သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ တိုက်ပွဲတွေရပ်စဲရေး


ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA အပါအဝင် ဝနယ်၊ ပန်ဆန်းဒေသမှာ မေလဆန်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံမြင်ကွင်း။
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA အပါအဝင် ဝနယ်၊ ပန်ဆန်းဒေသမှာ မေလဆန်းက ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံမြင်ကွင်း။

ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ကိုးကန့်ဒေသမှာ အစိုးရတပ်တွေကသာ ထိုးစစ်ဆင်နေတာကို ရပ်လိုက်မယ်ဆိုရင် ကိုးကန့်ဒေသ စစ်ပွဲတွေ ရပ်စဲသွားမှာဖြစ်ပြီး အပစ်ရပ်ငြိမ်းချမ်းရေးကို ဆွေးနွေးသွားနိုင်မှာဖြစ်တယ်လို့ အစိုးရတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့် တပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေကသာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းအောင် စလုပ်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ UPWC အကြီးအကဲ ဝန်ကြီးဦးအောင်မင်း စနေနေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး ကိုးကန့်ဒေသမှာတော့ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“နေ့တိုင်းလိုလို လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ဒီနေ့မနက်လည်း လှမ်းပစ်နေတာပဲ- လက်နက်ကြီးနဲ့။ ပိုတောင် စိတ်လာသေးတယ်။ …. သူတို့ပြောသလို ကျနော်တို့က အပစ်ရပ်ပါ-ဆိုတာ..ကျနော်တို့က နဂိုရ်ကတည်းက ရပ်နေတာပါ။ ခံစစ်ပဲ ကျနော်တို့က တိုက်နေရပါတယ်။ လောလောဆယ်မှာ သူတို့ကပဲ ထိုးစစ်ဆင်တာပါ။ အဲဒီတော့ ကျနော်တို့ တောင်းပန်ပြီးပြောရမယ်ဆိုရင်လည်း ရပါတယ်။ တပ်မတော် ဘက်က နည်းနည်းလေး လျှော့လိုက်ရင်၊ ရပ်လိုက်ရင် တိုက်ပွဲက မဖြစ်တော့ပါဘူးခင်ဗျ။ လက်နက်ကြီးနဲ့မပစ်ဘူး၊ အဲဒီ …ကျည်းတပ်လည်း မထိုးဘူးဆိုရင်တော့ တိုက်ပွဲက လုံးဝမရှိပါဘူး။ နဂိုရ်ကတည်းက ကျနော်တို့နေရာမှာ ကျနော်တို့ နေနေတာကို သူတို့က လာပြီးတော့ ထိုးတာပါ။”

ပဋိပက္ခဖြစ်နေတဲ့ဒေသက တပ်ဖွဲ့တွေနဲ့နိုင်ငံရေးဆွေနွေးပွဲလုပ်နိုင်ဖို့ဆိုရင် ကိုးကန့်တပ်ဖွဲ့တွေက သူတို့ စခဲ့တဲ့တိုက်ပွဲကို အရင်ရပ်ပေးဖို့ လိုကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောခဲ့တာကို အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တပြည်လုံး အတိုင်းအတာ အပစ်ရပ်ရေးစာချုပ် NC ကို နှစ်ဦးနှစ်ဘက် သဘောတူညီထားပြီးသား တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ပဲ စတင်လုပ်ဆောင်သွားမယ်လို့ UPWC အကြီးအကဲ ဝန်ကြီးဦးအောင်မင်းက စနေနေ့ မနေ့တုန်းက ရန်ကုန်မြို့မှာ ပြောကြားလိုက်တာပါ။ အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့၊ AA ရခိုင်တပ်မတော်နဲ့TNLA တအောင်း ပလောင်တပ်ဖွဲ့တွေ ကိုတော့ နောက်ချန်-အဖွဲ့တွေအဖြစ် နောင်မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဦးအောင်မင်းက ပြောဆိုခဲ့တာပါ။

အစိုးရနဲ့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ UPWC တို့ကြား Bilateral လို့ခေါ်တဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီထား တာမျိုးမရှိသေးဘူးလို့ UPWC ဘက်က ပြောနေပေမယ့်ကိုးကန့်တပ်ဖွဲ့ဟာ NCCT တနိုင်ငံလုံးအပစ်ရပ်ရေး ညှိနှိုင်းမှုအဖွဲ့ထဲမှာ နဂိုရ်ကတည်းက ပါဝင်လာခဲ့ကြောင်း MNDAA ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်တို့အဖွဲ့က ဟိုးအရင်ကတည်းက ရှိနေတဲ့အဖွဲ့ပါ။ ဒီတော့ ဒီ- NCCT တို့၊ သူတို့နဲ့စပြီးတော့ ညှိနှိုင်းတဲ့အချိန်မှာကတည်းက ကျနော်တို့အဖွဲ့နာမည် ပါပါတယ်။ ဆိုတာက တကယ်ကို သဘောထားကြီးကြီးနဲ့ စိတ်ရင်းစေတနာမှန်နဲ့လုပ်ချင်တယ်ဆိုရင်ပေါ့ဗျာ-အဲဒါဆိုရင်တော့ ဒီဥစ္စာတွေကို ကျနော်တို့က သွားပြီးတော့ ရှင်းနေစရာမလိုတော့ဘူးထင်တာပဲဗျ။”

ကိုးကန့်တပ်ဖွဲ့ဟာ အပစ်ရပ်ငြိမ်းချမ်းရေး လိုလားပါတယ်ဆိုတာကို သမ္မတဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ရေးသားပို့ထားခဲ့ပြီး အပစ်ရပ်ရေး ဆွေးနွေးဖို့ အမြဲတန်း အဆင်သင့်ရှိကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“သမ္မတကြီးထံကို အိတ်ဖွင့်ပေးစာရေးထားတာ ရှိပါတယ်။ အဲဒီမှာလည်း ကျနော်တို့လည်း ပြောပါတယ်။ အရင်တုန်းက နိုင်ငံတော်နဲ့ ပူးပေါင်းစဉ်တုန်းက ကျနော်တို့ရဲ့လုပ်ဆောင်ချက်တွေကို ပြန်ပြီးတော့ သတိရစေချင်ပါတယ် - ဆိုတာကိုလည်း ကျနော်တို့ ပြောခဲ့ပါတယ်ခင်ဗျ။ ၈၉ ခုနှစ်ကတည်းက နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ထဲထဲဝင်ဝင် လုပ်ခဲ့ပါတယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးစပြီး ယူလိုက်မှပဲ အနောက်ကနေ ၁၆ ဖွဲ့လိုက်လာပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ရဲ့နာမည်က အထူးဒေသ (၁) လို့ နာမည်အမှည့်ခံရပါတယ်ခင်ဗျ။ နောက်တခုကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာလည်း ကျနော်တို့လည်း ထဲထဲဝင်ဝင်လုပ်ခဲ့ပါတယ်။ နိုင်ငံတော်အတွက်လည်း ဂုဏ်ရှိစွာနဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ နိုင်ငံတကာကို ကြေညာနိုင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ။ ဘိန်းပပျောက်ရေးနယ်မြေ ဆိုပြီးတော့မှ။ အဓိက-က အရင်ကတည်းကလည်း သူတို့နဲ့ - နိုင်ငံတော်အစိုးရနဲ့ အဲဒီတော့ ဗမာပြည်စစ်အစိုးရနဲ့ပေါ့ဗျာ-ဆက်ဆံဖူးပါတယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ကလည်း လိုလားတယ်ဆိုတာကို သူတို့ကလည်း သိပါတယ်။”

မေလဆန်းပိုင်း ရှမ်းပြည်နယ် ပန်ဆန်းမှာလုပ်ခဲ့တဲ့ လက်နက်ကိုင်တိုင်းရင်းသားများ ထိပ်သီးညီလာခံမှာလည်း တိုင်းရင်းသားတပ်ဖွဲ့ အားလုံးနဲ့ အပစ်ရပ်စဲနိုင်မှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ NC စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးနိုင်မယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောထားရှိခဲ့ကြကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“အဲဒီ ပန်ဆန်းထိပ်သီးညီလာခံပြီးတော့လည်း အားလုံးတပေါင်းတစည်းတည်းလုပ်ကြမယ်လို့တော့ ကျနော်တို့ နားလည်ပါတယ်။ အဲလို ကျနော်တွေ့ရပါတယ်ခင်ဗျ။ လူတိုင်းလိုလိုလည်း အဲလိုပါပဲ။ ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်ပါတယ်၊ စစ်ကိုမလိုလားပါဘူးဆိုတာ ပေါ်လွင်ပါတယ်။ အဖွဲ့တိုင်းလိုလို အဲလိုပါပဲ။ ကျနော်တို့ကလည်း ပြည်ထောင်စုထဲက မိသားစုဝင်တခုဆိုတာကို မမေ့ပါနဲ့-လို့။ အထူးသဖြင့် ဗမာတိုင်းရင်းသားညီအကိုတွေ ကျနော်တို့ကို ပိုနားလည်လာပြီလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ခင်ဗျ။ နို့မို့ရင် ကျနော်တို့က နိုင်ငံခြားသားလိုလို၊ ဘာလိုလိုဖြစ်နေပါတယ်။ အဲဒါ ကျနော်တို့ အရမ်းခံစားရပါတယ်ခင်ဗျ။”

မြန်မာအစိုးရတပ်တွေဟာ ရှမ်းပြည်နယ် လောက်ကိုင်မြို့အရှေ့မြောက်ဘက် ၇ မိုင်လောက်အကွာက နမ်တင်းမန်တောင်ကြော တလျှောက်မှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့တွေကို ဒီနေ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

XS
SM
MD
LG