သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းတလွှား စစ်ရေးတင်းမာ


စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေနေရတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ။
စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေနေရတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ။

ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ ခုကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ပိုပြီး တင်းမာလာနေပါတယ်။ လနဲ့ချီ ဖြစ်ပွားနေတဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ စစ်ရှောင် ဒုက္ခသည်တွေ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ တိုက်ပွဲတွေ ရပ်စဲဖို့ တွေ့ဆုံဆွေးနွေးလိုစိတ်ရှိပါတယ်လို့ နှစ်ဘက်က ပြောဆိုကြပေမယ့် ဆွေးနွေးကြမယ့် အရိပ်အယောင်တွေတော့ မတွေ့ရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေရဲ့ နောက်ဆုံးရ အခြေအနေ မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းတပ်နဲ့ တအောင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းက စခဲ့တဲ့ တိုက်ပွဲတွေက အခုဆိုရင် ၃ လအတွင်းကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဆန်၊ မိုင်တုံ၊ ကွတ်ခိုင်စတဲ့ဒေသတွေမှာ နှစ်ဘက်တပ်တို့အကြား တိုက်ပွဲတွေက အတော်လေးကို ပြင်းပြင်းထန်ထန်ဖြစ်ပွားလာလို့ ထောင်ချီတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေးခဲ့ရပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ နှစ်ဘက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ရန်သူမဟုတ်တဲ့အတွက် ပြေလည်အောင် ညှိနှိုင်းဆွေးနွေးလိုတဲ့သဘောထား သူတို့မှာ ရှိပါတယ်လို့ RCSS/SSA တောင်ပိုင်း တပ်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ က ဗွီအိုအေကိုပြောပါတယ်။

“ စစ်ရေးအခြေအနေကတော့ တင်းမာတယ်လို့ပြောလို့ရပါတယ်။ ကျနော်တို့ တိုက်ရိုက်တွေ့ဆုံပြီးတော့ မညှိနှိုင်း နိုင်ရင်တောင်မှ ကြားလူ အကျိုးဆောင်ပေးခြင်းအားဖြင့် ညှိနှိုင်းပြီး ဖြစ်ပျက်နေတဲ့တိုက်ပွဲတွေကို အရှိန် လျှော့ချနိုင်သလောက် လျှော့ချပြီး ၊ ရပ်တန့်နိုင်သည် အထိ ညှိနှိုင်းဆွေးနွေး အဖြေရှာသွားဖို့ သင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တိုက်ကြတယ်ဆိုတာ မကောင်းပါဘူး။ TNLA ကို ကျနော်တို့က ရန်သူလို သဘောထားပြီးတော့ တိုက်ဖို့လည်း ဘယ်တော့မှလည်း မစဉ်းစားခဲ့ပါဘူး။ အခု TNLA ဘက်က စတင်တိုက်ခိုက်လာလို့ ပြန်လည်ခုခံ ကာကွယ်တိုက်ခိုက်ရခြင်းဘဲ ဖြစ်ပါတယ်။ စစ်ရေး နည်းလမ်းနဲ့ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို မဖြေရှင်းချင်လို့ NCA အရ ကျနော်တို့ လက်မှတ်ထိုးခဲ့တယ်။ လိုလားခဲ့တယ်။ အခုလည်း ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ဒီလို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ပဲ တွေ့ဆုံဆွေးနွေး အဖြေရှာသွားရတာက ပိုပြီးတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့။ TLNA နဲ့ အတူ ကျနော်တို့ မှာ တွေ့ဆုံဆွေးနွေးဖို့ အသင့်ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ အကြိမ်ကြိမ် အဖန်ဖန် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။”

နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်ဖြစ်နေဆဲဖြစ်ပြီး RCSS ဘက်က စစ်အင်အားအလုံးအရင်းနဲ့ တိုးချလာနေတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (P.S.L.F) လက်အောက်ခံ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်( TNLA) ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲက ၇ ရက်နေ့ကနေစပြီးတော့မှ ဒီကနေ့အထိ တိုက်ပွဲက ပျက်တဲ့ရက်ကိုမရှိဘူး။ ဒီကနေ့လည်း အဲဒီဘက်မှာ အစိုးရတပ်တွေပြန်ရောက်လာတယ်။ တောင်ကုန်းပေါ်မှာနေပြီးတော့မှ ဒီ RCSS နဲ့ ပြန်ပူးပေါင်းလာတယ်။ ဒီဖေဖော်ဝါရီလမှာ ပိုပြီးတော့မှ ပြင်းထန်တယ်။ ကျနော်တို့လည်း တိုက်ပွဲတော့ ဖြစ်ချင်တဲ့ ဆန္ဒတော့မရှိဘူး။ ဒီနည်းလမ်းကို ကျနော်တို့လိုက်ရှာနေတယ်။ UNFC ဘက်ကလည်း တဖက်က ညှိနှိုင်းပေးမယ် ကြားကနေ ညှိနှိုင်းပေးမယ်လို့ပြောတယ်။ ကျနော်တို့လည်း UNFC ကိုတဆင့် ကြားကနေ စေ့စပ်ပေးဖို့အတွက် အကြောင်းပြန်လာတယ်။ UNFC က အခု အလုပ်လုပ်နေတယ်ပေါ့နော် အဲ့ဒီ ကိစ္စအတွက်။”

နှစ်ဘက်တပ်တွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အရေး UNFC ဘက်က ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားနေသလို သူတို့ဘက်ကလည်း ဒေသတွင်း တည်ငြိမ်စေလိုပါတယ်လို့လည်း TNLA ဘက်က ပြောပါတယ်။ ဒါ့အပြင် တအောင်းတပ်ဘက်ကပြည်သူလူထုတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေရှိနေတယ်ဆိုပြီး ဒေသတွင်း ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးလည်း TNLA ဘက်က ငြင်းချက်ထုတ်ပါတယ်။

“ကျနော်တို့ အဖွဲ့တွေက လူထုတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေရှိတယ်။ ဘုန်းကြီးအပါပေါ့နော်။ တကယ့်မြေပြင်မှာတော့ မရှိဘူး ကျေးရွာတွေ မီးရှို့တာတွေလည်းမဟုတ်ဘူး ပေါ့နော်။ ကြိုက်တဲ့ မီဒီယာ၊ ကြိုက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ဖြစ် လာစစ်လို့ရတယ်။ လာပြီး သတင်းယူလို့ ရတယ်။ ကျနော်တို့ဆီမှာ ရောက်လာလို့ရှိရင်တော့ လုံခြုံရေးကအစ အကုန်လုံး အစစအရာရာ ကျနော်တို့ ကူညီပေးမှာပါ။”

အခုလို ရှမ်းမြောက်ပိုင်းမှာ တအာင်း ပလောင် လက်နက်ကိုင်တပ် TNLA နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်တို့ အကြား လတ်တလော ဖြစ်ပေါ် နေတဲ့ တိုက်ပွဲအတွင်း အရပ်သား တွေကိုပါ ပစ်မှတ်ထား ဖမ်းဆီး ပြီး သတ်ဖြတ်တဲ့ အထိ ဖြစ်နေတဲ့အပေါ် ရှုတ်ချကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ကြေညာချက် ထုတ် ကန့်ကွက်ထားပါတယ်။ အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီSSPP/SSA မြောက်ပိုင်းတပ်ဘက်ကလည်း အခုလို ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းတပ်တို့ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အပြစ်မဲ့ပြည်သူတွေပါ စစ်ဘေးဒဏ် သင့်နေရတဲ့ အပေါ် နိုင်ငံရေးအရ နှစ်ဘက်တွေ့ဆုံပြီး ညှိနှိုင်း အဖြေရှာဖို့ မေတ္တာရပ်ခံထားပါတယ်။

ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတဲ့အပေါ် ရှမ်းပြည်နယ်အစိုးရဘက်က ဒီ့ထက်ပိုပြီး ကူညီဆောင်ရွက်ပေးသင့်သလို တိုက်ပွဲတွေရပ်ပေးဖို့ကိုလည်း နှစ်ဘက်တပ်တွေကို တောင်းဆိုလိုပါတယ်လို့ ရှမ်းလူငယ်ကွန်ရက်က စိုင်းဖုန်းခေါင်က ပြောပါတယ်။

“ပြည်နယ်သားအချင်းချင်း ဒီလက်နက်ကိုင်နည်းနဲ့ ဖြေရှင်းနေတာ မမှန်ဘူးလို့ဘဲ ကျနော်တော့ ယူဆတယ်။ အဲ့ဒါအပြင်ကို လူထုကို ဦးတည်ပြီး တိုက်ခိုက်နေတာတို့ ဖြစ်လာတယ်ဆိုတော့ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာ မုန်းတီးတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ ရှမ်းပြည်နယ်အစိုးရဘက်က အထောက်အပံ့ပေးမယ့် အဖွဲ့အစည်းတွေကိုလည်း လမ်းဖွင့်ပေးဖို့ လိုအပ်တယ်လို့ ယူဆတယ်လေ။ အခုထက်ထိ ရှမ်းပြည်မှာ ဝင်ရောက်ပြီး ကူညီဖို့ကိုလည်း အစိုးရက လက်မခံဘူး။ အဲလိုဖြစ်နေတယ်။ ရှိတဲ့ဒေသခံတွေရဲ့ အကူအညီတွေနဲ့ လက်တလော ကူညီနေတာပဲ ရှိနေတာကို။ ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်ဘူးပေါ့။”

လတ်တလောမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်သလို မထွက်ပြေးနိုင်ဘဲ ရွာတွေထဲ ပိတ်မိနေတဲ့ပြည်သူတွေလည်း ရှိနေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ လတ်တလောမှာတော့ ထွက်ပြေးလာနေတဲ့ ထောင်နဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အတွက် ကျောက်မဲမြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်း သုံးခုဖွင့်လှစ်ထားပြီး ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလူမှုကူညီရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေက ဝိုင်းဝန်း ကူညီစောင့်ရှောက် ပေးနေကြပါတယ်။

XS
SM
MD
LG