သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA တိုက်ပွဲ စစ်ရဟတ်ယာဉ် သုံး


MI-35M မြန်မာစစ်ရဟတ်ယာဉ် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်ကို ပျံသန်းခဲ့စဉ်။ (၁၉ ဖေဖဝါရီ ၂၀၁၅)
MI-35M မြန်မာစစ်ရဟတ်ယာဉ် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်ကို ပျံသန်းခဲ့စဉ်။ (၁၉ ဖေဖဝါရီ ၂၀၁၅)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ် အတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လေကြောင်း ကပါ တိုက်ခိုက်လာတယ်လို့ ပလောင်တပ်ဘက်က ပြောပါတယ်။

အစိုးရဖက်ကတော့ ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲအခြေအနေကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မှာဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းဖို့ အတွက် ပြည်သူ့ လွှတ်တော်မှာ အင်္ဂါနေ့က အရေးကြီး အဆိုတင်သွင်းပြီး ဒီကနေ့ အကျယ် တဝင့်ဆွေးနွေးနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ် အတွင်းမှာ ဒီကနေ့ တနေ့လုံးနီးပါး တိုက်ပွဲတွေဖြစ်ပွားပြီး လေကြောင်း ကပါ တိုက်ခိုက်တဲ့အထိ ပြင်းထန်နေတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေ ကိုတော့ ပလောင် (ခေါ်) တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီမနက် ၉ နာရီလောက် ကနေစပြီးမှ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပစ်ပြီးတော့မှ ၁၁ နာရီလောက်ရောက်တဲ့ အချိန်ကျတော့ အစိုးရဘက်က ၁၀၅မမ အမြှောက်နဲ့ ကျနော်တို့အဖွဲ့ကို စပြီးတော့ပစ်တယ်။ ၁ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲက အခုထိ မပြီးသေးဘူး ။ အခုနောက်ဆုံး ရဟတ်ယာဉ် ၂ စင်းနဲ့ ဂျက်လေယာဉ် တစင်း ကျနော်တို့ဘက်ကို လာပစ်တယ်။ အခုထိပဲ။”

ပလောင်တပ်ဖွဲ့က နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ် အစပ်ဒေသ တွေမှာ ဘိန်းခင်းတွေ ဖျက်ဆီးနေချိန် ဒီလ ၁၃ ရက်တည်းက တိုက်ပွဲတွေဖြစ်ခဲ့ပြီး မနေ့ကလည်း လေကြောင်းက တိုက်ခိုက်တာရှိတယ်လို့ ပြောပါတယ်။

“ကျနော်တို့အဖွဲ့က ဘိန်းခင်းတွေ ဖျက်တာ ၁၃ ရက်နေ့ကနေပြီးတော့ ဒီကနေ့ အထိပေါ့နော်။ အစိုးရ တပ်မတော်က ၃ ကြောင်းလောက်ရှိတယ်။ တက်လာတာ။ မနေ့ကလည်း တကြိမ် လေယာဉ်နဲ့လည်း လာပစ်တယ်။”

ဒေသခံရွာသားတွေက ဒီကနေ့ ရဟတ်ယာဉ် တစင်း ပျက်ကျ တာတွေ့ကြောင်း ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

တပ်မတော်ပြန်ကြားရေး ဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲ အခြေအနေ သတင်း မရသေးကြောင်း ပြန်လည်ဖြေဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ အပစ်အခတ် မရပ်စဲသေးတဲ့ ပလောင်တပ်နဲ့ အစိုးရတပ် သာမက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း တပ်တွေနဲ့လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ပလောင်တပ်နဲ့ ရှမ်းတပ်အကြားမှာ တိုက်ပွဲဖြစ်တာ မရှိပေမဲ့ တခါတရံလက်နက်ကြီးနဲ့ ပစ်ခတ်သလို နှစ်ဖက်အကြား စောင့်ကြည့်နေတဲ့ အခြေအနေရှိနေပါတယ်။

ရှမ်းတပ်နဲ့ ပလောင်တပ်အကြားဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နှစ်ဖက်ပြည်သူ ၁ထောင်ကျော်ဟာ နေရပ်စွန့်ခွာပြီး နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသဖက်ကို တိမ်းရှောင်နေရတယ် နမ့်ခမ်းမြို့က ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။

“အဲဒါတွေကတော့ ကြိုကျားကြိုကျားတော့ တိုက်ပွဲဖြစ်နေတာပဲ။ အဲဒီ တောင်ပေါ်က ရှမ်းတွေကလည်း အဲဒီ မို်င်းဝီးဘက်ကို စုပုံပြီးတော့ ဒုက္ခသည်စခန်းမှာ လာနေကြတာ။ မိုင်းဝီး၊ နောက် အဲဒီ ပလောင်ရွာတွေကလည်း မနေရဲဘဲနဲ့ မိုင်းဝီး မှာလည်း လာနေထားတာ ၁၀၀၀ နည်းနည်းကျော်မယ် ထင်တယ်။ နှစ်ဖွဲ့စလုံးက ။ အခုအဲဒီရှမ်းက ၅၀၀ ကျော်- ၆၀၀ နီးပါးပေါ့ ၊ အဲဒီ ပလောင်ကလည်း ၅၀၀ ကျော်မယ် လို့ပြောတာပဲ။”

ပလောင်စစ်ရှောင် ဒုက္ခသည်တွေကတော့ မိုင်းဝီးရွာဖက်မှာ နေရာ ၄ နေရာလောက်ဖြန့်နေထိုင်ပြီး ၈ရာလောက်ရှိကြောင်းလည်း နမ့်ခမ်းမြို့ ပလောင် စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ တာ့မြင့်ကျော်က ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ ကျနော်တို့ ဒီမိုင်းဝီးမှာ မလွတ်နော်ရွာရယ်၊ တိုင်ခိုင်လေးရယ် ကျနော်တို့ မိုင်းဝီးမှာ ရှိတာ ၂၅ ယောက်ရှိတယ်။ ပြီးတော့ ဟို တိုင်ဒနိုင်က ၈၂ ယောက်ရှိတယ်။”

ကျောက်မဲမြို့နယ်အတွင်းရှမ်းတပ်နဲ့ ပလောင်တပ်ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရှမ်းနဲ့ ပလောင်ပြည်သူ ၃ထောင်ကျော်ဟာ ကျောက်မဲမြို့ကို လာရောက် တိမ်းရှောင်နေရပါတယ်။

လောလောဆည်မှာတော့ ရှမ်းနဲ့ ပလောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ရပ်စဲဖို့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အဖွဲ့က ကြားဝင်ဆောင် ရွက်နေပြီး လောလောဆည်မှာတော့ တွေ့ဆုံဆွေးနွေးမယ့်နေရာ မရွေးချယ်နိုင်သေး တာကြောင့် ရက်သတ်မှတ် နိုင်တာ မရှိသေးပါဘူး။

XS
SM
MD
LG