သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်ပဋိပက္ခ လှုံ့ဆော်မှု ကုလဝန်ထမ်း သုံးဦး ထောင်ချခံရ


ဇွန်လအတွင်းက ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမှာ အကြမ်းဖက်မှုအတွင်း မီးလောင်ကျွမ်းနေသော နေအိမ်။
ဇွန်လအတွင်းက ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေမှာ အကြမ်းဖက်မှုအတွင်း မီးလောင်ကျွမ်းနေသော နေအိမ်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတကာ NGO ဝန်ထမ်းသုံးဦးကို မြန်မာအစိုးရက ပြစ် ဒဏ် စီရင်လိုက်ပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကုလသမဂ္ဂဝန်ထမ်း ဆယ်ယောက်အထိ ရှိခဲ့ပေမယ့် ကျနတဲ့သူတွေကတော့ အစောပိုင်းက ပြန်လည် လွတ်မြောက် လာခဲ့ကြပြီး ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေနဲ့ ပဋိပက္ခတွေမှာ တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထား ရတဲ့ INGO ခေါ် ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းသုံးဦးကို သြဂုတ်လ ၂၄ ရက်နေ့၊ သောကြာနေ့က စီရင်ချက် ချလိုက် တာလို့ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးလှသိန်းက ဗွီအိုအေကို ပြောပြပါတယ်။

သူတို့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်တွေကို ဦးလှသိန်းက အခုလို ရှင်းပြပါတယ်။

“အမိန့်ချတာက သောကြာနေ့ကပေါ့။ ခင်မောင် ခေါ် အဏ္ဏဝါဆာဒတ်၊ သူက ပြစ်မှု ပုဒ်မ ၁၅၃ (က)၊ နောက် ၅၀၅ (ဂ)၊ အဲဒီ ပြစ်မှု နှစ်ခုအတွက် နှစ်နှစ်စီပေါ့- တပေါင်းတည်း ကျခံစေ ဆိုပြီးတော့ နှစ်နှစ်ပေါ့။ နောက် နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း ဥပဒေပုဒ်မ ၂၄ (၁) အရ တနှစ် ဆိုတော့ အဲဒီလူက သုံးနှစ်ကျတာပေါ့။ ပုဒ်မ သုံးခုအတွက် သုံးနှစ်။ နောက် ဦးခင်မောင်ဆွေ ခေါ် တာရက်၊ သူကတော့ ပြစ်မှုပုဒ်မ ၁၅၃ (က)၊ ပြစ်မှု ပုဒ်မ ၅၀၅ (ဂ)-တမှုကို နှစ်နှစ်စီ တပေါင်းတည်း ကျခံစေဆိုတော့ စုစုပေါင်း တပေါင်းတည်း ဆိုတော့ နှစ်နှစ်၊ နောက် ဒေါ်ချိုလေးမာက သူက ၁၅၃ (က) အရ နှစ်နှစ်၊ ပြစ်မှု ပုဒ်မ ၄၃၆/၁၀၉ အတွက် ငါးနှစ်၊ နောက် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ တနှစ်။ ပြစ်မှုတွေကို တပေါင်းတည်း ကျခံစေဆိုတော့ အကုန်လုံးပေါင်းလိုက်ရင် ခြောက်နှစ်။ ဒီအထဲမှာ ကျနော်တို့သိတာက အခု သုံးယောက်က UNHCR ကချည့်ပဲ။ လောလောဆယ်တော့ ဘူးသီးတောင်မှာပဲ ရှိသေးတယ်။”

သူတို့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၁၅၃(က) ကတော့ လူမျိုးစုတဖွဲ့နဲ့ တဖွဲ့အကြား ရန်ညှိုးထားစေရန်၊ မုန်တီးစိတ် ပွားစေရန်၊ သို့တည်းမဟုတ် အဲဒီလို ဖြစ်ပေါ်စေရန် အားပေး အားမြှောက်ပြုခြင်း၊ နောက် ပုဒ် ၅၀၅(ဂ) ကတော့ အများပြည်သူရဲ့အကျိုး ပျက်စီးစေမှု ကို ဖြစ်စေသော ဖော်ပြချက်၊ တနည်းအားဖြင့် တဘက်နဲ့တဘက် ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုဖြစ်ပြီး ပုဒ်မ ၄၃၆/၁၀၉ ကတော့ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှု၊ တနည်းအားဖြင့် မီးရှို့ ဖျက်စီးမှုတွေ ကို အားပေး အားမြှောက်ပြုမှုတွေ ဖြစ်ပါတယ်။

ဒီဝန်ထမ်းတွေအပေါ် ပြစ်ဒဏ် စီရင်ချက်ချလိုက်တယ်ဆိုတဲ့ သတင်းအချက်အလက်ကလွဲလို့ ကုလ သမဂ္ဂအနေနဲ့ အခုချိန်ထိ ဘယ်လိုပုဒ်မတွေနဲ့ ထောင်ဒဏ် ဘယ်နှစ်နှစ်ချတယ်ဆိုတဲ့ တရားဝင် အသိပေး အကြောင်းကြားစာ အာဏာပိုင်တွေထံက မရသေးဘူးလို့ ကုလသမဂ္ဂသတင်း နဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေကို ပြောပါတယ်။

သူတို့အပေါ် အခုလို စီရင်ချက် ချလိုက်တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂဌာနချုပ်ကပဲ ဆုံးဖြတ်ပြီး တုံ့ပြန်မယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

“ဘာမှတော့ ကျနော် မသိသေးဘူးဗျ။ ဒါပေမဲ့ Head Policy (ဌာနချုပ်ရဲ့မူဝါဒ) ဘက်ကတော့ ထုတ်မလား မပြောတတ်ဘူးဗျာ။ ဒါကတော့ သူတို့ရဲ့ဆန္ဒအတိုင်းပေါ့။”

ကုလသမဂ္ဂ ဝန်ထမ်းတွေကို အခုလို စွဲချက်တင် အပြစ်ပေးလိုက်တဲ့ကိစ္စအတွက် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ညှိနှိုင်းဆွေးနွေးပြီးမှသာ ကုလသမဂ္ဂဘက်က တစုံတရာ တုံ့ပြန်ချက် ထွက်လာနိုင်ခြေ ရှိပါတယ်။

အခု ပြစ်ဒဏ် ချမှတ်အပြစ်ပေးခံလိုက်ရတဲ့ ဝန်ထမ်း သုံးဦးဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ တာဝန်ထမ်းဆောင် နေကြတဲ့ ဌာနေ ဝန်ထမ်းတွေဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်ဆိုတာ အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က အစောပိုင်းမှာ ဗွီအိုအေကို အတည်ပြု ပြောကြားထားပြီး ဖြစ်ပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီလူတွေအနေနဲ့ အထက်ရုံးမှာ အယူခံဝင်နိုင်ခွင့်ရှိပြီး အဲဒီ အယူခံအပေါ် အခြေခံပြီး သူတို့ရဲ့ ပြစ်ဒဏ်ကို လျှော့ပေးတာမျိုး၊ ဒါမှမဟုတ်လည်း ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာက NGO အဖွဲ့အစည်းတွေက ဝန်ထမ်း ဆယ်ဦးကို မြန်မာအာဏာပိုင်တွေက အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျန်တဲ့ ခုနစ်ဦးကိုတော့ ကာလ အပိုင်းအခြားလိုက် အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

အခု ပြစ်ဒဏ် ပေးခံရတဲ့ ဝန်ထမ်း သုံးဦးဟာ နောက်ဆုံးကျန်နေတဲ့ သုံးဦးပဲ ဖြစ်ပါတယ်။
XS
SM
MD
LG