သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ


Left to right, Great Britain Prince William, his wife Catherine, Duchess of Cambridge, French President Francois Hollande, Belgian Queen Mathilde and King Philippe, German President Joachim Gauck, Spanish King Felipe and Luxembourg Hereditary Grand-Duke Prince Guillaume attend a ceremony at the Cointe Inter-allied Memorial, commemorating the 100th anniversary of the outbreak of World War I (WWI) in Liege, Belgium, Aug. 4, 2014.
Left to right, Great Britain Prince William, his wife Catherine, Duchess of Cambridge, French President Francois Hollande, Belgian Queen Mathilde and King Philippe, German President Joachim Gauck, Spanish King Felipe and Luxembourg Hereditary Grand-Duke Prince Guillaume attend a ceremony at the Cointe Inter-allied Memorial, commemorating the 100th anniversary of the outbreak of World War I (WWI) in Liege, Belgium, Aug. 4, 2014.
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာစစ်တပ်ပိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် နိုင်ငံရေး နဲ့ စီးပွားရေးအပြင်၊ လူ့အခွင့်အရေး အခြေခိုင်ဖို့ အမေရိကန်က လိုလားတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။ မနေ့က အမေရိကန် အောက်လွှတ်တော်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ ကြားနာစစ်ဆေးပွဲမှာ အမေရိကန် ထိပ်ပိုင်းခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမေရိကန် စီးပွားရေးကိုယ်စားလှယ်တွေ နဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy တို့ဟာ မနေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြားနာပွဲ မှာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေအနေတွေအပြင်၊ အနာဂတ်မှာ အမေရိကန် နဲ့ မြန်မာ စစ်ရေးအရ ဆက်ဆံရေး နဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုအခန်းဏ္ဍ နဲ့ ပက်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး မြန်မာပြည်သူလူထုအနေနဲ့ ဒီ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကနေတဆင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်း တွေ နဲ့ အလုပ်အကိုင် ရရှိရေးကို မျှော်လင့်နေကြတာဖြစ်တယ်လို့လည်း မစ္စတာ Posner က ပြောပါတယ်။ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ရာမှာ အမေရိကန်အနေနဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒအရ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"မြန်မာနိုင်ငံ နဲ့ မြန်မာနိုင်ငံသားတွေ အောင်မြင်တိုးတက်ဖို့အတွက် ကျနော်တို့ လိုလားပါတယ်။ ဒီလိုဖြစ်လာဖို့က နိုင်ငံရေး နဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ စီးပွားရေးမှာ မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့လိုသလို နိုင်ငံရေးစနစ်မှာလည်း လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အခြေခံဖို့ လိုပါတယ်။ အဲဒီနှစ်ရပ်က အတူတကွ ဒွန်တွဲနေရမှာဖြစ်ပါတယ်။ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီမိုကရေစီကို သံဓိဌာန်ခိုင်မာစွာ မဖော်ဆောင်တဲ့ နိုင်ငံမှာဆိုရင် နိုင်ငံခြားကုမ္ပဏီတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုက မလွယ်ပါဘူး။ ကျနော် မြင်ရသလောက်ကတော့ ကျနော်တို့ရဲ့ အကျိုးစီးပွားကတော့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ မူဝါဒဖြစ်ရမှာပါ။”

အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ မပြုလုပ်ဖို့ကို လည်း အမေရိကန်အစိုးရအနေနဲ့ ကုမ္ပဏီတွေကို ကန့်သတ်ထားကြောင်းလည်း မစ္စတာ Posner က ပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်တပ်ပါဝင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ ပြောနေသလို၊ တခြား အကန့်အသတ်တွေလည်း ကျနော်တို့ ချထားပါတယ်။ ဒါ့အပြင် ပြန်ပြီးတော့ အစီရင်ခံဖို့ လိုအပ်ချက်တွေလည်း ကျနော်တို့ ချမှတ်ထားပါတယ်။ လူ့အခွင့်အရေး နဲ့ ပတ်သက်ပြီး တော့ လေးစားလိုက်နာဖို့ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်သမားရေး နဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီတွေက လေ့လာဖို့ကိုလည်း ကျနော်တို့ အလေးထားပါတယ်။ ခရိုနီတွေအပေါ်မှာ ကျနော်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ချမှတ်ထားပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျနော်တို့ လျှော့ပေးမှာမဟုတ်ပါဘူး။ ဒီကိစ္စတွေဟာ ကျနော်တို့ အလေးထားတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်”

ဒါ့အပြင် အမေရိကန် မြန်မာ စစ်ရေးဆက်ဆံရေး နဲ့ ပတ်သက်ပြီးတော့လည်း သူက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်ပြောခဲ့သလိုပါ။ အောက်တိုဘာလတုန်းက လူ့အခွင့်အရေး အခြေတင်ဆွေးနွေးမှုမှာ အမေရိကန် အာရှပစိဖိတ်ရေးရာ စစ်ဌာနချုပ်က ဗိုလ်ချုပ် ဝက်ရှင်းစကီး အပါအဝင် ထိပ်တန်း အမေရိကန် စစ်ဖက်အရာရှိတွေ ပါဝင်ခဲ့ပါတယ်။ သူက စစ်တပ်ကို အရပ်ဖက်က ထိန်းချုပ်တဲ့ ကိစ္စအကြောင်း၊ တပ်အုပ်ချုပ်မှုအကြောင်း၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လေ့ကျင့်သင်တန်းတွေ အကြောင်း၊ ပြီးတော့ ဥပဒေ ချိုးဖောက်ရာမှာ တာဝန်ခံမှုအကြောင်း စတာတွေကို သူက ဆွေးနွေးခဲ့ပါတယ်။ ဒါက စစ်တပ်အနေနဲ့ ပြုမူဆောင်ရွက်သင့်တဲ့ အကြောင်းတွေပါ။ ဒီအချက်တွေ နဲ့ ပတ်သက်ပြီး ကျနော်တို့ အရပ်ဖက်ကိုသာမက ၊ စစ်ဖက်က ပုဂ္ဂိုလ်တွေကိုလည်း အလားတူမျိုး အရိပ်လက္ခဏာတွေပြသင့်ပါတယ်”

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ ဆက်ပြီးဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလို မြန်မာအစိုးရ နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေ တာက စောလွန်းနေသေးတယ်လို့လည်း ဒီပွဲမှာတက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးရဲ့ လက်ထောက် စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောပါတယ်။

“အခုအချိန်က အရမ်းစောလွန်းနေသေးတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲက ရန်ကုန် နဲ့ မန္တလေးမှာပဲရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲတယ် ဆိုတာကလည်း အောက်ခြေအထိ မရောက်သေးဘူး။ အစိုးရကို တရားဝင်လုပ်ပိုင်ခွင့်ပေးတာ နဲ့ အထောက်အပံ့ပေးဖို့ဆိုတာ စစ်တပ်ကနေ အခု ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အခုချက်ခြင်း ရပ်တန်းက ရပ်ရမယ်။ မရပ်သေးသရွေ့ မဖြစ်နိုင်သေးပါဘူး”

ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးရဲ့ လက်ထောက်စေ့စပ်ညှိနှိုင်းရေးမှူး Ah Noh က ပြောသွားတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးတိုးတက်ကောင်းမွန်လာစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ အထောက်အပံ့တွေ ဆက်ပြီး ပေးသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံ နဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ အထူးညှိနှိုင်းဆောင်ရွက်ရေးမှူး Patrick Murphy က ပြောပါ တယ်။
XS
SM
MD
LG