သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာရေး ဝန်ကြီးသစ် အပေါ် အမြင်တချို့


သူရဦးအောင်ကိုနဲ့ သတင်းထောက်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- သူရဦးအောင်ကို FB)
သူရဦးအောင်ကိုနဲ့ သတင်းထောက်တွေ တွေ့ဆုံ။ (သတင်းဓာတ်ပုံ- သူရဦးအောင်ကို FB)

အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပေါ်အောင် တားဆီးကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သာသနာရေးဝန်ကြီး အဖြစ် လျာထားခံရတဲ့ သူရဦးအောင်ကိုက မနေ့က ပြောကြားလိုက်ပါတယ်။ အစိုးရသစ်ကို ကြိုဆိုနေတဲ့ စိန်ခေါ်မှုတွေမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အဓိက သွေးခွဲလှုံဆော်ပြီး အတားအဆီးလုပ်လိုသူတွေ ရှိကောင်းရှိနိုင်မှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ အခုလို အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်လာနိုင်ခြေ ရှိတယ်လို့ သူရဦးအောင်ကို ဘာကြောင့် ယူဆသလဲ။ သာသနာရေးဝန်ကြီးဖြစ် လာမယ့် သူ့အပေါ် သံဃာတော်တွေဘက်က ဘယ်လိုမြင်ပါသလဲ။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ဝန်ကြီးတွေနဲ့ ဒေါ်စုတွေ့ဆုံ
ဝန်ကြီးတွေနဲ့ ဒေါ်စုတွေ့ဆုံ

မနေ့ သောကြာနေ့က နေပြည်တော်မှာ အရပ်သားဝန်ကြီး (၁၄)ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ်တွေ့ဆုံပွဲအပြီး သာသနာရေး ဝန်ကြီးအဖြစ် လျာထားခံရတဲ့ သူရဦးအောင်ကိုက သတင်းထောက်တွေ နဲ့တွေ့ဆုံရာမှာ အစိုးရသစ်လက်ထက် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ပေါ်အောင် သူ့အနေနဲ့ ကာကွယ်တားဆီး ကြိုးပမ်း လုပ်ဆောင် သွားမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။

" သာသနာရေးက သာမန်အားဖြင့် ကြည့်လိုက်ရင် သာသနာရေးပဲ သို့သော် သာသနာရေးနဲ့ပတ်သက်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေဟာ တခါတလေမှာ နိုင်ငံရေးဖြစ် သွားတတ်တယ်။ အစိုးရသစ်ရဲ့ လုပ်ငန်းသစ်တွေ စလုပ်တဲ့အခါမှာ အောင်မြင် လိုတဲ့ အောင်မြင်စေလိုတဲ့ ပြည်သူပြည်သားတွေ အဖွဲ့အစည်းတွေ နိုင်ငံတကာတွေ ရှိသလိုပဲ မအောင်မြင်စေချင်တဲ့ ခေတ်နောက်ပြန်ဆွဲ လိုတဲ့ အဖွဲ့အစည်းအချို့လည်း ရှိကောင်းရှိနိုင်ပါတယ်။ ရှိတဲ့အခါကျတော့ လူမှုအဖွဲ့အစည်းထဲမှာ မငြိမ်မသက်ဖြစ်အောင် လုပ်မှာ တို့ ဘာတို့လည်း မရှိဘူးလို့ မပြောနိုင်ဘူး။ ရှိလာနိုင်တယ်။ အဲ့ဒီ့အခါမှာပေါ့လေ အစိုးရသစ်ကို စိန်ခေါ်မှုတွေကလည်း စောင့်ကြည့်နေကြဦး မှာပဲ။

အဲ့လို စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့အခါမှာ စိန်ခေါ်မှုတွေထဲမှာ ဘာသာ၊ သာသနာနဲ့ လူမျိုးရေးကို အဓိက သွေးခွဲပြီးတော့မှ လုပ်တဲ့ အတားအဆီးပြဿနာတွေကလည်း အဓိက စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်တယ်။

ဒါမျိုးတွေကို ဘာသာရေး သတိရှိရှိ နိုင်ငံရေး သတိရှိရှိနဲ့ တားဆီးကာကွယ်နိုင်ဖို့ အတွက်ကို မြန်မာနိုင်ငံမှာ ခြောက်သိန်းကျော်ရှိတဲ့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် နဲ့ ထိတွေ့ပါမယ်။ နားလည်မှု တည်ဆောက်ပါမယ်။ ပြီးရင် ကျန်တဲ့ဘာသာတွေဖြစ်တဲ့ တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ် ဘာသာ သာသနာ၊ ဟိန္ဒူ ဘာသာသာသနာ အဲ့ဒီ့အပြင် တခြားဘာသာငယ်တွေ ရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်။ ပြီးရင် ဘာသာကြီးလေးရပ် စိတ်ဝမ်းမကွဲကြေး သူများသွေးထိုးသွေးခွဲတိုင်း မယုံကြည်ဖို့အတွက်ကို အစီမံရေးဆွဲဖို့အတွက် လုပ်ပါမယ်။ "

အခုလို သူရဦးအောင်ကိုပြောသွားတဲ့အပေါ်မှာ အပြည်ပြည်ဆိုင်ရာရဟန်းတော်များ အဖွဲ့ချုပ် (ကနေဒါနိုင်ငံ)ဆိုင်ရာ ဥက္ကဋ္ဌ ဆရာတော်ဦးကောဝိဒ သုံးသပ်တာကတော့

" ဘုန်းဘုန်းရဲ့ယူဆချက်ကတော့ မဘသကို ရည်ရွယ်ပြီးပြောတယ်လို့ ထင်တယ်။ မဘသကလည်း တချိန်လုံး အခုတက်လာတဲ့ ဒီမိုကရေစီအစိုးရကို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေတာတွေ တွေ့ရတယ်လေ။ အဲ့တာတွေက မလုပ်သင့် မလုပ်ကောင်း မလုပ်ထိုက်တဲ့ အရာတွေဖြစ်ပါတယ်။"

ဒါအပြင် စစ်အစိုးရလက်ထက်အပါအဝင် အရင် သမ္မတဦးသိန်းစိန် လက်ထက်မှာ နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ရဲ့နာမည်ပျက်ခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း အခုလို ဆက်လက် မိန့်ကြားပါတယ်။

"ရာထူးကနေ သက်တမ်းစေ့လို့ ထွက်သွားရတော့မယ့် အစိုးရ လက်ထက်မှာ နိုင်ငံတော် သံဃာ့ မဟာနာယက အနေနဲ့ တော်တော်လေး ဆိုးဆိုးဝါးဝါး နာမည်မကောင်း ဖြစ်သွားတာ တွေ့ရတယ်။ ဥပမာအားဖြင့် လက်ပံတောင်း သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ အပစ်ခံရတဲ့ ကိစ္စတွေ နောက် တော်တော်များများ ကိစ္စတွေ နောက် ရွှေဝါရောင်တော်လှန်ရေး တုန်းက မစိုးရိမ်စာသင်တိုက်မှာ သံဃာတော်တွေ ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ ကိစ္စမှာ နိုင်ငံတော် သံဃာ့ မဟာနာယက အနေနဲ့ တခွန်း တပါဒမှ ပြောဆိုခဲ့ခြင်း မရှိဘူး။ မရှိတော့ ဝန်ကြီးဖြစ်လာမယ့် သူရဦးအောင်ကိုက ပြော သွားတယ်။ နိုင်ငံရေးအသုံးချခံတွေဖြစ်သွားနိုင်တယ်ဆိုတာ အဲ့ဒီ့တော့ ဘုန်းဘုန်းတို့အနေနဲ့ကတော့ ပြန်ပြီးတော့ သန့်သန့်ရှင်းရှင်း သံဃာ့အဖွဲ့အစည်း ကြီး ပြန်ပြီး ဖြစ်ပေါ်စေချင်တယ် အခု အစိုးရသစ်လက်ထက်မှာ သံဃာတော်တွေရဲ့ ဆန္ဒအတိုင်းပေါ့လေ။"

NLD အစိုးရသစ်အနေနဲ့ ဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ်ကိုင်တွယ်မယ်ဆိုရင် ဘာသာရေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မြင်ကြောင်း အမေရိကန်ပြည်ထောင်စု Los Angeles မြို့ မှာ သတင်းသုံးတဲ့ သံဃာတော် အရှင်ဂုနိဿရက မိန့်ကြားပါတယ်။

" ဒီလိုပြဿနာတွေဖြစ်ရခြင်းရဲ့ အကြောင်းရင်းဆိုတာက ဥပဒေတွေ မခိုင်မာလို့ဖြစ် တာပေါ့နော်။ အဲ့ဒီ့တော့ ရဟန်းသံဃာတော်တွေက တရားဥပဒေတွေ ရှိတယ်။ အပြင်ဥပဒေတွေက ဘယ်လိုရှိလဲ အဲ့ဒီ့စည်းကမ်းဥပဒေတွေ တိတိကျကျထားရင် ဒါတွေ လိုက်ပြောနေရစရာမလိုဘူး။ အစိုးရသစ်အပြောင်းအလဲမှာ ဦးဇင်းတို့ သာသနာရေး ဘာသာရေးဆိုတာကတော့ အစိုးရကောင်းလာလို့ရှိရင် ရေမြင့် ကြာမြင့်ဆိုသလိုပဲ အစိုးရက ချီးမြှောက်မှု ထောက်ပံ့မှုများရင် ရေမြင့်ရင် ကြာမြင့်မယ် ရေနိမ့်ရင် ကြာနိမ့်မယ် ဆိုသလိုပါပဲ သာသနာကလည်း မြင့်မား တိုးတက်ပြီးတော့ အခွင့်အလမ်းတွေ အများကြီး နိုင်ငံခြားသာသနာပြုတွေ ပြည်တွင်း မှာ လည်း သာသနာပြုဖို့ လိုအပ်တဲ့ကိစ္စတွေမှာရော နောက် တခြားဘာသာတွေကိုလည်း ဘာသာရေးနဲ့ တွဲပြီး ထိရောက်အောင် လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်သလို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တာပေါ့။ "

အစိုးရသစ်လက်ထက် ရက်ပေါင်း(၁၀၀)အတွင်း သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်နဲ့ နားလည်မှုတည် ဆောက်မှာဖြစ်တယ်လို့လည်း သူရဦးအောင်ကိုက သတင်းထောက်တွေကို ပြောပါတယ်။ ဒါအပြင် ဝန်ကြီးသစ်တွေအနေနဲ့ စံပြအဖြစ်ခြိုးခြံနေထိုင်ဖို့၊ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အရပ်သားဝန်ကြီး (၁၄)ဦးနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့လည်း သူရဦးအောင်ကိုက ပြောသွားပါတယ်။

XS
SM
MD
LG