သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင်းအဖွဲ့ ဥပဒေမူကြမ်းကို လူမှုအသင်းအဖွဲ့ ၄၀ ကျော်ကန့်ကွက်


ပြည်သူ့လွှတ်တော်ကို တင်သွင်း အတည်ပြုမယ့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေက ပြင်ဆင်ရေးဆွဲပေးဖို့ တခဲနက် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီကနေ့ လွှတ်တော်မှာ တင်သွင်းဖို့ စီစဉ်ထားတဲ့ ဒီဥပဒေမူကြမ်းကို ပြန်လည်ဆွေးနွေးပြီးမှ တင်ပြဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်လိုက်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ပြည်သူ့လွှတ်တော် မှာ တင်သွင်းထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သတ်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက သဘောမတူ လက်မခံကြောင်း ကန့်ကွက်ခဲ့ကြတဲ့အတွက် လွှတ်တော်ဥက္ကဌက အကြံပြုချက်တွေကို ပြန် လည် ပြင်ဆင်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လူထုဆီက တကယ့်ကို အသင်းအဖွဲ့တွေမှာ ချုပ်ချယ်မှုမရှိဘဲ တကယ့် မြန်မြန်ဆန်ဆန် ဖြစ်နိုင်အောင် လုပ်ပေးပါလို့ လွှတ်တော်ဥက္ကဌက ပြောထားတယ်။ သူတို့ မလုပ်ခင်ကို ပုဂ္ဂလိက လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ကို သူက ဆွေးနွေးတုန်းရှိသေးတယ်။”

၂၀၀၈ အခြေခံဥပဒေပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ အသင်းပင်း ဖွဲ့စည်းနိုင်ခွင့် ဆိုတဲ့အချက်ကို အကောင်အထည် ဖော်နိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေက တာဝန်တရပ်အနေနဲ့ ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်ကဆိုပါတယ်။

“အန်ကယ်လ့်သဘောထားအရတော့ ဒီဟာက တကယ့်ကို အဲ့လို အသင်းအဖွဲ့တွေက လွယ်လွယ်ကူကူနဲ့ပေ့ါလေ ဖွဲ့စည်းနိုင်အောင်ရယ်၊ ဘယ်အသင်းအဖွဲ့ဖြစ်ဖြစ်ပေါ့ လွတ်လွတ်လပ်လပ်နဲ့ တရားမျှတစွာ ဖွဲ့စည်းနိုင်အောင်ရယ် လုပ်ပေးဖို့ရာကတော့ ဒါ လွှတ်တော်မှာလည်း တာဝန်ရှိတယ်။ အန်ကယ်လ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်း တာဝန်ရှိတာပေါ့နော်။ ဒီအသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုတာကတော့ တကယ်တော့ လွယ်လွယ်ကူကူ ဖွဲ့စည်းနိုင်ရင် မြန်မာပြည်မှာ ဘာပဲပြောပြောလေ NGO တွေ ဖွဲ့မယ်။ တခြား အသင်းအဖွဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ဖွဲ့မယ်ဆိုရင် တကယ့်ကို ရည်မှန်းတဲ့ လမ်းကြောင်းပေါ် သွားနိုင်မယ်လို့ အန်ကယ်လ်က ယူဆတယ်။”

အခုလို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက ရေးဆွဲထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းဟာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို ချုပ်နှောင်ကန့်သတ်မှုတွေ၊ ဖိနှိပ်မှုတွေ ရှိတဲ့အတွက် လက်ခံနိုင်စရာ အကြောင်းမရှိလို့ အခုလို ကန့်ကွက်ခဲ့ရတာ ဖြစ်တယ်လို့ Triangle အမျိုးသမီးအဖွဲ့ကို တည်ထောင်သူ မခင်သန်းမြင့် က ပြောပါတယ်။

“သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကြမ်းကို ကျမတို့က ကန့်ကွက်တယ်ပေါ့နော်။ သဘောမတူဘူး။ နောက်ပြီးတော့ ဒီဟာသည် လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေကို အားကောင်းအောင် လုပ်ဆောင်တာ မဟုတ်ဘဲနဲ့ အားနည်းအောင် လုပ်တာလို့ ယူဆတယ်။”

အခု တင်သွင်းထားတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းမှာ ရေးဆွဲထားတဲ့ တချက်ခြင်းမှာကို အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအတွက် ကန့်သတ်မှုတွေနဲ့အတူ အသင်းအဖွဲ့ဆိုတဲ့အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေမှာလည်း နားလည်မှု လွဲမှားနိုင်စရာတွေ ရှိတဲ့အတွက် ပြန်လည် ပြင်ဆင်ပေးဖို့နဲ့ လူမှုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အကြုံပြချက်တွေကို လေးစားဖို့ တောင်းဆိုခဲ့ကြတယ်လို့ မခင်သန်းမြင့် က ဆက်ပြောပါတယ်။

“ခြုံပြီးပြောရရင်တော့ အမတို့က တချက်မှကို လက်မခံဘူးပေါ့။ ကျမတို့လည်း မန္တလေးကရော၊ ရန်ကုန်ကရော အဖွဲ့တွေအကုန်လုံးက ဒီအခု လက်ရှိ ထွက်လာတဲ့ ဥပဒေကြမ်းကို လုံး၀ သဘောမတူဘူး။ ကန့်ကွက်တယ်။ ဥပဒေကြမ်းရဲ့ နာမည်ကိုကအစ ကျမတို့က ပြောင်းချင်တာ။ အသင်းအဖွဲ့များဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေဆိုပြီးတော့ ကျမတို့က ပြောင်းချင်တယ်။ အဓိကအမတို့ ကန့်ကွက်တဲ့ဟာထဲမှာ ပါတာက အသင်းအဖွဲ့ ဆိုသည်မှာ ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်က အရမ်း ကျယ်ပြန့်လွန်းတယ်။ နာမည်ရှိသည်ဖြစ်စေ၊ နာမည်မရှိသည်ဖြစ်စေ၊ အမည်ရှိသည်ဖြစ်စေ၊ အမည် မရှိသည်ဖြစ်စေ ဆိုတဲ့အတွက် တအားကို သူငယ်ချင်းတွေ၊ စိတ်တူရာ တူရာလေးတွေ ပေါင်းပြီးတော့ ထ လုပ်တဲ့ လှုပ်ရှားမှုတွေသည်လည်း ဒီအထဲမှာ သွားအကျုံးဝင်တယ်။ နောက်တခါ
ကော်မတီဆိုတဲ့ဟာကိုလည်း ပါလာတယ်။ ကော်မတီကိုကအစ သူတို့က အသင်းအဖွဲ့ဆိုတဲ့ စာရင်းထဲ ထည့်ထားတယ်။ သမဂ္ဂတွေ ထည့်ထားတယ်။ ကွန်ယက်တွေကို ထည့်ထားတယ် ဆိုတဲ့အတွက် ဒီအသင်းအဖွဲ့ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုလည်း အမတို့ လုံးလုံး သဘောမတူဘူး။ အဲ့ဒီဟာ အရမ်း ကျယ်ပြန့်ပြီးတော့ သူက အဓိပ္ပါယ်ဖွင့်ဆိုချက်က အရမ်း ဒွိဟ ဖြစ်တယ်။ နောက် တခုက ဗဟိုအဖွဲ့ ဆိုတာကလည်း ပါတယ်။ ဗဟိုအဖွဲ့မှာတဲ့ ပြည်ထောင်စုဆိုင်ရာ ဝန်ကြီးတွေကနေ ဦးစီးမယ်လို့ ပါတယ်။ အဓိကကတော့ ပြည်ထဲရေးဝန်ကြီးဌာန။ အဲ့ဒီတော့ ဝန်ကြီးအဆင့်တွေကနေပြီးတော့ ဗဟိုအဖွဲ့မှာ ကိုင်မယ်ဆိုရင် ဝန်ကြီးအဆင့်ဆိုတာက ပြောရလို့ရှိရင် အလုပ်တာဝန်အရ ရှုပ်တယ်။ အရမ်းများတယ်။ အဲ့လိုများတဲ့အခါမှာ မှတ်ပုံတင်တဲ့ ရပ်ကွက်ထဲမှာရှိတဲ့ အဖွဲ့လေးတွေ တဖွဲ့ချင်းက သူတို့ဆီက ခွင့်ပြုချက် တောင်းမယ်ဆိုရင် သူတို့ အဲ့ဒီတာဝန်တွေကို သူတို့ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၉၀ အတွင်းမှာ အလျင်မှီအောင် ဆောင်ရွက်ပေးနိုင်ပါ့မလား။”

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းပါ အသင်းအဖွဲ့များ မှတ်ပုံတင်ရေး၊ တရားဝင် မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပျက်ကွက်ပါက လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီးလည်း ခေတ်နောက်ပြန်ဆွဲတဲ့ အချက်တွေ အများကြီးပါနေတယ်လို့ မခင်သန်းမြင့်က ထောက်ပြ ပြောဆိုပါတယ်။

“ပြစ်ဒဏ်နဲ့ ပြစ်မှုပေါ့ အဲ့ဒီဟာမှာဆိုရင်လည်း ပြစ်ဒဏ်နဲ့ ပြစ်မှုတွေဟာ ဒီပရဟိတစိတ်နဲ့ လူမှုရေးလုပ်တဲ့လူတွေကို ရာဇဝတ်သားတွေ အပြစ်သားတွေလိုမျိုး ပြစ်ဒဏ်တွေက ရက်စက်လွန်းတယ်လို့ မြင်တယ်။ အကယ်၍ လူမှုရေးလုပ်ငန်း လုပ်တဲ့လူတွေထဲက တဦးတယောက်ချင်းဟာ လက်ရှိ တည်ဆဲဥပဒေကို ကျူးလွန်လို့ရှိရင် အဲ့ဒီကျန်တဲ့ တည်ဆဲဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ထဲက တယောက်လုပ်တဲ့ဟာကို ဒီအဖွဲ့ကပါ ထိခိုက်ပြီးတော့ အရေးယူမယ် ဆိုတာကတော့ လုံး၀ မဖြစ်သင့်တဲ့အတွက် ဒီပြစ်မှုပြစ်ဒဏ်ဆိုတဲ့အပိုင်းကို ကျမတို့ လုံး၀ ကန့်ကွက်တယ်။ နောက် တားမြစ်ချက်တွေ ဘာမလုပ်ရဘူး။ ဘာမလုပ်ရဘူး ဆိုတဲ့ တားမြစ်ချက်တွေကိုလည်း ကျမတို့ ကန့်ကွက်ထားတယ်။”

အရပ်ဖက် လူမှုအခြေပြု အဖွဲ့တွေ အားလုံး စုပေါင်းပြီး ပြင်ဆင်သင့်တဲ့ အကြံပြုချက်တွေကိုတော့ လွှတ်တော်ကို အခုလာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ နောက်ဆုံးထား တင်သွင်းကြမှာဖြစ်ပြီး၊ အသင်းအဖွဲ့တွေ အားလုံး စုံပြီး ဆွေးနွေးကြမယ့် နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကိုတော့ လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
XS
SM
MD
LG