အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရဲ့ဖိတ်ကြားချက်နဲ့ အမေရိကန်ပြည်ထောင်စုကို ဧပြီလ (၃၀) ရက် ကြာသာပတေးနေ့က ရောက်ရှိ လာတဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အထင်ကရဖြစ်တဲ့ အမေရိကန် ကွန်ဂရက် အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဧပြီလ (၃၀) ရက်နေ့က မေလ (၆)ရက်နေ့အထိ တပတ်ကြာမြင့်မယ့် ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကုန်သွယ်စီးပွားရေး အခွင့်အလမ်းတွေကိုလည်း အပြန်အလှန်ဆွေးနွေးဖို့ရှိပါတယ်။ အလားတူ ဝါရှင်တန်ဒီစီ ကိုရောက်နေတဲ့ အခြားမြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ လည်း အမေရိကန်ပြည်နယ်ရွေးကောက်ပွဲတွေကို သွားရောက်လေ့လာဖို့ရှိနေတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။
သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် အထက်လွှတ်တော် လူအများစုခေါင်းဆောင် ရီပါပလင်ကန်လွှတ်တော်အမတ် Mitch McCornell၊ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် ဒီမိုကရက် လွှတ်တော် အမတ် Nancy Pelosi ၊ အောက်လွှတ်တော် ဒီမိုကရက်အမတ် Joe Crowly နဲ့ အောက် လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ အာရှနဲ့ ပစိဖိတ် ဆပ်ကော်မတီ ဥက္ကဋ္ဌ Matt Selmon တို့နဲ့ ကြာသာပတေးနေ့က သီးခြား စီတွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာတွေကို အဓိကပြောဆိုဆွေးနွေး ခဲ့ကြပါတယ်။ ဒါအပြင် သူရဦးရွှေမန်းဦးဆောင်တဲ့အဖွဲ့ဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Anthony Blinken နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် ရဲ့ အမေရိကန် အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် Ben Rhodes တို့နဲ့ မေလ (၄)ရက် တနင်္လာနေ့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေး မှာဖြစ် ပါတယ်။ မြန်မာ့ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့အဓိက ထားဆွေးနွေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကပြောပါတယ်။
သူရဦးရွှေမန်းရဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တို့က ဖိတ်ကြားခဲ့တာဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။
၂၀၁၄ ခုနှစ် သြဂုတ်လ (၂၀) မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကနေမြန်မာလွှတ်တော် ကိုယ်စားလှယ်တွေကို အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ အမေရိကန်အစိုးရ အဖွဲ့ဝင်တွေ၊ အမေရိကန် ကွန်ဂရက်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးပြောဆိုဖို့ဖိတ်ခေါ်ခဲ့တာပါ။
အလားတူ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ကလည်း ကွန်ဂရက် အမတ်တွေနဲ့ တွေ့ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို ထပ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်လို့ ပြောသွားတာပါ။
ပြီးခဲ့တဲ့သတင်းပတ်တွေက မြန်မာအစိုးရက တနှစ်ကို အမေရိကန်ဒေါ်လာ (၈၄၀၀၀၀) နဲ့ စာချုပ်ချုပ် ငှားရမ်းခဲ့တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Podesta အကျိုးဆောင် အဖွဲ့နဲ့လည်း သူရဦးရွှေမန်းဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ အပြီး နောက် တက်မယ့် အစိုးရအဖွဲ့မှာ သူရဦးရွှေမန်းကို သမ္မတလောင်း အဖြစ် အဆိုပြုခံရမယ်လို့ အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
သူနဲ့အတူ ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကုန်သွယ်ရေးနဲ့ စီးပွားဖွံဖြိုးတိုးတက်ရေးရာ ကော်မတီဝင် ဦးဝင်းသန်းနဲ့ ဒေါက်တာ ဝင်းမြင့်၊လယ်သမား၊ အလုပ်သမားနဲ့ လူငယ် ရေးရာကော်မတီဝင် ဦးသိန်းထွန်းတို့ လိုက်ပါလာပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင် စုရွေးကောက်ပွဲလေ့လာဖို့ ဧပြီလ (၂၅)ရက်နေ့က ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ မြန်မာလွှတ်တော်နဲ့ အရပ်ဖက် ကိုယ်စားလှယ် (၁၂)ဦးပါ အဖွဲ့ဟာ အမေရိကန်ရဲ့ နိုင်ငံရေးစနစ် ကိုလေ့လာနေ တယ်လို့ ခရီးစဉ်မှာ ကိုယ်တိုင် ပါဝင်သူတဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကပြောပါတယ်။
"အစပိုင်းမှာတော့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေ၊ အထူးသဖြင့် ကွန်ကရက် ဘယ်လောက် ပါဝါရှိသလဲ။ ပြည်နယ်တွေကို ဘယ်လို decentralized လုပ်သလဲ။ ပါဝါတွေ ဘယ်လို အပ်နှင်းထားသလဲ။ ပြည်နယ်က ပါလီမန်တွေရဲ့ အခြေအနေ အခုလောလောဆယ် စာတွေ့ လေ့လာနေတာပေါ့၊ စာတွေ့ ဆိုတဲ့နေရာမှာ ပညာရှင်တွေက ပြောပြတယ်။ နောက်တခါ State Department က Officials တွေက ရှင်းပြတယ်ပေါ့နော်။ အဲ့ဒီ့အနေအထားပဲ ရှိသေးတယ်ပေါ့နော်။ အခုလောလောဆယ်တော့။"
မေး။ ။ အဲ့တော့ အမေရိကန် ရွေးကောက်ပွဲနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ အခြေအနေနဲ့ပေါ့နော်။ ဘယ်လို ကွာခြားတာတွေ တွေ့ရလဲရှင့်။
"အဲ့တော့ အမေရိကန်နိုင်ငံမှာက ပြည်ထောင်စု အစိုးရလို့ ပြောရမှာပေါ့နော်။ အမေရိကန်အစိုးရကြီးက ပြည်နယ်အသီးသီးက ရွေးကောက်ပွဲတွေကို လုံးဝ ဝင်မစွက်ဖက်ဘူး။ သူက လုံးဝ ပြည်နယ်အသီးသီးက ရွေးကောက်ပွဲတွေကို လွတ်လပ်ခွင့်ပေးထားတယ်။ အဲ့တော့ ပြည်နယ် တခုခြင်းမှာ ပြည်နယ် တခုနဲ့တခု မတူတဲ့ စံနှုန်းတွေရှိတယ်။ ရွေးကောက်ပွဲကို ဘယ်လိုလုပ်မယ်။ ဘယ်လိုစီမံခန့်ခွဲမယ်။ ဆိုတာကအစ ကိုယ့်ပြည်နယ်ရဲ့ အနေအထားအပေါ်မှာ မူတည်ပြီး သတ်မှတ်တယ်။ မဲဆန္ဒနယ်တွေ သတ်မှတ်တာကအစပေါ့နော်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ Standard ဖြစ်စရာ မလိုဘူး။ ဒီပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကြီးက အနိမ့်ဆုံး စံသတ်မှတ် ချက် တွေကို ပြဋ္ဌာန်းပေး လိုက်တာပဲရှိတယ်။ ပြည်နယ်တခုချင်းစီက သူတို့ရဲ့ပြည်နယ်ရဲ့ သဘော သဘာဝနဲ့ ရှိတဲ့လူဦးရေနဲ့ ကိုက်ညီတဲ့ လွှတ်တော်ကို သူတို့ဖန်တီးတယ်။ သူတို့ပြည်နယ်နဲ့ သူတို့ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲတဲ့ အတွက်ကြောင့်မို့လို့ တကယ်ကို လူထုရဲ့ သဘောထား ၊ လူထုရဲ့ အသံကို အပြည့်အဝ ရနိုင်မယ့် အနေအထား ကို သူတို့ဖန်တီးထားတာ တွေ့ရတယ်။"
သုံးပတ်ကြာမယ့် သူတို့ခရီးစဉ်အတွင်း အင်ဒီယားနားပြည်နယ်ရွေးကောက်ပွဲ ကျင်းပပုံကို သွားရောက်လေ့လာကြမှာဖြစ်ပြီး တက္ကဆက် နဲ့ ကယ်လီဖိုနီးယားပြည်နယ်တွေမှာလည်း လေ့လာဖို့ရှိပါတယ်။