သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက်စိတ်ရှည်ကြဖို့ တိုနီဘလဲတိုက်တွန်း


မစ္စတာ တိုနီဘလဲယား ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်တွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ (အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၂)။
မစ္စတာ တိုနီဘလဲယား ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်တွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ (အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၂)။
ငြိမ်းချမ်းရေးဖော်ဆောင်တာဟာ လွယ်ကူတဲ့လုပ်ငန်း မဟုတ်တဲ့အတွက် စိတ်ရှည်သည်းခံပြီး သတ္တိရှိရှိ လုပ်ဆောင်ဖို့လိုတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Tony Blair (တိုနီ ဘလဲယား) က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေ တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အားဖြည့် ကူညီရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မစ္စတာဘလဲ မြန်မာနိုင်ငံမှာ ရောက်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲယားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဗြိတိန်အစိုးရနဲ့ မပတ်သက်ဘဲ သူတည်ထောင်ထားတဲ့ တိုနီဘလဲယား ဖောင်ဒေးရှင်းရဲ့ အကြီးအကဲတဦးအနေနဲ့ ရောက်လာခြင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ ဗြိတိသျှသံရုံးက အမည်မဖော်လိုသူ သံတမန်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

မတ်လ ၁၆ ရက်၊ စနေနေ့မှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာကို သွားရောက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ပတ်သက်လို့ သူ့အမြင်တွေကို ပြောကြားခဲ့တာပါ။

“ငြိမ်းချမ်းရေးဖော်ဆောင်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သတ္တိရှိဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိသလိုပဲ တဘက်နဲ့တဘက် အဆင်မပြေတာ၊ မှားယွင်းမှုတွေဖြစ်ပေါ်တာတွေ ရှိလာတဲ့အခါ သည်းခံကြဖို့ လိုပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် အချိန်ပေး ပြင်ဆင်မှုတွေ လုပ်ရတဲ့အတွက် ဦးဆောင်လုပ်ကိုင်နေသူတွေကို အပြင်လူတယောက်အနေနဲ့ လေးစားပါတယ်။ အကောင်းဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ကျနော့်ဘက်က စည်းလုံး ညီညွတ်မှုကို ပြသပြီး ကူညီနိုင်တာရှိရင်လည်း ကူညီ ပံ့ပိုးသွားမှာပါ။”

ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲယားရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိပြုလုပ်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားဖြည့် ကူညီဖို့အတွက် လာရောက်လေ့လာတဲ့ ခရီစဉ်လည်း ဖြစ်ပါတယ်။

တိုနီးဘလဲယားဖောင်ဒေးရှင်းဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ထွန်းကားရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

တကယ်တော့ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား ဟာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလို စကားမပြောခင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဝန်ကြီးဦးစိုးသိန်းနဲ့ လာရောက်တွေ့ဆုံတယ်ပေါ့။ ဝန်ကြီးဦးစိုးသိန်း တွေ့ဆုံတာက တခုဗျ။ နောက် ကျနော်တို့ Myanmar Peace Center ဟောထဲမှာ ဒီနေ့ ဝန်ကြီးဦးအောင်မင်းနဲ့ ရန်ကုန်မှာရှိတဲ့ ကရင် community နဲ့ ကချင် community နဲ့ ဆွေးနွေးတဲ့ပွဲလည်း ရှိတယ်ဗျ။ အဲဒါကတော့ ၃ နာရီမှာစပြီး ၆ နာရီမှာ ပြီးပါတယ်။ အဲဒီတော့ ၅ နာရီခွဲလောက်မှာ တိုနီဘလဲယား က သူ့အနေနဲ့လည်း ဝင်ပြီးတော့ နှုတ်ဆက်လိုတယ်၊ ဒီပွဲကိုလည်း သူ ဝင်အားပေးလိုတယ်ဆိုတာနဲ့ အားလုံးကိုခွင့်တောင်းပြီးတော့ သူ ခဏရောက်ပါတယ်။ ၅ နာရီခွဲကရောက်တယ်။ သူ ဒီမှာ ၅ မိနစိ ၆ မိနစ်လောက် ဝင်ထိုင်တယ်။ ပြီးတော့ အားလုံးကို လိုက်ပြီးတော့ သူ့အနေနဲ့ နှုတ်ဆက်တယ်။ သူ့အနေနဲ့ စကားအနည်းငယ်ပြောသွားပါတယ်။”

ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယားဟာ မတ်လ ၁၅ ရက်နေ့တုန်းကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် မြန်မာအစိုးရ အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

တိုနီ ဘလဲယားအနေနဲ့ မြန်မာနိုင်ငံကမပြန်ခင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG