သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်တွေကို ရန်သူလို မမြင်နဲ့


စစ်သတင်း၊ မှုခင်းသတင်း ဒါမှမဟုတ် အကျင့်ပျက်ခြစားမှု သတင်းတွေကို ရယူကြတဲ့ သတင်းထောက်တွေ အကြမ်းဖက်တိုက်ခိုက်မှုကနေ အကာအကွယ်ပေးနိုင်အောင် အစိုးရတွေ၊ တရားရုံးတွေနဲ့ သတင်းမီဒီယာအဖွဲ့တွေက ပိုပြီး လုပ်ဆောင်ကြဖို့ ထိပ်တန်းသတင်းဌာနတွေက သောကြာနေ့မှာ တိုက်တွန်းလိုက်ကြပါတယ်။

အသတ်ခံရတာပဲဖြစ်ဖြစ်၊ အကြမ်းဖက်ခံရတာပဲဖြစ်ဖြစ်၊ ဖမ်းဆီးခံရတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဖိအားပေးခြိမ်းခြောက်ခံရတာပဲဖြစ်ဖြစ်၊ သတင်းထောက်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ဖြစ်ရိုးဖြစ်စဉ် အခြေအနေမျိုး ရောက်လာနေပြီး၊ သာမန်ကိစ္စလို ဖြစ်လာနေတဲ့ အကြောင်း AP သတင်းဌာန ဒုဥက္ကဋ္ဌ John Daniszewski က - သတင်းထောက်တွေ ဘေးကင်းလုံခြုံရေး ညီလာခံမှာ ပြောကြားသွားပါတယ်။

သတင်းထောက်တွေ အကာအကွယ်ပေးနိုင်ရေး နိုင်ငံတကာညီလာခံကိုတော့ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံအဖွဲ့ UNESCO က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကရုံးချုပ်မှာ ကျင်းပခဲ့တာပါ။

UNESCO အဖွဲ့ဝင်အစိုးရတွေအနေနဲ့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကို လေးစားလိုက်နာဖို့၊ သတင်းထောက်တွေကို ရန်သူလို မမြင်ကြဖို့၊ ဒါမှသာ သတင်းထောက်တွေ အနေနဲ့လည်း လူဆိုးတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်တဲ့အကြောင်း အမေရိကန်ရုပ်သံဌာန CNN ရဲ့ အထူးသတင်းထောက် Christiane Amanpour က ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

ဒီညီလာခံမှာပဲ - နိုင်ငံတကာသတင်းထောက်များ ဖက်ဒရေးရှင်း IFJ ကလည်း ၁၉၉၀ ခုနှစ်ကစလို့ သတင်းထောက်နဲ့ သတင်းမီဒီယာ အမှုထမ်းပေါင်း အနည်းဆုံး ၂၂၉၇ ယောက် သေဆုံးခဲ့ရတာကို ဖော်ပြထားတဲ့ အစီရင်ခံစာသစ်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီအထဲက ၁၁၂ ယောက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သေဆုံးခဲ့တာဖြစ်တယ် လို့လည်း နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီ CPJ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ သတင်းထောက် ၃ ဦး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း လည်း CPJ ရဲ့ အင်တာနက် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပြီး ဒီအထဲမှာ ဗွီအိုအေ အမေရိကန် အသံရဲ့ တာဝန်တွေ ထမ်းဆောင်နေရင်း ဆော်ဒီ အာရေးဗီးယားရဲ့ လေကြောင်း ထိုးစစ်အတွင်း သေဆုံးခဲ့ရတဲ့ ယီမင်နိုင်ငံသား အလွတ်သတင်းထောက် Almigdad Mojalli ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG