သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေပြင်ဆင်ရေး အုပ်ချုပ်ရေးပိုင်းကဏ္ဍ ဦးရွှေမန်း ပြော


ပြည်ထောင်စုလွှတ်တော် နာယတာဝန်ယူအပြီး ပထမဆုံးအကြိမ် ပြည်တွင်ပြည်ပသတင်းထောက်များနဲ့ တွေ့ဆုံခဲ့သော သူရဦးရွှေမန်း (သြဂုတ်၊ ၁၆၊ ၂၀၁၃)
ပြည်ထောင်စုလွှတ်တော် နာယတာဝန်ယူအပြီး ပထမဆုံးအကြိမ် ပြည်တွင်ပြည်ပသတင်းထောက်များနဲ့ တွေ့ဆုံခဲ့သော သူရဦးရွှေမန်း (သြဂုတ်၊ ၁၆၊ ၂၀၁၃)
၂၀၀၈ ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေကို ပြောင်းလဲနိုင်ဖို့ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေးကော်မတီက ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းရဲ့ ပူးပေါင်းလုပ်ဆောင်မှုကလည်း အဓိကကျတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ လွှတ်တော်နဲ့အစိုးရအဖွဲ့အကြား လုပ်ဆောင်တာတွေ မတူတာကြောင့် တင်းမာမှု တချို့ရှိတယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ သြဂုတ်လ ၁၆ ရက်၊ သောကြာနေ့က နေပြည်တော်၊ လွှတ်တော် အဆောက်အဦးမှာ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ သတင်းထောက်တွေ တွေ့ဆုံချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေကို လေ့လာသုံးသပ်မှုတွေပြန်လုပ်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီ အနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ဘယ်လောက်ထိ အမြန်ဆုံးပြီးအာင်လုပ်နိုင်မလဲ ဆိုတာကတော့ ကော်မတီတွင်း ပါဝင်ဆောင်ရွက်နေကြသူတွေရဲ့ လုပ်နိုင်တဲ့ပေါ်မှာ မူတည်ပြီးတော့ အုပ်ချုပ်ရေးပိုင်းအစိုးရရဲ့ ပါဝင်ဆောင်ရွက်မှု လည်း အရေးကြီးတယ်လို့ သြဂုတ်လ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မီဒီယာနဲ့ သီးသန့်တွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးသွားပြီ။ ဖွဲ့စည်းပြီးတဲ့အတွက် သူတို့တတွေ စပြီးတော့ ဆောင်ရွက်တော့မယ်။ ဘယ်လောက် အတိုင်းအတာအထိ ပြီးမလဲဆိုတာကတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ပါဝင်မှုရှိတဲ့ဟာမှာ အဓိကက အုပ်ချုပ်ရေးဘက်က ပါဝင်မှုက အရေးကြီးပါတယ်။ ဥပဒေပြဌာန်းတဲ့နေရာမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ပါဝင်မှု အများကြီးအရေးကြီးပါတယ်။ ဒီအပေါ်တည်ပြီးတဲ့အခါမှာ ဘယ်လောက်အတိုင်းအတာအထိ ပြီးမယ်ဆိုတာကတော့ အဲဒီရဲ့ ပါဝင်မှုအပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်။”

ဖွဲ့စည်းပုံကို ပြင်ဖို့ အဓိကတာဝန်ရှိတာကတော့ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဖို့ ကြိုးစားနေတဲ့ လွှတ်တော်က ဖြစ်ပြီးတော့ ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒခံယူပွဲတွေ လုပ်ဖို့လိုလာပြီ ဆိုရင်တော့ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဥပဒေရဲ့အောက်မှာ အကုန်လုံး ဖြစ်နိုင်အောင် လုပ်နိုင်ခြေရှိလို့ရှိရင် ဒါဟာ ပထမအဆင့် အောင်မြင်မှုပေါ့။ အခု လုပ်နေတဲ့ ကော်မတီက ဘယ်အပိုဒ်တွေကို စဉ်းစားမယ်၊ ဘယ်အပိုဒ်တွေကို ပြင်ဖို့လိုတယ်၊ အများဆန္ဒက ဘယ်လိုရှိတယ်ဆိုတာ လွှတ်တော်က အရင်စရမှာပါ။ အာဏာပိုင်တွေဘက်တော့ အခုနက ပြောသလိုပေါ့။ ပြင်ပနဲ့ပတ်သက်တဲ့ကိစ္စတွေ လုပ်တဲ့အခါမှာ ပြည်သူ့ဆန္ဒခံယူတဲ့ ကိစ္စတွေမျိုးမှာတော့ အုပ်ချုပ်ရေးပိုင်းက ပံ့ပိုးရလိမ့်မယ် ထင်တယ်ဗျ။ အဲလောက်ပဲ ကျနော်လည်း မြင်တယ်လေ။”

အုပ်ချုပ်ရေးပိုင်းတာဝန်ယူနေတဲ့ အစိုးရအဖွဲ့နဲ့ ဥပဒေပြုရေးပိုင်းကို တာဝန်ယူထားရတဲ့ လွှတ်တော်ပိုင်းမှာ တင်းမာမှုအခြေအနေတွေ၊ သဘောထားကွဲလွဲမှုတွေ ရှိနေတာဟာ သဘောသဘာဝခြင်းမတူတဲ့ အုပ်ချုပ်ရေးယန္တရားနှစ်ခုကြောင့်ဖြစ်ပြီးတော့ ဒီနှစ်ခုဟာ တစ်သဘောထားတည်းတော့ ရှိမှာမဟုတ်ဘူးလို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်ရေးအဖွဲ့ပဲလေ။ ဥပဒေပြုရေးက ဥပဒေပြုရေးအဖွဲ့ပဲလေ။ တထပ်တည်းလည်း တာဝန်လည်းမတူဘူး၊ လုပ်ငန်းလည်းမတူဘူး။ သဘောထားချင်းလည်း တူချင်မှ တူမှာ။ ဒါပေမဲ့လို့ အဓိကရည်မှန်းချက်ကတော့ နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားကို လွှတ်တော်က ဥပဒေတွေ ပြုပေးတယ်။ ဒီလိုပြုပေးထားတဲ့ ဥပဒေတွေကို သက်ဆိုင်ရာ တာဝန်ရှိတဲ့အဖွဲ့တွေက လိုက်ပါဆောင်ရွက်ရမယ်။ လိုက်ပါဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ အဲဒီသဘောထား ကွဲလွဲမှုသည် အကြီးမားဆုံး သဘောထားကွဲလွဲမှုဖြစ်မယ်။ အဲဒီအခါကျလို့ရှိရင် ဘာကြောင့် မလိုက်ပါတာလဲ၊ ဘာကြောင့် ဥပဒေနဲ့အညီ မလုပ်တာလဲ။ ဒီအပိုင်းကျတော့ လွှတ်တော်က လုပ်မယ်။ Check and Balance လိုမယ်ဆိုရင် ဒိထက်ကြီးမားသော ပြောဆိုမှုတွေလည်း ဖြစ်လာလိမ့်မယ်။ ဒါကြောင့်မို့လို့ သဘောသဘာဝချင်းမတူတဲ့အတွက် နိုင်ငံတိုင်းမှာ လွှတ်တော်နဲ့ အုပ်ချုပ်ရေးဆိုတာကတော့ သဘောထား တထပ်တည်းမရှိပါဘူး။”

လွှတ်တော်မှာလာပြီးတော့ အစိုးရအဖွဲ့က ကတိကဝတ်ပေးပြီးပေမဲ့ တကယ်တမ်း ဆောင်ရွက်တာမျိုးတွေမရှိရင်တော့ လွှတ်တော်က စောင့်ကြည့်အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပြောဆိုတာတွေလည်း လွှတ်တော်က လုပ်ဆောင်နေပါတယ်လို့ သူရ ဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကရာထူး ရယူပြီးချိန်ကတည်းက မီဒီယာတွေနဲ့ တွေ့ဆုံမှုတွေ မရှိခဲ့တဲ့အတွက် သူအနေနဲ့ ဒီကနေ့မှာ အချိန်ယူပြီးတော့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။ ဒီကနေ့ နေ့လည်း တစ်နာရီမှာ လွှတ်တော်ခန်းမ အဆေက်အအုံအတွင်းမှာပဲ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေနဲ့ မိနစ် ၄၀ ကြာ တွေ့ဆုံအပြီး- ဥပဒေပြုရေးပိုင်း လွှတ်တော်အနေနဲ့ ပြည်သူအတွက် အကောင်းဆုံး ဆောင်ရွက်နေတယ်ဆိုပြီးတော့ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ မီဒီယာတွေ့ဆုံပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစောပိုင်းက တက်ရောက်ဖို့ ရှိတယ်လို့ ပြောထားပေမဲ့ သူမရဲ့ အစည်းအဝေးတစ်ခုနဲ့ တိုက်ဆိုင်နေတဲ့အတွက် မလာနိုင်တာဖြစ်တယ်လ့ိုလည်း သူရဦးရွှေမန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်ခင်ဗျား။
နေပြည်တော်မှာ သြဂုတ်လ ၁၆ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံနေသော သူရဦးရွှေမန်း။
နေပြည်တော်မှာ သြဂုတ်လ ၁၆ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံနေသော သူရဦးရွှေမန်း။
XS
SM
MD
LG