သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အခက်အခဲ သူရဦးရွှေမန်း တင်ပြ


လွှတ်တော်နာယက သူရဦးရွှေမန်း (ဓာတ်ပုံ - H.E. Thura U Shwe Mann)
လွှတ်တော်နာယက သူရဦးရွှေမန်း (ဓာတ်ပုံ - H.E. Thura U Shwe Mann)

“လက်ညှိုးထောင် ခေါင်းညိတ် မည်ကာမတ္တ လွှတ်တော်မျိူး”မဖြစ်အောင် ခံယူ ဆောင်ရွက်ခဲ့တဲ့အတွက် အခက်အခဲများစွာ ကြုံခဲ့ရတယ်လို့ သူရဦးရွှေမန်းက လွှတ်တော် အစည်းအဝေးတွေ မကြာခင် စတင်တော့မယ့်အချိန်မှာပဲ ပြောဆိုလိုက်ပါတယ်။

သူရဦးရွှေမန်းကို အနိုင်ရပါတီရဲ့ ဥက္ကဋ္ဌအဖြစ်က တာဝန်က အနားပေးခံလိုက်ရပေမဲ့လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ယူဆောင်ရွက်မယ့် ဒီတခေါက် ပြန်စမယ့် လွှတ်တော်တွင်း ဘာတွေ ဆွေးနွေးတင်ပြမှုတွေ ရှိလာနိုင်မလဲ ဆိုတာကိုလည်း အများက စိတ်ဝင်စားနေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်ရဲ့ နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ ရာထူးကို သမ္မတ ဦးသိန်းစိန်က ပြန်လည် လွှဲပြောင်းယူပြီးတဲ့နောက်မှာပဲ သူရဦးရွှေမန်းရဲ့ လုံခြုံရေး၊ ရှေ့နိုင်ငံရေး အနာဂတ် အပေါ်မှာ အများက သို့လော သို့လော မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူရဦးရွှေမန်းဟာ လွှတ်တော်တွင်း လွှတ်တော်ဥက္ကဋ္ဌရုံးကို ပြန်တက်ပြီးတော့ ပုံမှန် ရုံးလုပ်ငန်းတွေကို ပြန်လည်စတင်လုပ်ကိုင်နေပြီလို့ လွှတ်တော်တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုသလိုပဲ သူရဦးရွှေမန်းဘက်ကလည်း မကြာခင် လွှတ်တော်တွင်း အစည်းအဝေးတွေ ပြန်စတင်တော့မယ့် အချိန်မှာပဲ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပြည်သူ့ကို မိမိ၏ ဆန္ဒအမှန် ဆိုပြီး ဒုတိယအကြိမ် သတင်းစကား ပါးခဲ့တာပါ။

ဒီအထဲမှာ “လက်ညှိုးထောင် ခေါင်းညိတ် မည်ကာမတ္တ လွှတ်တော်မျိူး”ကိုသာ တချို့က ဖြစ်စေလိုချိန်မှာ လွှတ်တော်မရှိ ဒီမိုကရေစီမရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီ ရှိသည်လို့ ခံယူပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အခက်အခဲတွေ ကြုံခဲ့ရပြီး နောင်မှာ အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟု ကြိုတင် သုံးသပ်မိခဲ့ပါတယ်လို့ သူရဦးရွှေမန်းက ဆိုခဲ့ပါတယ်။ ဒီပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပါတယ်။

“လွှတ်တော်နာယကအနေနဲ့ကတော့ တခါတခါ အစိုးရပိုင်းနဲ့ပဲဖြစ်ဖြစ်၊ တခါတခါ တပ်မတော်နဲ့ပဲ ဖြစ်ဖြစ်၊ ထိတွေ့ ပွန်းရှမှုတွေတော့ ရှိပါတယ်။ အဲဒီကိစ္စမှာ တခါကလည်း ခုံရုံးနဲ့ ပတ်သက်ပြီးတော့ သူနဲ့ ထိတိုက်တွေ့ပြီးတော့ ခုံရုံးအဖွဲ့ဝင်တွေကို ကျနော်တို့က impeachment လုပ်ပြီးတော့ ဖြုတ်ချခဲ့တယ်။ အဲဒီဟာတွေက အစိုးရလမ်းကြောင်းပေါ်မှာလည်း တခါတခါ ဥပဒေပြုတဲ့အခါမှာ အစိုးရက လိုချင်တဲ့ဟာက တမျိုး၊ လွှတ်တော်က ကျနော်တို့ လွှတ်တော်နာယက ဦးစီးပြီးတော့ ပုံဖော်တဲ့ဥစ္စာက တမျိုး၊ အဲ့လိုကိစ္စမျိုးတွေလည်း အများကြီး ဖြစ်ပါတယ်။ တပ်မတော်ကဆိုရင်လည်း အဲ့လိုပဲ အစိုးရဘက်က ဥပဒေကြမ်းပဲဖြစ်ဖြစ်၊ အဆိုပဲဖြစ်ဖြစ် အစိုးရဘက်ကို သူတို့က အမြဲတမ်း ထောက်ခံတဲ့အခါမှာ လွှတ်တော်နာယကနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပိုင်းမှာလည်း အဲ့လို အဆင်မပြေမှုလေးတွေ ရှိပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်က ပြင်ဆင်လိုတဲ့အပိုင်းမှာ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ဖြစ်တဲ့ လွှတ်တော်နာယကကြီးက ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေကို အများကြီး တင်ပေးပါတယ်။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။ အဲ့လို ပုံစံမျိုးတွေလည်း အများကြီး သူ့အနေနဲ့ ကြုံခဲ့ရပါတယ်။ ဒီတော့ သူ့အနေနဲ့ အဲဒီအပေါ်မှာ ဘေးထွက်ဆိုးကျိုးတွေ ဒီလိုဖြစ်လာတယ်လို့လည်း ကျနော်တို့ ထင်ပါတယ်။ သူတို့ပါတီထဲမှာလည်းပဲ သူတို့အချင်းချင်း အားပြိုင်မှုတွေကလည်း ရှိနေတော့ ဒါဟာ တဘက်က သူတို့အားပြိုင်တဲ့ အုပ်စုတွေက အသာရသွားတယ်လို့ပဲ မြင်ပါတယ်။”

အခုလို ပါတီတွင်းက ဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံလိုက်ရပေမဲ့လို့ လွှတ်တော်တွင်း ဆောင်ရွက်မှုတွေကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း ဦးဖေသန်းက သုံးသပ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး ကာလမတိုင်ခင် ပြန်ကျင်းပမယ့် ဒီတကြိမ်လွှတ်တော်တွင်း ဆွေးနွေးနိုင်ခြေ ရှိတာတွေကိုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ရှင်းပြပါတယ်။

“ဒီလွှတ်တော်ကတော့ ကျနော်တို့ အချိန် အကန့်အသတ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ campaign ကာလက စက်တင်ဘာလ ၈ ရက်နေ့ဆိုတော့ အဲဒီကြား မတိုင်မီလေး ကျင်းပမယ်ဆိုတော့ အလွန်ဆုံး ၂ ပတ်ပေါ့၊ ၂ ပတ်ခွဲပေါ့ အဲ့လောက်ပဲ အချိန်ရတယ်။ အဲဒီအတောအတွင်းမှာ ကျနော်တို့ အဆုံးမသတ်နိုင်တဲ့ ဥပဒေကြမ်းတွေ ရှိတာပေါ့။ ဥပမာ - မျိုးစောင့်ဥပဒေ တချို့တဝက်လည်း အဲ့လိုပါပဲ။ ပြီးတော့ အခု ကော်မရှင်က တင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပြန်လည် ရုပ်သိမ်းတဲ့ right to recall ပေါ့နော် အဲဒီဥပဒေတွေလည်း ရှိမှာပါ။ အဲလို မပြီးနိုင်တဲ့ ဥပဒေကြမ်းတွေကို ကျနော်တို့ အဆုံးသတ်ဖို့ပဲ ဒါ ဆွေးနွေးဖို့ ပိုများပါတယ်။ အသစ် အသစ် ဥပဒေတွေကိုတော့ ပြဌာန်းနိုင်ဖို့ ဆွေးနွေးဖို့ဆိုတာ အချိန် မလုံလောက်ပါဘူး။ အဲဒီထဲမှာ ဘယ်သူများ ထူးထူးကဲကဲ လွှတ်တော်ရဲ့ agenda ထဲမှာ တခြားကိစ္စတွေ ပါဝင်လာမလဲ။ အရေးတကြီးအဆိုတွေ ပါဝင်လာမလဲ ဆိုတာကတော့ ကျနော်တို့ မပြောတတ်ဘူးခင်ဗျ။”

ဒီတကြိမ်လွှတ်တော်တွင်း ဘာတွေ ဆွေးနွေးနိုင်မလဲဆိုတာကိုလည်း နိုင်ငံရေးအင်အားစုတွေဘက်က စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲကာလ မတိုင်ခင် ပြည်သူရဲ့ စိတ်ဝင်စားမှုရအောင် နိုင်ငံရေးအရ ဗျူဟာချ ကစားကွက်ဖြစ်နေသလားလို့ စဉ်းစားစရာဖြစ်နေကြောင်း နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိန်းက ရှုမြင်ပါတယ်။

“လာမယ့် လွှတ်တော် အစည်းအဝေးကာလက သက်တမ်းတိုပေမဲ့လို့ လွန်ခဲ့တဲ့ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ စိတ်ဝင်စားမှု အမြင့်မားဆုံးကာလ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဒါပေမဲ့ စဉ်းစားစရာ ရှိတာက လက်ရှိ ဖြစ်ပေါ်နေတယ်လို့ ယူဆရတဲ့ပေါ့လေ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအကြား ကွဲလွဲမှုတွေဟာ တကယ့် သဘောထား ကွဲလွဲမှု အစစ်အမှန်တွေလား၊ တကယ့် အားပြိုင်မှု အစစ်အမှန်တွေလား၊ ဒါမှမဟုတ်ရင် နိုင်ငံရေးအရ ဗျူဟာမြောက် ကစားကွက်တခုကို ရွှေ့နေတာလား ဆိုတဲ့အပေါ်မှာတော့ စဉ်းစားသုံးသပ်စရာ စောင့်ကြည့်စရာတွေ လိုအပ်ဦးမယ်လို့ ကျနော်က မြင်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလွှမ်းမိုးမှုဒဏ် ခံနေရတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေက ရေဘေးသင့်ပြည်သူတွေကို ပြန်အကူအညီပေးနိုင်ဖို့အရေး လွှတ်တော်အစည်းအဝေးကို ခေတ္တရပ်နားခဲ့ပြီးနောက်မှာတော့ သြဂုတ်လ ၁၈ ရက်နေ့မှာ လွှတ်တော်တွင်း ပုံမှန်အစည်းအဝေးတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ သြဂုတ် ၁၆၊ ၁၇ နှစ်ရက် အချိန်တွင်း နေပြည်တော်ကို လွှတ်တော်ကိုယ်စားလှယ်တွေ အရောက်ပြန်လာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG