သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA တပ်ဖွဲ့အတွက် ဖမ်း သွားတဲ့ အရပ်သားတွေ ပြန် လွှတ်ပေး ဖို့ တောင်းဆို


ကချင်ပြည်နယ် လိုင်ဇာက KIA တပ် လေ့ကျင့်ရေး သင်တန်းကျောင်း မြင်ကွင်း ။ (ဖေဖော်ဝါရီလ၊ ၁၃ ၂၀၁၂။)
ကချင်ပြည်နယ် လိုင်ဇာက KIA တပ် လေ့ကျင့်ရေး သင်တန်းကျောင်း မြင်ကွင်း ။ (ဖေဖော်ဝါရီလ၊ ၁၃ ၂၀၁၂။)

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ (KIA) တပ်က စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်က ဒေသခံအရပ်သားပြည်သူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဘက်က KIA ကို တောင်းဆိုလိုက်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် တိုက်ခိုက်တဲ့နည်းလမ်းနဲ့မဟုတ်ပဲ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ကိုလည်း SNLD က တိုက်တွန်းပါတယ်။ ရှမ်းလူငယ်တွေဘက်ကလည်း ရှမ်းပြည်သူတွေကို ဒီလိုစစ်မှုထမ်းစေခိုင်းတာ မလုပ်ဖို့ ကချင်တပ်တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်တွေက အရပ်သားရှမ်းပြည်သူလူထုကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ KIA ကချင်တပ်ကနေ စစ်မှုထမ်းဖို့ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေတဲ့ကိစ္စကို ရှမ်းလူထုကွန်ရက် ရှမ်းလူငယ်တွေနဲ့ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့တွေဘက်က တင်ပြလာတဲ့ အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့ ဒီဖြစ်ရပ်တွေအပေါ် စိုးရိမ်ပူပန်တဲ့အတွက် အခုလို သတင်း ထုတ်ပြန်ကြေညာချက် ထုတ်ရတာဖြစ်တယ်လို့ SNLD ပါတီက ပြောပါတယ်။

တိုင်းရင်းသား လူမျိုးစုအချင်းချင်း ပဋိပက္ခ မဖြစ်စေချင်တဲ့အတွက် စည်းလုံးညီညွတ်ရေးကို ရှေးရှု့ပြီး နှစ်ဦး နှစ်ဘက်ပြေလည်စေမယ့် နည်းလမ်းတွေနဲ့ ဖြေရှင်းစေချင်ပါတယ်လို့ KIO တာဝန်ရှိသူတွေကို တောင်းဆိုလိုတယ်လို့ SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က အခုလိုပြောပါတယ်။

“အားလုံးပြေပြေလည်လည်ဖြစ်စေချင်တာပါ။ လူထုတွေကို အေးအေးချမ်းချမ်းနေစေချင်တယ်။ အထူးသဖြင့် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခ မဖြစ်စေချင်ဘူး။ အဲ့ဒါပါပဲ အဓိက ကတော့လေ။ လူထုပေါ့နော် မဲဆန္ဒရှင်တွေပေါ့။ သူတို့ရဲ့ ဖိအားတွေကြောင့်ပါ။ သူတို့က ရွေးကောက်ပွဲပြီးသွားတဲ့အခါကျတော့ ဒီလို လူထုတွေ ဒုက္ခရောက်နေတာကို ပါတီတွေက ဒီအတိုင်းပဲ ကြည့်နေသလား ဆိုပြီးတော့ ဖိအားတွေ အများကြီးပေးလာပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလကုန်ပိုင်း နှစ်သစ်ကူးတဲ့ချိန်ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ကျေးရွာအလိုက် ရှမ်းနှစ်သစ် ကောက်သစ်စားပွဲတော် အလှည့်ကျ ကျင်းပနေချိန် နမ့်အွမ်ကျေးရွာမှာ ကျင်းပတဲ့ ကောက်သစ်စားပွဲတော်ကို လာရောက်ကြတဲ့ ရှမ်းလူငယ်တွေနဲ့ တအောင်း ပလောင် လူငယ်တွေကို ကေအိုင်အေ ကချင်တပ်ဘက်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ငါးဦးတခါ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆယ်ဦးတခါ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စကို ရှမ်းစာပေနဲ့ယဉ်ကျေးမှုကော်မတီဘက်က ရှုတ်ချကြောင်းလည်း ပြောဆိုထားပါတယ်။

ရှမ်းလူငယ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရှမ်းလူငယ်ကွန်ရက်အနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ စိတ်ချလုံခြုံစွာ ဘေးကင်း လုံခြုံနေထိုင်နိုင်ရေးတို့အတွက် ကချင်လက်နက်ကိုင်တပ်အနေနဲ့ အခုလက်ရှိ ဖမ်းဆီးထားတဲ့ ရှမ်းပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးစေဖို့ တောင်းဆိုပါတယ်လို့ ရှမ်းလူငယ်ကွန်ရက် ပြောခွင့်ရ ကိုစိုင်းနော်စိုင်းကလည်း ပြောပါတယ်။

“ကျနော်တို့ကတော့ အခုလက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့အချိန်ကာလမှာ လူမျိုးတမျိုးနဲ့ တမျိုးကြား အဲ့ဒီလိုမျိုး ပဋိပက္ခဖြစ်စေနိုင်တဲ့ အနေအထားမျိုးကို မဖြစ်စေချင်ဘူးဗျာ။ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းလေးတွေပဲ ကျနော်တို့ ဖြစ်စေချင် ပါတယ်။ ခေါ်ဆောင်ထားတယ် ဆိုလို့ရှိရင်လည်းပြန်လွှတ်ပေးဖို့ လူငယ်ကွန်ရက်အနေနဲ့ တောင်းဆိုချင်ပါတယ် ခင်ဗျ။”

အခုလို အရပ်သားရှမ်းလူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးလည်း ကေအိုင်အိုတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့စဉ်ကတော့ ငြင်းချက်ထုတ်ပါတယ်လို့ ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းကျော်သီဟက ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အမှုတွေမှာ အရင်တုန်းကဖြစ်ခဲ့တဲ့အမှုတွေမှာ KIO ကလည်း ကျူးလွန်ခဲ့တာ အများကြီးရှိခဲ့ကြောင်း ကျနော်တို့တင်ပြတော့ သူတို့က အဲဒီတုန်းကတော့ စစ်ရေးအခြေအနေ ကြောင့်ဖြစ်ခဲ့ရတာရှိတာပေါ့နော်။ ပြီးတော့ သူတို့လည်း တော်လှန်ရေးအခြေအနေကြောင့် အဲဒီလိုလုပ်ခဲ့ရတာပေါ့သူတို့က။ ဒါပေမယ့် နောက်မှာ ရှမ်းအမျိုးသားတွေနဲ့ စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီးမှ စုဆောင်းရေး ရှမ်းအမျိုးသားတွေကို စုဆောင်းရေး မလုပ်တော့ဘူး ဆိုပြီးတော့မှ ၂၀၁၃ ကတည်းက policy ထုတ်ထားတယ်ပေါ့။ နောက်ပြီးတော့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်တာတွေအတွက်တော့ သူတို့ဆီမှာ Policy တော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အောက်ခြေက ရှိနိုင်တယ်ပေါ့နော်။ အဲဒီအတွက် သူတို့ နောက်နောင်မှာ သူတို့ အဲဒီလိုမျိုးမဖြစ်ရအောင် သူတို့ပြန်ပြီးတော့မှ ကော်မတီ အရှေ့မှာ သေချာဆွေးနွေးပြီးတော့မှ ကြပ်မတ်သွားမယ်လို့ အဲဒီလိုပြောခဲ့တယ်လေ။”

အခုအချိန်အခါဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေတဲ့ ကာလ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးရေး အတွက် ညှိနှိုင်းဆောင်ရွက်နေတဲ့ အလွန်သိမ်မွေ့တဲ့ အချိန်အခါဖြစ်တယ်ဆိုတာကိုလည်း SNLD သူတို့ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းထားပါတယ်။

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ရှေးရှု့ပြီး နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ KIA ကို အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်လို့ SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

“ဒီအချိန်မှာတော့ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးကိစ္စအနေနဲ့ပဲ ဆွေးနွေးစေချင်တယ်။ နိုင်ငံရေးနည်းနဲ့ပဲ စည်းစားစေချင်တယ်။ ဒီအချိန်မှာတော့ စစ်ရေးနည်း အနေနဲ့ မစဉ်းစားစေချင်ဘူး။ ဖြစ်နိုင်သလောက် ကျနော်တို့ လူမျိုးစုအချင်းချင်းမှာ တတ်နိုင်သလောက် ကျနော်တို့ စည်းစည်းရုံးရုံးနဲ့ ညီညီညွတ်ညွတ်နဲ့ တိုင်တိုင်ပင်ပင်နဲ့ လုပ်ချင်တယ်။ အဲဒါဆို ပိုကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

တတိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးရအောင်လည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေတဲ့ အချိန်ဖြစ်သလို ဒေသတွင်း အရပ်သူအရပ်သားပြည်သူလူထုရဲ့ လုံခြုံရေး၊ အေးချမ်းသာယာမှုရှိစေရေး အားလုံးက ကာကွယ်စောင့်ရှောက်ရမယ့် ဒီလို အချိန်မှာ အခုလို ပြည်သူလူထုကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် စစ်မူထမ်းစေခိုင်းတာာဟာ အလွန်အင်မတန် မလျော်ကန်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ SNLD ဘက်က အလေးအနက်တောင်းဆိုပါတယ်လို့လည်း SNLD ပါတီ အတွင်းရေးမှူးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကချင်တပ် KIA တာဝန်ရှိသူတွေကို ဗွီအိုအေမြန်မာပိုင်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

XS
SM
MD
LG