သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Traders ဟော်တယ်ခန်းတွင်းပေါက်ကွဲမှှု အမေရိကန်အမျိုးသမီး ဒဏ်ရာရ


ပေါက်ကွဲမှုဖြစ်ခဲ့သည့် Traders Hotel ရှေ့မှာ လုံခြုံရေးကင်းစောင့်နေကြသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
ပေါက်ကွဲမှုဖြစ်ခဲ့သည့် Traders Hotel ရှေ့မှာ လုံခြုံရေးကင်းစောင့်နေကြသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)
ရန်ကုန်မြို့လယ်ခေါင်က နာမည်ကြီး Trader’s Hotel မှာ ပေါက်ကွဲမှုတခု မနေ့ညက ဖြစ်တာကြောင့် တည်းခိုတဲ့အမေရိကန်နိုင်ငံသားတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်မှုမရှိပေမယ့်လို့ ဒီရက်ပိုင်းအတွင်း အခုလို ပေါက်ကွဲမှုငယ်တွေ စိတ်လာတာကြောင့် ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်နေကြ သလို ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး တင်းကြပ်မှုတွေလည်း ရှိလာပါတယ်။ အခြေအနေတွေကိုတော့ ကိုသားညွန့်ဦးက စုံစမ်းတင်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ဗုံးလန့်တာတွေ ဆက်တိုက်ဖြစ်နေချိန်မှာပဲ မနေ့ည ၁၁ နာရီခွဲကတော့ ရန်ကုန်မြို့လယ်ခေါင်က Trader’s Hotel မှာ အသေးစားပေါက်ကွဲမှု တခု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲပြီးပြီးချင်းမှာပဲ လုံခြုံရေး တပ်ဖွဲ့တွေရောက်လာခဲ့ပြီး အနီးတဝိုက် လုံခြုံရေးကို အထူးတင်းကြပ်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းမှာပဲ Trader Hotel ကို ဆက်သွယ်မေးမြန်းရာ မှာတော့ တာဝန်ကျ ဟိုတယ်မန်နေဂျာက အခြေအနေတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပြီး ဒီနေ့မနက်ပိုင်းမှာတော့ ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်ပေးနိုင်မယ် မျှော်လင့်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အခုလောလောဆယ်တော့ BE တပ်ရယ်၊ မြေပြင်တပ်ရင်းတွေရယ် စစ်ဆေးနေတယ်ခင်ဗျ။”

မေး။ ။ အမေရိကန်နိုင်ငံသားတစ်ဦး အထိအခိုက် ရှိတယ်လို့ ကြားရလို့ပါ။

“စိုးရိမ်စရာမရှိတဲ့ ဒဏ်ရာတချို့တော့ ရခဲ့တယ်ခင်ဗျ။ ဒါပေမဲ့ အခုလောလောဆယ် ဆေးရုံမှာဆိုတော့ - သွားတဲ့လူက တစ်ယောက်ဆိုတော့ အခုလောလောဆယ် ဒီဟိုတယ်မှာ ဒီမှာရှိတဲ့သူကလည်း ဖုန်းဆက်ပြီးတော့ ပြောတဲ့အခါကျတော့ စိုးရိမ်စရာမရှိပါဘူးလို့တော့ ကျနော့ကို ပြန်ပြောတယ်။ ဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတဲ့ အတိအကျကိုတော့ ကျနော်လည်း မသိပါဘူး။”

မေး။ ။ အထိအခိုက် ဘယ်နှစ်ယောက်လောက် ရှိပါလဲခင်ဗျ။

“တစ်ယောက်တည်းလို့တော့ ပြောပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ confirm မလုပ်နိုင်သေးဘူးခင်ဗျ။ investitation တော့ လွန်ခဲ့တဲ့ မိနစ် ငါးဆယ်မှာ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ trace လိုက်ဖို့ကတော့ အရမ်း အချိန်က စောသေးတဲ့အခါကျတော့ ပေါက်ကွဲမှုတော့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတဲ့ သတင်းကိုထုတ်ဖို့ အခုလောလောဆယ်က comfirm မလုပ်နိုင်သေးဘဲ ဖြစ်နေတယ်ခင်ဗျ။”

ဒဏ်ရာရရှိသူဟာ အမေရိကန်နိုင်ငံသားအမျိုးသမီးတဦးဖြစ်တယ်လို့ အေပီ သတင်းမှာတော့ ရန်ကုန်အမေရိကန်သံရုံးအရာရှိတဦး ပြောတာကို ကိုးကားဖော်ပြခဲ့ပါတယ်။ မိသားစုလိုက် အဲဒီအခန်းမှာ တည်းခို စဉ်ပေါက်ကွဲတာဖြစ်ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မဟုတ်ဘူးလို့ သိရပါတယ်။ ပေါက်ကွဲမှုဘာကြောင့်ဖြစ်သလဲဆိုတာနဲ့ ပတ်သက်ဆက်နွယ်မယ့်သူတွေကို လိုက်လံ စုံစမ်းနေပြီလို့ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စုံစမ်းစစ်ဆေးမှုတွေကို ကြီးကြပ်ဆောင်ရွက်နေတဲ့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ဒုရဲအုပ်ဟန်ဝင်းစိုးက ဗွီအိုအေကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာအခန်းမြင်ကွင်း။ (ဓာတ်ပုံ ကိုအောင်မော်ဇင်)
ပေါက်ကွဲမှုဖြစ်ပွားရာအခန်းမြင်ကွင်း။ (ဓာတ်ပုံ ကိုအောင်မော်ဇင်)

“ကိုးလွှာပေါ့နော်။ ထရိတ်ဒါးကိုးလွှာက အခန်း (၉၂၁) မှာ ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်တယ်။ လောလောဆယ်တော့ ဒီ ပေါက်ကွဲမှုဖြစ်စဉ်ကို သက်ဆိုင်ရာ BE တပ်ကနေ စစ်ပြီးတော့မှ အတည်ပြုနေတယ်။ အခုလောလောဆယ် အတည်ပြုနေတာ လက်ရှိ တည်းနေတဲ့သူမတိုင်ခင်မှာ ဒီအခန်းကို ဒီဟိုတယ်ကနေပြီး သန့်ရှင်းရေးပေါ့နော်။ မတည်းခင်အချိန်မှာ ဝင်ထွက်နေတဲ့ ဝန်ထမ်း၊ ဒါမှမဟုတ် ဧည့်သည်တွေကို စီစီတီဗွီကနေပြီး မှတ်တမ်းတွေနဲ့ ကြည့်ရှုနေပါတယ်။”

ရန်ကုန်မှာ ဒီမတိုင်ခင် ရက်ပိုင်းတွေကတည်းက ဗုံးတွေ့တာတွေ ဗုံးပေါက်ကွဲတာတွေဖြစ်ခဲ့သလို၊ လုံခြုံရေးပိုင်းကလည်း သတိပေး သတိထားနေကြတဲ့ကြားက အခုလို နာမည်ကျော်ဟိုတယ်တလုံးအတွင်းမှာပဲ ပေါက်ကွဲမှုဖြစ်တာကြောင့် ရန်ကုန်ဒေသခံတွေအတွက် စိုးရိမ်စရာအခြေအနေတော့ ဖြစ်နေတယ်လို့ အလွတ်သတင်းထောက် မအိမ့်ခိုင်ဦးက ပြောပါတယ်။

“စိတ်ထဲမှာ အခုဆို နည်းနည်းပိုပြီးစိုးရိမ်လာတယ်ပေါ့နော်။ ဟိုးလွန်ခဲ့တဲ့ ငါးနှစ်လောက်က shoping mall ကြီးတွေမှာ ပေါက်ခဲ့သလိုမျိုးများ ပေါက်မလား ဆိုတာ။ အဲဒီတုန်းကဆိုရင် ကျနော်တို့ ကျောင်းသားဘဝ Shoping Mall ကြီးတွေမှာ ပေါက်ခဲ့တော့ Shoping Mall တွေကိုလည်း မသွားရဲတော့ဘူး။ နေရာတိုင်းကို တော်တော်လေး ကြောက်နေကြတယ်။ အဲလိုပုံစံမျိုးတွေ ဖြစ်လာမလားဆိုတာ နည်းနည်းလေးတွေးပီးတော့ စိုးရိမ်မိတယ်ပေါ့နော်။”

မနေ့က မန္တလေးမြို့မှာလည်း လက်လုပ်ဗုံးတလုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ တနေ့ကကလည်း သာကေတမြို့နယ်အတွင်းက အမှိုက်ပုံတခုမှာ ဗုံးကွဲ တာကြောင့် ကလေးငယ်နှစ်ဦးဒဏ်ရာရခဲ့သလို ဒီမတိုင်ခင် ရက်တွေကလည်း ရန်ကုန်စော်ဘွားကြီးကုန်း ကားဂိတ်မှာ ဗုံးကွဲမှုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အခု လတ်တလော တွေ့ရတဲ့ ဗုံးတွေဟာ အသေးစား လက်လုပ်ဗုံးတွေဖြစ်ကြတာမို့ ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေတော့ မရှိခဲ့ပါဘူး။ အခု ရက်ပိုင်း ပေါက်ကွဲမှုတွေနဲ့ ဗုံးတွေ့တာတွေနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကိုတော့ လုံခြုံရေးအာဏာပိုင်တွေဘက်က တစုံတရာ ရှင်းလင်းပြောဆိုတာမျိုး မရှိသေးပါဘူး။
XS
SM
MD
LG