သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း တရုတ်ခရီးစဉ်စတင်


ူသူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးစတင်
ူသူရဦးရွှေမန်းရဲ့ တရုတ်ပြည်ခရီးစတင်

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဦး ဆောင်ပြီး ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အဖွဲ့ဝင် လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့ပဲ တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဓိက သွားရောက်တာဖြစ်ပြီး လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေနဲ့ လာမယ့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေကိုလည်း ခရီးစဉ်အတွင်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းရဲ့ တရုတ်နိုင်ငံခရီးစဉ်အကြောင်း မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

တရုတ် ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ်တရပ် ဒီကနေ့ပဲ စတင်လိုက်တာပါ။ ဒီခရီးစဉ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အမတ်တွေ အဓိက လိုက်ပါ သွားတာဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဓိက သွားရောက်တဲ့ခရီးစဉ်ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောပါတယ်။

“အစိုးရဖိတ်တာက ပါတီလိုင်းကလေ။ ပါတီက ဖိတ်တာပါ။ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်တဲ့အခါကျတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ သွားတာပါပဲ။ ပါသွားတဲ့ပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေပဲ။ ကြည့်လိုက်လို့ရှိရင် တွေ့ရပါလိမ့်မယ်။ ဦးသိန်းဇော်တို့၊ သူရဦးဝင်းမြင့်တို့။ ဒါပေမယ့် သူတို့လည်း တချိန်တည်းမှာပဲ သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်နေတယ်လေ။ ဟုတ်ကဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်နေတယ်။ သွားရင်တော့ဗျာ- ကျနော်တို့က နှစ်နိုင်ငံချစ်ကြည်ရေးက ထိပ်ဆုံးကပေါ့လေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးက ထိပ်ဆုံးက၊ နောက်ပြီး ပါတီအချင်းချင်း၊ ကျနော်တို့နဲ့- ပြည်ထောင်စု ကြံ့ခိုင်ရေး-ဖွံ့ဖြိုးရေးပါတီနဲ့လည်း တရုတ်ကွန်မြူနစ်ပါတီနဲ့ကလည်း ကျနော်တို့ အဆက်အသွယ်ရှိပါတယ်။ အရင်တုန်းကလည်း ကိုယ်စားလှယ်အဖွဲ့တွေ သွားတာတွေ ရှိပါတယ်။ ကျနော်တို့ လွှတ်တော်အနေနဲ့ကြည့်မယ် ဆိုရင် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ကိုပဲ၊ သူက နှစ်ကြိမ်လောက် သူသွားပြီးသွားပါပြီ။ သွားပြီးတဲ့အခါမှာ MPC ဥက္ကဋ္ဌ တို့ ဘာတို့နဲ့တွေ့တယ်။ သူတို့ဆီက MPC ဥက္ကဋ္ဌလည်း လာတယ်ပေါ့လေ။ ဟိုမှာလည်း ကျနော်တို့ တွေ့တဲ့အခါကျတော့ ဝန်ကြီးချုပ်တို့၊ နိုင်ငံတော်သမ္မတတို့၊ တရုတ်သမ္မတတို့နဲ့တွေ့တာတွေ ရှိပါတယ်ခင်ဗျ။”

ဒီခရီးစဉ်တွင်း ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျ မသိရပေမဲ့ ပြည်ထောင်စု လွှတ်တော်နာယကအနေနဲ့ သွားရောက်တဲ့ ခရီးစဉ်မှာ လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေနဲ့ လာမယ့် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကိုတော့ ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ ဦးလှမြင့်ဦးက ပြောပါတယ်။

“လွှတ်တော်နဲ့ဆိုင်ရာ အဓိကကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဟို… သူ့ဘက်ကတော့ လွှတ်တော်ဆိုင်ရာကိစ္စကတော့ နည်းမယ်ထင်တယ်၊ ကျနော်ထင်တာလေ။ ဆွေးနွေးတာဆိုရင်တော့ တွေ့ကြမှာကို၊ တွေ့ကြမယ်ဆိုတဲ့အခါကျတော့ လွှတ်တော်ဆိုင်ရာကိစ္စ၊ လွှတ်တော်မှာ လုပ်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း မေးမြန်းတာတွေလည်း ဖြစ်နိုင်တာပေါ့။ ကျနော်တို့ရွေးကောက်ပွဲ၊ လာတော့မယ့် ရွေးကောက်ပွဲကိစ္စတို့၊ လွှတ်တော်မှာပြုတဲ့ ဥပဒေတွေ ကိစ္စတို့၊ ဘာတို့…. ဒါလည်း မေးနိုင်ပါတယ်။ ဒါတွေလည်း မေးနိုင်ပါတယ်နော်။ ဆွေးနွေးနိုင်ပါတယ်။”

လက်ရှိ တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ရော အခု ခရီးစဉ်တွင်း ဆွေးနွေး ပြောဆိုမှုတွေ ရှိနိုင်ပါသလား။ ဦးလှမြင့်ဦးကတော့ ခုလို ပြောပါတယ်။

“အဲဒီကိစ္စကတော့ ဟိုနေ့ကလေ- မကြာသေးခင်ကပဲ ကျနော်တို့နဲ့ သမ္မတကြီးနဲ့ ဟိုမှာ တွေ့လာခဲ့တော့လေ- ကျနော်တို့ စီမံအုပ်ချုပ်ရေးပိုင်းက အုပ်ချုပ်ရေးပိုင်း ဆွေးနွေးတဲ့အပိုင်းတွေ ရှိခဲ့မှာပါပဲ။ ကျနော်တို့ ဒီမှာထုတ်တဲ့သတင်းတွေအရဆိုရင်လည်း ကျနော်တို့နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒီမြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးတာတွေ ဘာတွေ ရှိခဲ့တယ်ဆိုတာ ဒီ သတင်းစာထဲမှာ ဖော်ပြထားပါတယ်။”

လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို တရားဝင် ခရီးစဉ်တွေ သွားရောက်ခဲ့သလို၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုရေးပါတီတို့ကြား ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ သူရ ဦးရွှေမန်းအနေနဲ့ ဒီလ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပြီး အဲဒီနောက် အမေရိကန် ပြည်ထောင်စုကိုလည်း လာရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG