သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားဗုံး ပေါက်ကွဲမှု ၆၀ ထက် မနည်း သေဆုံး


Zliten မြို့က ရဲသင်တန်းကျောင်း ပေါက်ကွဲမှု။ (ဇန်နဝါရီလ ၇၊ ၂၀၁၆)
Zliten မြို့က ရဲသင်တန်းကျောင်း ပေါက်ကွဲမှု။ (ဇန်နဝါရီလ ၇၊ ၂၀၁၆)

လစ်ဗျားနိုင်ငံ အနောက်ဘက်က ရဲသင်တန်းကျောင်းတခုမှာ ကြာသပတေးနေ့က ထရပ်ကားတစင်းနဲ့ ပြင်းထန်တဲ့ဗုံး ပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးပြီး၊ နောက်ထပ် လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Zliten မြို့က ရဲသင်တန်းကျောင်းမှာ တပ်သားသစ် ရာနဲ့ချီ စုဝေးနေချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ကြာသပတေးနေ့နှောင်းပိုင်းမှာပဲ - Sirte မြို့ အရှေ့ဘက် Ras Lanouf စစ်ဆေးရေးဂိတ်တခုမှာ ဖြစ်ခဲ့တဲ့ သီးခြား ကားဗုံး ပေါက်ကွဲမှုတခုမှာလည်း - အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီသီတင်းပတ်ထဲ Ras Lanouf နဲ့ Es Sider ရေနံဆိပ်ကမ်းအနီးကို IS စစ်သွေးကြွတွေ လာရောက် တိုက်ခိုက်ခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့သလို၊ Zliten မှာဖြစ်ခဲ့တဲ့ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှု အတွင်း လူ ၆၅ ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ လစ်ဗျားနိုင်ငံ ကူညီထောက်ပံ့ရေးရုံး (UNSMIL) အကြီးအကဲ Martin Kobler ကတော့ ပေါက်ကွဲမှုဟာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်တယ်လို့ Twitter အင်တာနက် လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှု အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် လစ်ဗျားနိုင်ငံသားတွေအားလုံး အမြန်ဆုံးစုစည်းညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG