သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမြို့တော် ကားဗုံးပေါက်ကွဲမှု ၃၄ ဦးသေဆုံး


တူရကီ ကားဗုံးပေါက်ကွဲမှု ၃၄ ဦးသေဆုံး
တူရကီ ကားဗုံးပေါက်ကွဲမှု ၃၄ ဦးသေဆုံး

တူရကီနိုင်ငံမြို့တော် Ankara က အဓိက ရင်ပြင်ကြီးမှာ တနင်္ဂနွေနေ့က ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့တဲ့အတွက် အနဲဆုံး လူ ၃၄ ဦး သေဆုံးသွားပါတယ်။

တူရကီကျန်းမာရေးဝန်ကြီး Mehmet Muezzinoglu ကတော့ ဒဏ်ရာရသူ ၁၂၅ ယောက်ကို အန်ကာရာမြို့မှာရှိတဲ့ ဆေးရုံး အများအပြားမှာ ကုသမှုပေးနေတယ်လို့ ပြောပါတယ်။ အဲဒီအထဲက ၁၉ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လူ ၃၀ သေဆုံးပြီး ကျန် ၄ ဦးကတော့ ဆေးရုံရောက်မှာ သေသွားတာလို့ Muezzinoglu က ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တနင်္လာနေ့မှာ အပြီးသတ်နိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်ကြောင်း ပြည်ထဲရေးဝန်ကြီး Efkan Ala က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ နိုင်ငံခြားသံရုံးတွေနဲ့ အစိုးရ အဆောက်အဦးတွေအနီးမှာရှိပြီး ဈေးဆိုင်ခန်းတွေ၊ ပို့ဆောင်ရေးဆိုင်ရာ အချက်အခြာကျတဲ့ နေရာဖြစ်တဲ့ Kizilay ရင်ပြင်အနီးမှာ ဖြစ်သွားခဲ့တာပါ။

ပေါက်ကွဲမှုဟာ ဘတ်စ်ကားမှတ်တိုင်မှာရှိတဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကားဗုံးထောင် ဖောက်ခွဲမှုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Ala က ပြောပါတယ်။ အနီးနားမှာရှိတဲ့ ကားတွေမီးလောင်ပြီး တွန့်လိမ် ပျက်ဆီးနေတဲ့ ကားအများအပြားရဲ့ ပုံတွေကို ရုပ်မြင်သံကြား သတင်းတွေမှာ ပြသခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အန်ကာရာမြို့လယ်ခေါင်ကို တိုက်ခိုက်မှုပြုလုပ်ဖို့ စီစဉ်နေတဲ့အတွက် အမေရိကန် နိုင်ငံသားတွေအနေနဲ့ အဲဒီ နေရာကို မသွားကြဖို့ အမေရိကန်သံရုံးက လုံခြုံရေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်အပြီး ၂ ရက်အကြာမှာ ဖြစ်သွားခဲ့တာပါ။

XS
SM
MD
LG