သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးနဲ့မင်းပြားမှာ ညမထွက်ရအမိန့် ထုတ်ပြန်


ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများတွင် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ယာများ။
ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများတွင် ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ယာများ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဒီနေ့အထိ ငြိမ်သက် မသွားသေးဘဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ မြောက်ဦးမြို့နယ်အတွင်းမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂါလီလို့ခေါ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား တိုက်ခိုက်မှုတွေ ဟာ ဆက်လက်ဖြစ်နေခဲ့ပြီး အထိအခိုက ်အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။ မင်းပြားမြို့နယ် ဘက်မှာတော့ စစ်တပ်က အခြေအနေကို လတ်တလော ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တကျော့ပြန် ဖြစ်ပွားလာတဲ့ ရခိုင်ပြည်နယ်အတွင်းက အုပ်စုလိုက်တိုက်ခိုက်မှုတွေ ပြည်နယ်အစိုးရက စစ်တပ်နဲ့ ရဲလုံခြုံရေး အင်အားသုံးပြီး အခြေအနေကို ငြိမ်သက်အောင် ထိန်းသိမ်းနေတဲ့ ကြားမှာပဲ ပဋိပက္ခတွေက ဒီနေ့ထိ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ် အတွင်း ဒီကနေ့ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဒေသခံ ရခိုင်အမျိုးသား တယောက်က အခုလို ပြောပါတယ်။

“အခု မြောက်ဦးမြို့နယ်တောင်ပိုင်းပေါ့နော်။ အဲဒီမှာ ယိုင်သည်ဆိုတဲ့ ကုလားရွာတရွာရှိတယ်။ အဲဒီ ကုလားရွာ ကို ကျနော်တို့ ရခိုင်ရွာကပေါင်းပြီးတော့ မီးရှို့တယ်ပေါ့နော်။ ဘာဖြစ်လို့ ရှို့ရသလဲဆိုရင် သူတို့က ရခိုင်သား တွေကို ခဏ ခဏ လာပြီးတော့ စတာပေါ့။ စပါးတွေ မီးရှို့တယ်။ နောက်ပြီး ရခိုင်က အမျိုးသမီးလေးတွေကို ဟိုဒင်း လုပ်တယ်။ အဲဒီလို အပြုအမူတွေ ခဏခဏ လုပ်တဲ့အတွက် မခံနိုင်လို့ သွားပြီးတော့ မီးရှို့တာ။ မီးရှို့ တော့ ရွာက အိမ်ခြေ ၅၀၀ေ လာက်ရှိတာ၊ အဲဒီမှာ အိမ်ခြေ ၁၀ ဆောင်လောက်နဲ့ ဗလီတစ်လုံးပဲ ကျန်တယ်။ ကျန်တာ အကုန် မီးလောင်ကျွမ်းသွားတယ်။”

ဒီအခင်းဖြစ်ပွားတာကတော့ မနက် ၈ နာရီလောက် စတင်ခဲ့တာဖြစ်ပါတယ်။

ယိုင်သည်ရွာ အခင်းဖြစ်ပွားမှုကို စစ်တပ်က ဝင်ရောက်ထိန်းသိမ်းရာမှာ ရခိုင်တိုင်းရင်းသား သုံးယောက် သေဆုံးရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က ရခိုင်က သုံးယောက်လောက် ထိတယ်။ သေဆုံးတယ်။ ထိတယ်ဆိုတာ တပ်က ထိန်းချုပ် တာပေါ့နော်။ ထိန်းချုပ်တဲ့အခါကျ ကျည်ဆံသွားထိတာပေါ့။ အဲလိုဖြစ်တာ။ သူတို့ဘက် ကလည်း အကျအဆုံး တော်တော်ရှိမှာပဲ။ အဲဒါတော့ ကျနော်တို့လည်း အတိအကျမသိဘူး။ ဒဏ်ရာရတဲ့လူနာကတော့ လေးယောက်၊ ငါးယောက်လောက် ရှိတယ်။ လောလောဆယ် အခြေအနေကတော့ အဲလောက်ပဲ ဖြစ်နေတယ်။”

လက်ရှိနေပြည်တော်မှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အစ္စလာမ်ဘာသာ ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကတော့ ယိုင်သည်ကျေးရွာမှာ အိမ်ခြေ ၄၅၃ လုံး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။ အခြား ဒေသခံတယောက်ကတော့ ညနေပိုင်းမှာ ဇီးဇာရွာမှာလည်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

မင်းပြားမြို့နယ်ဘက်မှာလည်း ဒီကနေ့ မနက်ခင်းပိုင်းက နှစ်ဘက် အင်အားစုတွေအကြား တင်းမာ မှုတွေ ဖြစ်ခဲ့ပေမဲ့ စစ်တပ်က အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်လို့ မင်းပြား ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“မင်းပြားအခြေအနေကတော့ အဲဒီလက်မရွာမှာ အုံကြွမှုတွေ နည်းနည်းဖြစ်တယ်။ တပ်မတော် ကနေပြီးတော့ အကုန်လုံး လူစုခွဲပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီ မင်းပြားဘက်ကတော့ အခြေအနေ အေးသွားပါပြီ။”

ဒီတကြိမ် ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပြန်လည်စတင်ခဲ့တာကတော့ တနင်္ဂနွေည ၁၀ နာရီလောက်က ဘင်္ဂါလီအမျိုးသားတွေ နေထိုင်ရာ ပိုက်သည်ရွာမှာ စတင်ခဲ့တာဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားတွေကတော့ ဒီ အခင်းဖြစ်ပွားမှုဟာ ဘင်္ဂါလီဘက်က ရန်စတာတွေကြောင့် ဖြစ်ရ တယ်လို့ ပြောဆိုပြီး ဘင်္ဂလီအမျိုးသားတွေ ဘက်ကလည်း သူတို့ကို ရခိုင်ပြည်နယ်က မောင်းထုတ်ချင် တာကြောင့် ရခိုင်တွေက ရန်စတယ်လို့ ပြောဆိုကြပါတယ်။

မင်းပြားနဲ့ မြောက်ဦးမြို့နယ်အတွင်း ဒီရက်ပိုင်းဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပိုက်သည်ရွာမှာ အိမ် ၁၀ လုံးကျော်၊ သရက်အုပ်မှာ အိမ်ခြေ ၁၅၀ ခန့်၊ ညောင်ပင်ဝိုင်းရွာမှာ အိမ်ခြေ ၁၀၀ ခန့်၊ အောင်ဒိုင်ရွာမှာ အိမ် ခြေ ၁၀၀ နီးပါးနဲ့ သမ်းဘလေရွာမှာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်ကျွမ်းခဲ့ပါတယ်။ လောင်ကျွမ်းသွားတဲ့ ကျေးရွာ တွေဟာ ဘင်္ဂါလီကျေးရွာတွေဖြစ်ပြီး ကိုယ့်အိမ်ကိုယ် မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောလောဆယ် မနေ့ကနဲ့ ဒီကနေ့မှာ ရခိုင်တိုင်းရင်းသား ၆ ယောက် သေဆုံးခဲ့ကြောင်း သိရပေမဲ့ ဘင်္ဂလီအမျိုးသားတွေဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်း ကတော့ ဒီကနေ့ နေ့ခင်း ၁၁ နာရီထိ ရရှိတဲ့ အပျက်အစီးနဲ့ သေဆုံးမှု အခြေအနေကို အခုလို ပြော ပါတယ်။

“ကျနော်တို့ အခုပဲ အစည်းအဝေးပြီးပါတယ်။ အသေအပျောက်က မနေ့ကအတိုင်းပဲ၊ မတိုးသေးဘူး။ ပျက်စီးဆုံးရှုံးမှုကတော့ အခု ယိုင်သည်ရွာဖြစ်တဲ့အချိန်ထိ အဆောက်အဦး ၆၆၀ ရှိပါတယ်။ အသေ အပျောက်ကတော့ မနေ့ကအတိုင်း သုံးဦးပဲ ရှိသေးတယ်ခင်ဗျ။ အသေအပျောက်စာရင်း ထပ် မတက် လာသေးပါဘူးခင်ဗျ။”

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အဓိကရုဏ်းတွေဟာ ပြီးတဲ့တဲ့ မေလအတွင်းက ကျောက်ဖြူ မြို့နယ် ကျောက်နီမော်ရွာမှာ ရခိုင်အမျိုးသမီး တယောက်ကို မူဆလင်လူငယ် သုံးယောက်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့နောက် နှစ်ဘက် အင်အားစုတွေအကြား တင်းမာမှုတွေဖြစ်ခဲ့ရာက စတင်ခဲ့တာဖြစ်ပါတယ်။

ဇွန်လတွင်း ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်းအတွင်း အနည်းဆုံး လူ ၇၇ ယောက်သေဆုံးပြီး လူနေအိမ် ၄၈၀၀ ကျော်၊ ဗလီ ၁၇ လုံး၊ ဘုန်းကြီးကျောင်း ၁၅ ကျောင်းနဲ့ စာသင်ကျောင်း သုံးကျောင်း မီးလောင် ပျက်စီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG