သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး နဲ့ လူ ၄၀ သေဆုံး


ခြင်ကတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ။
ခြင်ကတဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ။

မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ အရေအတွက် ၇၀၀၀ ကျော် ကနေ ၉၀၀၀ လောက်အထိရှိလာပြီး လွန်ခဲ့တဲ့အပါတ်အတွင်း လူပေါင်း ၄၀ လောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး အေပီ သတင်းမှာဖေါ်ပြ ထားပါတယ်။ ခြင်က တဆင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကို အသက် ၁၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးတွေ့ရပြီး အထူးသဖြင့် အသက် ၃ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးတွေမှာ အဖြစ်များတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း အခုအခါ လူကြီးအချို့မှာပါ ဒီသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါး တာကို တွေ့လာရတာကြောင့် ဒါဟာ အသက်အရွယ်မရွေး ရာသီမရွေး ဖြစ်ပွါးနိုင် တယ်ဆိုတာကို သတိထားဖို့ ကျန်းမာရေး အရာရှိတွေက သတိပေး ပြောဆိုပါတယ်။ ခြင်ပေါများတဲ့ဒေသ အချို့မှာနေထိုင်တဲ့ အသက် ၃ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပြီး လူကြီးတွေမှာတော့ ရောဂါဖြစ်ပွါးနှုန်းနဲပြီး သေဆုံးမှုလည်း သိတ်မရှိဘူးလို့ ကလေးသူငယ် ရောဂါတားဆီးရေးနဲ့ ထိန်းချုပ်ရေး ကျွမ်းကျင်သူ ဦးစိုးဝင်းက ပြောပါတယ်။

ကမ္ဘာ့အပူပိုင်းဒေသနဲ့ အဲဒီအနီးအနားဝန်းကျင် ဒေသတွေမှာ နေထိုင်တဲ့ လူပေါင်း သန်း ၅၀ ကနေ ၁၀၀ ကြား ဦးရေဟာ နှစ်စဉ်နှစ်တိုင်း ခြင်ကတဆင့်ကူးစက်တဲ့ ဒီသွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုကို ရင်ဆိုင်နေကြရတာပါ။ ဒီရောဂါ စတင်ဖြစ်ပွါးပြီ ဆိုလျင် ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ လူ့ခန္ဓာ ကိုယ်ကြွက်သားနဲ့ အရိုးအစစ်တွေမှာ နာကျင်တာတွေကို ခံစားရပြီး ဝက်သက်ပေါက်တာလို အရေပြားမှာ အစက်အပြောက်တွေလည်း ဖြစ်တတ်ပါတယ်။

ဒီရောဂါဖြစ်ပွါးလျင် ၃ ရက်ကနေ ၁၄ ရက်ထိ ကြာတတ်ပေမယ့် အများအားဖြင့် ၄ ရက်ကနေ ၇ ရက်လောက်ကြာတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်း ဒီသွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များလေ့ရှိပါတယ်။

XS
SM
MD
LG