သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်း သုံးဦး အပါအဝင် အကျဉ်းသား ထောင်နဲ့ချီ လွတ်


သမ္မတဦးသိန်းစိန် လွတ်ငြိမ်းခွင့်နဲ့ ဇန်နဝါရီလ ၃ရက်နေ့က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာကြသူများ။ (ဇန်နဝါရီလ ၃ရက်၊ ၂၀၁၄)
သမ္မတဦးသိန်းစိန် လွတ်ငြိမ်းခွင့်နဲ့ ဇန်နဝါရီလ ၃ရက်နေ့က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာကြသူများ။ (ဇန်နဝါရီလ ၃ရက်၊ ၂၀၁၄)
ဇန်နဝါရီလ ၂ ရက်နေ့ကထုတ်ပြန်တဲ့ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ ဒီကနေ့ ထောင်နဲ့ချီပြီး လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားက သုံးဦးပဲ ပါဝင်ပါတယ်။ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပေမဲ့ မျှော်လင့် ထားသလောက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလာ ကြသေးပါဘူး။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ရှိအချိန်မှာ သေဒဏ် ချမှတ် ခံထားရသူတွေကို ထောင်ဒဏ်တသက် (နှစ် အကန့်အသတ်မရှိ) သို့ ပြောင်းလဲကျခံစေဖို့၊ နှစ် အကန့်အသတ် မရှိနဲ့ ထောင်ဒဏ် တသက်ကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ ပြောင်းလဲကျခံဖို့၊ အဲဒီထဲမှာ သေဒဏ်ကနေ ထောင်ဒဏ် တစ်သက်နဲ့ နှစ်အကန့်အသတ် မရှိ လျှော့ပေါ့ ကျခံနေသူတွေတော့ အကျူံးမဝင်ပါဘူး၊ တစ်ခါ ထောင်ဒဏ် (၄၀) နှစ်နှင့်အောက် ကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ လေးပုံတပုံအား လျော့ပေါ့ကျခံစေဖို့ဆိုတဲ့
နိုင်ငံတော် သမ္မတရုံးရဲ့အမိန့်အမှတ် ၁ /၂၀၁၄ ကို ဇန်နဝါရီလ ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အဲဒီအမိန့်အရ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူ သုံးဦးပဲပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က ကိုသက်ဦးက ဗွီအိုအေကိုပြောပါတယ်။

"သုံးယောက်ကလည်း ဆန်းကိုဦးပါတယ်။ ABက သူက သရက်ထောင်ကနေ လွတ်တယ်။ နောက်ပြီးတော့ မိထ္ထီလာထောင်က ဦးဘို၊ နောက်တစ်ယောက်က တူးဂျာ၊ တူးဂျာခေါ် မြင့်သန်း အဲ့တာက သူက တောင်ငူထောင်က၊ ကရင်နဲ့ပတ်သက်တယ် သူက။ လက်ရှိ ကျနော်တို့ သိထားတာက နိုင်ကျဉ်းအနေနဲ့ဆို အဲ့ဒီ့သုံးယောက်ပဲ ပါတယ်။ အမှန်တော့ သူတို့က ဒီစာရင်းတင်တာက တင်ထားတာပဲ။ ဒါပေမဲ့ လေးပုံ တစ်ပုံ လျော့လိုက်ပေမဲ့ သူတို့နေတာတွေ နဲ့ နှစ် ကွက်တိဖြစ်သွားတဲ့အတွက် လွတ်တာ။ ဆန်းကိုဦးက ၉၅ခုနှစ်က နှစ်၃၀ ကျတာ။သူက နှစ် ၃၀ကျတာ၊ တူးဂျာခေါ် မြင့်သန်းက နှစ်၂၀ကျတယ်။ ၂၀၀၀ခုနှစ်က ကျတယ်။ ထောင်ထဲ မှာနေတာ ၁၃နှစ် ရှိသွားပြီ။ လေးပုံတစ်ပုံ ခံစားခွင့်ဆိုတော့ လျော့သွားပြီ။ ဒီအတိုင်း သပ်သပ် လွှတ်ပေးတာကတော့ မဟုတ်ဘူး။"

မန္တလေး အိုးဘိုထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ ၈၀၀ ကျော် ပြန်လွတ်လာတဲ့ အထဲမှာတော့ နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်း မရှိဘူးလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ကိုညီညီကျော်က ပြောပါတယ်။

"၈၆၃ဦးပါ။ နိုင်ငံခြားသားလို့ခေါ်တဲ့ တရုတ် ကျား ၄၁ဦး၊ မ ငါးဦး ပါပါတယ်။ အမျိုးသမီး ၂၀၀ ပါပါတယ်။ အားလုံး ၈၆၃ဦးမှာ သီးသန့် အကျဉ်းသား လို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားကတော့ တစ်ယောက်မှ မပါခဲ့ပါဘူး။ ဒီမှာမန္တလေးမှာတော့ နည်းနည်းထင်ရှားတာကတော့ ဗိုလ်မှူးဝင်းနိုင်ကျော် အမှုတွဲက ဦးမောင်လွင် တစ်ယောက်ပေါ့။ သူက နိုင်ငံရေး အကျဉ်းသား စာရင်းထဲမှာ ပါပါတယ်။ သူ့ကိုပဲ မျှော်ကြတာပေါ့။ လုံးဝ ပါမလာဘူး။

အရင်နိုင်ငံရေး အကျဉ်းသားလို့သတ်မှတ်ပြီးတော့ အခုနောက်ပိုင်း မှာတော့ ပြုတ်ကျန်ခဲ့တဲ့ ကျောက်ဆည်အရေးအခင်းမှာ ဂရုတော့ ရှိပါတယ်။ သံဃာတို့၊ လူတို့ကတော့ လွတ်ပြီးသားပေါ့။ ဒါပေမဲ့ ၂၀၀၃ကဖြစ်ခဲ့တဲ့ အထဲက ဖမ်းဆီးခံရပြီး လူ ၂၀ ထဲက တချို့ အဲ့ဒီ့အဖွဲ့တွေကတော့ ယခင်က နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားပေမဲ့ အခုသတ်မှတ် ထားခြင်းမရှိဘူး။ သူတို့လည်း ကျန်ပါတယ်။ ထောင်တစ်သက် လွတ်ရက်မရှိ ပြောင်းထားတဲ့ သူတွေကို ထပ်ပြီးတော့ နှစ်၄၀ သတ်မှတ်ထားတော့ သူတို့လည်း မပါပဲ ကျန်နေခဲ့တယ်။ လွတ်ငြိမ်းက ခြွင်းချက်ရှိတဲ့ လွတ်ငြိမ်း ဆိုတာမျိုးဖြစ်နေတာပေါ့ဗျာ။"


ရာဇဝတ်ကြောင်းဆိုင်ရာ ပြစ်မူတွေနဲ့အကျဉ်းကျနေသူတွေထဲက သောကြာနေ့ညနေပိုင်းအထိ စာရင်းအရ လူဦးရေ ၇ ထောင် ကျော်လောက် ပြန် လွတ်ပေးပြီးတဲ့ အထဲမှာ မူးယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံ ထားရသူ မောင်ဝိတ် လည်း ပြန်လည် လွတ်မြောက်လာတဲ့အထဲမှာပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုသက်ဦးပြောပြတာက -

"မောင်ဝိတ်က သူက ကျတဲ့အမှုက ၃၅နှစ်လား ဒါပဲ ကျတာ။ ကျတော့ သူက ထောင်ထဲရောက်တာ အမှန်ပြောရင် နောက်ကျ တယ်။ နောက်ကျတယ် ဆိုတာလည်း ဘယ်လိုပုံစံနဲ့ လွတ်သွားလဲဆိုတာတော့ တိတိကျကျ မသိသေးဘူး။ သူတို့က ကြားထဲမှာ အယူခံတင်တာတို့ ရှိသေးတယ်။ ဥပမာ အယူခံတင်တဲ့ဆီမှာ လျော့သွားတာနဲ့ သူနေတာနဲ့ အခုလေးပုံတစ်ပုံနဲ့ အကျုံးဝင်လို့ လွတ်တာလား။ ဒါမှမဟုတ် ဒီထဲမှာ လုံးသုတ် ရောပြီးတော့ ထည့်ပေးလိုက်တာလား။ အဲ့ဒီ့အတွက် တိတိကျကျ မသိသေးဘူး။ အခု အကျဉ်းထောင်အသီးသီးက လက်ရှိစာရင်းအရ ၇၀၀၀လောက်တော့ရှိနေပြီ။ "

သမတဦးသိန်းစိန်လက်ထက်မှာ လွတ်ငြိမ်းသက်သာခွင့်၊ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် စတဲ့ အမိန့်ခေါင်းစဉ် အမျိုးမျိုးနဲ့ အကျဉ်းသားတွေကို ပြန်လွတ်ပေးခဲ့တာာ အခုထိဆိုရင် ၁၆ ကြိမ်
ရှိသွားပါပြီ။ အဲဒီ ၁၆ ကြိမ် အတွင်း ရာဇဝတ်ပြစ်မှုတွေ နဲ့အကျဉ်းကျသူ သောင်းနဲ့ ချီ ပြန်လွတ်ခဲ့ပြီးဖြစ်သလို နိုင်ငံရေး အကျဉ်းသားကတော့ တစ်ထောင်ကျော် လွတ်မြောက်ခဲ့ပြီးပါပြီ။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၂ ရက်နေ့မှာထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွေအရ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားအရေအတွက်ဟာ ၁၀ ဦးလောက်ပဲ ရှိသေးတာမို့ ၂၀၁၄ ခုနှစ်ထဲ ရောက်နေပေမဲ့လည်း အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲပါပဲ။

ဒါပေမဲ့လည်း ဇန်နဝါရီလ ၄ ရက်၊ စနေနေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာမလားလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေက မျှော်လင့်နေကြဆဲရှိပါတယ်။
XS
SM
MD
LG