင်းမီဒီယာတွေနဲ့တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတရပ်လည်း လုပ်ခဲ့ပါတယ်။ သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျောက်မှုကို အာဏာပိုင်တွေဘက်က တစုံတရာနှောင့်ယှက်မှုမလုပ်ခဲ့ဘူးလို့ သိရပါတယ်။

“ ဘာမှ နှောင့်ယှက်တာ ဟန့်တားတာ မတွေ့ရဘူး။ ဆရာတော်တွေက သတင်းစာရှင်းလင်းပွဲလည်း လုပ်ပါတယ်။ ကျနော်တို့ မီဒီယာတွေလည်း တက်ရပါတယ်။ အဲ့ဒီ့မှာ ဆရာတော်တွေ ပြောပြချက်အရတော့ ဘာမှ အနှောင့်အယှက် မတွေ့ရပါဘူး။ နောက်ပြီးတော့ လိုအပ်လို့ရှိရင်လည်း လမ်းမှာ ယာဉ်ထိန်းရဲတွေကလည်းပဲ ယာဉ်အသွားအလာ ရူပ်ထွေးမှုမဖြစ်အောင် ပိတ်ဆို့မှုမဖြစ်အောင် သူတို့ကလည်း ကူညီဖြေရှင်းပေးတာ တွေ့ရတယ်။ နောက်ပြီးတော့ ပါလာတဲ့ သံဃာတွေကလည်း လမ်းသွားလမ်းလာတွေ မထိခိုက်ရအောင်ဆိုပြီး တတ်နိုင်သမျ လမ်းဘေးကပ်ပြီးတော့ လျောက်ကြတယ်။ နောက်ပြီးတော့ လမ်းမှာ လမ်းကြောင်းတွေ မပိတ်ဆို့ရအောင် ကူညီဖြေရှင်းနေတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။”

မန္တလေးက ထောင်ချီတဲ့ သံဃာတော်တွေရဲ့ ဆန္ဒပြပွဲကို ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ငါးနှစ်ပြည့်အခမ်းအနား ကျင်းပရေးကော်မတီက သံဃာ့ခေါင်းဆောင်တွေက ဦးဆောင်ပြီး လေးပြင်လေးရပ် သံဃာ့သမဂ္ဂီက သံဃာအဖွဲ့ဝင်တွေနဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေကပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG