သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ အစိုးရတိုက်ပွဲ ရွာသားထောင်ချီထွက်ပြေး


ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည် စခန်းတွင်းက ကလေးငယ် (ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည် စခန်းတွင်းက ကလေးငယ် (ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ခိုလှုံဖို့တွေအတွက် ကူညီထောက်ပံ့မှုတွေ လောလောဆယ် ရရှိနေပေမဲ့လည်း ကျန်းမာရေးအတွက် ဆေးဝါးထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မန်စီမြို့နယ် နန့်လင်းပါရွာကနေ တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည် ၂၀၀၀ ကျော်ထဲက တချို့ဟာ ဒီကနေ့ မန်ဝိန်းကြီးကို ရောက်ရှိလာနေသလို တချို့ကတော့ မန်ဝိန်းကြီးနားက လဂတ်ယန်စခန်းကို ဝင်ရောက်လာနေပြီး လူ ၁၀၀၀ ကျော်လောက်ဟာ လမ်းခရီးမှာပဲ ရှိနေဆဲဖြစ်ပါတယ်။ ဒီကချင်ပြည်နယ် မန်စီဒေသက ဒုက္ခသည်တွေရဲ့ လက်ရှိ အခြေအနေကိုတော့ စုံစမ်းထားတဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

မန်စီမြို့နယ်က နန့်လင်းပါရွာမှာ တနင်္ဂနွေနေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နန့်လင်းပါ ရွာသူရွာသား ၁၀၀၀ ကျော်နဲ့ နန့်လင်းပါ စစ်ရှောင်စခန်းက ဒုက္ခသည် ၁၅၀၀ ကျော်ဟာ ဗန်းမော်နဲ့ မန်ဝိန်းကြီးဘက်ကို တိမ်းရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒုက္ခသည်တချို့ဟာ မန်ဝိန်းကြီးနားက လဂတ်ယန်စခန်းကို ရောက်ရှိလာတယ် လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဝမ်ပေါင်နိန်းထွဲအဖွဲ့ တာဝန်ခံ ဒေါ်မေရီတွမ် က ပြောပါတယ်။

“အခုက ၅၀၀၊ ၆၀၀ ပတ်ဝန်းကျင်လောက်ရှိပြီ။ အခုလည်း လာနေဆဲပဲပေါ့။ လမ်းမှာပေါ့ အဲ့လိုဖြစ်နေတယ်။ ဒါပေမဲ့ အခုက ဒီနီးစပ်ရွာမှာ အရင် သူတို့က အဲ့လို ခိုလိုက်ကြတယ်။ မန်ဝိန်းကြီးမြို့ပေါ်မှာလည်း အဲ့ဒီမှာ သူတို့ သွားတာရှိတယ်။ နောက် ရွာတွေမှာ နေတာလည်းရှိတယ်။ ဒါပေမဲ့ အခု ကျမတို့ -- နဲ့ KBC တို့ ဘာသာရေးကနေ ကြည့်ပေးတဲ့ Camp မှာကတော့ ၆၀၀ ကျော်ပေ့ါနော်။ ၆၀၀ ကျော်လောက် ရောက်လာပြီ။ မနေ့ကထိ ၃၀၀ ကျော်လောက်ပဲ။ ဒီမနက်မှ ၂၀၀ ကျော်ကျော် ရောက်လာတယ်။”

ဒီလို ထွက်ပြေး တိမ်းရှောင်လာသူတွေဟာ နန့်လင်းပါရွာကနေ မန်ဝိန်းကြီးကို ၃ ရက်ခရီး လမ်းလျှောက် လာခဲ့ကြတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုင်ကယ်လ်၊ ထော်လာဂျီ စတာတွေနဲ့ သွားရောက် ကြိုဆိုနေကြတာ ဖြစ်ပါ တယ်။

လက်ရှိ လဂတ်ယန်စခန်းကို ရောက်ရှိလာသူတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ ပါဝင်သလို ကျောင်းသားကျောင်းသူ ၂၀၀ လောက်လည်း ပါဝင်တယ်။ ရောက်ရှိလာသူတွေကို အစားအစာ၊ စောင်နဲ့ အဝတ်အထည်တွေ ထောက်ပံ့ပေးထားတယ်လို့ ဒေါ်မေရီတွမ် က ပြောပါတယ်။

ဗန်းမော်မြို့က ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ
ဆောင်ရွက်ပေးနေတဲ့ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရဲ့ မန်နေဂျာ ဦးနော်ဒင်း ကတော့ ဒုက္ခသည်တချို့ဟာ မန်ဝိန်းကြီးကို ရောက်ရှိလာနေပြီး စာရင်း အတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

“ဒီနေ့ ညနေ ၃ နာရီကျော်ကျော် ၄ နာရီဝန်းကျင်လောက်ကနေ မန်ဝိန်းကြီးကို ရောက်နေပြီ။ အကုန်လုံးတော့ မရောက်သေးဘူး။ အဲ အခုမှ စာရင်းကောက်နေကြတာ။ ဝင်လာတဲ့သူကလည်း ဝင်လာ၊ ကားပေါ်ရောက်နေတဲ့သူကရောက်၊ လမ်းလျှောက်တဲ့သူက လျှောက်ဆိုတော့ တခါတည်း စာရင်း ရယူဖို့ ခက်ခဲနေတယ်။ အဲ့ဒီမှာ ကျနော်တို့ ယာယီတဲလေးတွေ ဆောက်ပြီးတော့ သူတို့ကို ကျွေးမွေးဖို့လည်း လုပ်ဆောင်နေပါတယ်။ ကြိုတဲ့သူကလည်း ကြိုပေါ့လေနော့်။ ကျနော်တို့က အဲ့ဒီမှာ သူတို့ကို နေရာချထားဖို့ လုပ်ထားပါတယ်။”

မန်စီမြို့နယ်က တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် စားရေရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် ကူညီမယ့်အဖွဲ့အစည်းတွေရှိပေမဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် ကူညီမယ့်သူတော့ မရှိသေးကြောင်း ဦးနော်ဒင်းက ဆက်ပြောပါတယ်။

“အခုလောလောဆယ် အဖွဲ့အစည်းတွေကနေ ကူမယ်ဆိုပြီး ကတိမရထားတာကတော့ ဒီ ကျန်းမာရေး စောင့်ရှောက်မှုပါပဲ။ တခြား စားနပ်ရိက္ခာတို့၊ သူတို့ရဲ့ နေရာထိုင်ခင်းတွေကတော့ ကျနော်တို့ အဖွဲ့အစည်းတွေကနေပြီးတော့ ကတိရထားတာတွေ ရှိထားပါတယ်။ ပေးမယ်ဆိုတဲ့ ကတိတွေ ရထားတာရှိပါတယ်။ အခုလောလောဆယ်တော့ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စကတော့ ဘယ်သူပေးမယ်ဆိုတာ ဘာမှ မသိရသေးဘူး။”

ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း မန်စီမြို့နယ် မုန်းဒိန်ပါရွာမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ရွာသား ၅၀၀ ကျော်ဟာ ဗန်းမော်မြို့က ဒုက္ခသည်စခန်းကို တိမ်းရှောင်ခိုလှုံခဲ့ရပါတယ်။

KIA နဲ့ အစိုးရတပ်တွေဟာ အောက်တိုဘာ လကုန်ပိုင်းလောက်က စတင်ပြီး မန်စီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ တနင်္ဂနွေနေ့က ပြန်လည်စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ အနည်းဆုံး နေရာ ၅ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး ဒီကနေ့ မနက် ၉ နာရီကလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မန်စီမြို့နယ်အခြေစိုက် KIA တပ်ရင်း ၁၂ က တပ်ရင်းမှူးက ပြောပါတယ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေ ထိခိုက်မှာ မဟုတ်ဘူးလို့ တနင်္လာနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုထားပါတယ်။

KIA နဲ့ အစိုးရတပ်တွေဟာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာ အခုဆိုရင် ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အစိုးရနဲ့ KIA အကြား အနည်းဆုံး ၁၅ ကြိမ်လောက် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးခဲ့ပေမဲ့ ခုချိန်ထိတော့ မအောင်မြင်သေးပါဘူး။
XS
SM
MD
LG