သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ရောင်းစား ခံရသူ မြန်မာ ၂၆ ဦး ကယ်တင်နိုင်ခဲ့


လူကုန်ကူးမှုတိုက်ဖျက်ရေး ကြေငြာစာတမ်း
လူကုန်ကူးမှုတိုက်ဖျက်ရေး ကြေငြာစာတမ်း
ထိုင်းနိုင်ငံဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ၁၀၀ခန့်ကွာဝေးတဲ့ ပထုံဌာနီမြို့နယ်ထဲက ပလတ်စတစ် ပစ္စည်းအဟောင်းတွေကို သန့်စင်တဲ့ စက်ရုံတခုထဲမှာ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၂၆ဦးကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေးအဖွဲ့တွေနဲ့အတူ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ပူးပေါင်း ကယ်တင်နိုင်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲကို လူပွဲစားတွေက အလုပ်အကိုင်ကောင်းတွေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဘုရားသုံးဆူ၊ ပဲခူး၊ ရန်ကုန်၊ ဘီလင်း ကျိုက်ထိုစတဲ့နေရာ အသီးသီးကနေ လာကြတဲ့ မြန်မာနိုင်ငံသား ၂၀ကျော်ကို နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းမှာ ထိုင်းလူကုန်ကူးမူတိုက်ဖျက်ရေးရဲတွေရဲ့အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာဦးကျော်သောင်းက ဆိုပါတယ်။

"ဗမာက စုစုပေါင်း ၂၆ယောက်၊ ကျားက ၁၀ယောက်၊ မက ၁၆ယောက်။ သူဌေးက မဝင်နဲ့ ခြံထဲ မဝင်နဲ့၊ ဘာညာဆိုတော့ ရဲကား ၁၀စီးနဲ့ရဲ အင်အား ၄၀လောက်ကို သုံးတာ။ မနေ့က ရဲနှစ်ယောက်က အဲ့စက်ရုံပတ်ဝန်းကျင်ကို ဓာတ်ပုံလာရိုက်တာ၊ အဲ့သူဌေးက လက်နက်ရှိတယ်လို့ သတင်းရတဲ့အတွက် ဒီနေ့ ရဲတဝက်လောက်မှာ ကျည်ကာအကျီတွေပါတယ်။ ဝတ်ထားတယ်။"

ပလက်စတစ်အဟောင်းပစ္စည်းတွေကို သန့်စင်တဲ့ စက်ရုံဖြစ်ပြီး ပထုံဌာနမြို့နယ်ထဲက ရွာတရွာမှာ ရှိတာပါ။ စက်ရုံမှာရောင်းစားခံ ထားရတဲ့မြန်မာတွေကို ထွက်ပြေးမှာစိုးရိမ်ပြီး စက်ရုံပတ်လည်မှာ လျှပ်စစ်ဓါတ်အားများ လွှတ်ထားတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။

"အဓိက မထွက်ပြေးအောင်ပေါ့နော်။ ထွက်ပြေးရင် လျှပ်စစ်ထိပြီးတော့၊ လျှပ်စစ်က ဝင်းအပြည့်မှာ အကုန်လုံးလွှတ်ထားတာ။ လျှပ်စစ်စီးတာက အမည်းရောင် အဲ့ဒီ့အစိမ်းရောင်ကို သွားထိရင် လျှပ်စစ်ထိတယ်။ အဲ့ဒီ့ကြိုးအနီကို ထိရင် လျှပ်စစ်မလိုက်ဘူး။ အဲ့လိုမျိုး။ ခြံစည်းရိုးပတ်ပတ်လည် သွယ်ထားတာဗျ။ ကျနော်တို့ အခန်းဘေးမှန်သမျကို သွယ်ထားတယ်။ မိန်း မချထားဘူး။ ထွက်ပြေးမယ်ဆိုရင် ရှော့ခ် လိုက်မယ်ပေါ့။ အဲ့လိုမျိုး တားထားတာ၊ အဲ့စက်ရုံ၊ အမှိုက်ရုံကြီးက ကြာပြီ။ အဲ့အမှိုက်တွေထဲက ရတဲ့ကော်တွေကို ရွေးယူတယ်။ ယူပြီးတော့ စက်နဲ့ပြန်ကြိတ်တယ်။ ကြာကြာနေတော့ လူက လုပ်မနိုင်ဘူး။ ဖျားတယ်။ နာတယ်။ အဲ့လို ဖျားလို့ နာလို့ တရက်နားလို့ဆိုရင်လည်း တရက်စာ ဖြတ်တယ်။"

ရဲတွေကက သံဆူးကြိုးတွေကြားမှာ လျှပ်စစ်စီးတဲ့ ကြိုးများကို စစ်ဆေးမူတွေ လုပ်ခဲ့တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ဆောင်သူတွေကဆိုပါတယ်။

ပြန်လွတ်လာသူတွေထဲက အမျိုးသမီးတဦးကတော့ အခုလိုပြောပြပါတယ်။

" ဘယ်မှလည်း မသွားရ၊ ဘယ်မှလည်း မထွက်ရဆိုတော့ အဲ့လိုမျိုး ချုပ်ချယ်တာပေါ့နော်။ တရက်နားရင် နှစ်ရက်စာဖြတ်မယ်လို့ပြောတယ်။ ကျမတို့ကို ခြောက်တယ်ပေါ့။ အမျိုးမျိုးပေါ့နော်။ "

ပြန်လွတ်လာသူတွေဟာ ပွဲစားတွေရဲ့ ရောင်းစားတာကို ခံရပြီးတော့ ပိတ်လှောင်ခံထားခဲ့ရတယ်လို့ ဆိုပါတယ်။

"သမီးတို့လာတာက နာနတ်သီးရုံဆိုပြီး ခေါ်လာတာ။ အခုလာတာက အမှိုက်ကောက်တဲ့ရုံမှာ။ တအားကျဉ်းကျုပ်နေတာပဲ။ သူဌေးက အကုန်လုံး သိမ်းပိုက်ထားတယ်ပေါ့။ အကုန်လုံး ဘယ်မှ မပေးထွက်၊ မပေးလာ၊ ပါတဲ့ဖုန်းတွေကိုလည်း အကုန်သိမ်း၊"

ဘုရားသုံးဆူကနေ တဆင့် လူအုပ်စုတွေ လာကြတဲ့အခါမှာပွဲစားတွေက သူတိုတွေကို ကားတွေထဲ ဖွက်ပြီး သယ်ဆောင်လာပုံကိုလည်း လွတ်မြောက်လာသူတဦးကပြောပြပါတယ်။

"ပုလင်းကားလေ၊ ဘုရားသုံးဆူဆင်းတဲ့ကား၊ ဒါပေမဲ့ အလွတ်ပဲ ပုလင်းတွေပါတယ်။ အရည်တွေ မပါတော့ဘူး။ အဲ့တာအပြည့်ပဲ။ ကားခေါင်း ဒီဘက်နည်းနည်းကျော်လာရင် အခန်းတခန်းလုပ်ထားတယ်။ အခန်းထဲမှာ လူ၁၀ယောက်၊ ၁၂ယောက် ထားလို့ရတယ်။ အသက်ရူကျပ်တယ်ဗျ။ အန်တဲ့သူအန်၊ မူးတဲ့သူ မူး၊ ကျနော်တို့ မက်တပ်ရပ်တဲ့ ခေါင်းပေါ်မှာ ပန်ကာထားထားပေးတယ်။ အဲ့ဒီ့အခန်းကို အကုန်လုံးချပြီး ရှာမှ တွေ့နိုင်မယ်။"

အလုပ်ရှင်သူဌေး လင်မယား ၂ဦးနဲ့ မြန်မာပွဲစား ၃ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် မြန်မာ၂၆ဦးနဲ့အတူ လာအိုနိုင်ငံသား ၂၄ဦးလည်းလွတ်မြောက်လာတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကတော့ ၂၀၁၃ခုနှစ်အတွင်းမှာ လူကုန်ကူးခံရတဲ့အမူပေါင်း ၃၉မူထဲက လူ၂၅၇ယောက်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
XS
SM
MD
LG