သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းနဲ့အဖွဲ့ စင်ကာပူရောက်


လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူနဲ့ သြစတြေးလျ နိုင်ငံတွေက လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ဖိတ်ကြားချက်နဲ့ အဲဒီနိုင်ငံတွေက လွှတ်တော်ရေးရာတွေကို သွားရောက် လေ့လာဖို့ရှိပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ လေးရက်ကြာ ရှိမှာဖြစ်ပြီး အဲဒီကနေ သြစတြေးလျနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေ အဓိက လေ့လာ ဆွေးနွေးကြမှာပါလဲ။ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါမယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စင်ကာပူ လွှတ်တော်ဥက္ကဋ္ဌ Michael Palmer ရဲ့ ဖိတ်ခေါ်မှုနဲ့ မနေ့က စက်တင်ဘာလ ၂၃ ရက်နေ့ စလို့ လေးရက်ကြာ စင်ကာပူခရီးစဉ် ရောက်ရှိနေပြီး အဲဒီကနေ သြစတြေးလျနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ သြစတြေးလျ ဆီးနိတ် လွှတ်တော်ဥက္ကဋ္ဌ John Hogg ရဲ့ ဖိတ်ကြားချက်နဲ့ လွှတ်တော်လေ့လာရေး သွားရောက်မှာ ဖြစ်တယ်လို့ ရေဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ပြောပါတယ်။

"စင်ကာပူကတော့ သြစတြေးလျသွားရင် စင်ကာပူမှာ ထရန်ဇစ် လုပ်တယ်လေ။ အဲ့ဒီထရန်ဇစ်မှာ ခဏတွေ့ဖို့ ဖိတ်မှာပေါ့လေ။ အဲ့ဒါတွေ့တာဖြစ်ပါလိမ့်မယ်။ အဓိကကတော့ လွှတ်တော်က အဲဒီကဖိတ်တယ်။ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဖိတ်လို့ သွားတာပါပဲ။ လေ့လာရေးပါပဲ။ပြီးတော့ စီးပွါးရေးလည်း တချို့ လေ့လာမယ် ပေါ့လေ။ နိုင်ငံရေး ကတော့ နိုင်ငံရေးနဲ့လွှတ်တော်ပေါင်းပြီး သွားတာပေါ့။ နောက် စီးပွါးရေး ကိစ္စမှာတော့စိုက်ပျိုးရေးနဲ့မွေးမြူရေးလောက်ပဲ ရှိမှာပါ။ ဦးအောင်သိန်းပါမယ်။ ဦးသိန်းစိန်၊ ဦးစိုးသာ၊ နောက် ယုဇနဦးဌေးမြင့်။ စီးပွါးရေးသမား တွေထဲက ပါတယ် ဆိုတာ ကိုယ်သိသလောက် ဦးဌေးမြင့်တစ်ယောက်ပဲပါတယ်။ ကျန်တာက ဦးဌေးမြင့်နဲ့ သူ့စတပ်ဖ်ပါမယ်။ နောက်လွှတ်တော်ထိမ်းသိမ်းရေး အေစီအီးကုမ္မဏီက ဝန်ထမ်းတွေပါမယ်။ ကျန်တဲ့လူတွေတော့ ကျနော်လည်းမသိဘူး၊ မမှတ်မိတော့ဘူးဗျ"

အခုသွားရောက်မယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ သြစတြေးလျနိုင်ငံရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးအဆင့် မြန်မာအစိုးရ အရာရှိတဦး ပထမဆုံး အကြိမ် သွားရောက်မယ့် ခရီးစဉ် ဖြစ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် ကြိုးစားနေချိန်မှာ ခုလို သြစတြေးလျနိုင်ငံ ခရီးစဉ်ကလည်း အရေးပါတဲ့ ခရီးစဉ်တရပ် ဖြစ်တယ်လို့ ဦးဝင်းဦးက ပြောပါတယ်။

"သြစတြေးလျကလည်း သူတို့က အရင် ဒီဆန်ရှင်တွေ အမ်ဗာဂိုတွေလုပ်ထားတာတွေ အရင်ဆုံး သူတို့ ရုတ်သွားတာလေ။နောက် ဗီဇာကိစ္စမပေးတဲ့ ကိစ္စတွေလည်း အကုန်လုံး သူတို့ဘက်က အရင်စပြီးတော့ သိမ်းသွားတာ။ အဲ့ဒီဟာပြီးကတည်းက အမြင့်ဆုံးအဆင့်သွားတာဆိုတော့ အခု လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ သွားတာပေါ့နော်။ နိုင်ငံတိုင်းကိုတော့ သွားတာ အားလုံးနိုင်ငံတိုင်းကတော့ အရေးပါတာပါပဲ။ ကိုယ်တို့နိုင်ငံက အရင်တုန်းကလို Isolative ဖြစ်နေရာကနေ အခုပြန်ပြီးတော့ ဆက်ဆံရေးတွေ အကုန်လုံးပြန်ပြီးတော့ နိုင်ငံတိုင်းနဲ့ ပြေလည်အောင် လုပ်နေတဲ့ အချိန်ဆိုတော့ ဘယ်နိုင်ငံမဆို အရေးပါတာပါပဲ"

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး ပြောသွားတာပါ။ သြစတြေးလျနိုင်ငံဟာ အရင် မြန်မာစစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင် ရှုတ်ချတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့နိုင်ငံ တခုဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်ကစလို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း သြစတြေးလျအစိုးရက ပြန်လည် ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ခိုင်မာပြီး မြန်မာလူထုရဲ့ဘဝတွေ တိုးတက်စေမယ့် နောက်ထပ် အပြောင်းအလဲ တွေအတွက် အခြေအနေ တွေ ရေရှည်မြဲမြံစေဖို့ အားပေးမယ့် ပိုမိုကြီးမားတဲ့ ထိတွေ့ဆက်ဆံမှုနဲ့ မြန်မာနိုင်ငံ ကို လက်တွေ့ကျကျ အထောက်အပံ့ပြုသွားမှာ ဖြစ်တယ်လို့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက အဲဒီအချိန်က ဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သြစတြေးလျနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာတော့ အခု စင်ကာပူ နိုင်ငံကို လေးရက်ကြာခရီး ရောက်ရှိနေပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လေးရက်ကြာ စင်ကာပူခရီးစဉ်ကနေ မြန်မာနဲ့ စင်ကာပူ နှစ်နိုင်ငံ အကြား နွေးထွေးတဲ့ ဆက်ဆံရေး ပိုပြီးတော့ ခိုင်မာစေမှာဖြစ်သလို ခရီးစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌအပြင် စင်ကာပူ ဝန်ကြီးချုပ် Lee Hsien Loong, ယာယီသမ္မတ JY Pillay နဲ့ ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ အကြီးတန်း ဝန်ကြီး Goh Chok Tong တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ Chanelnewsasia သတင်းမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG