သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဗုံးခွဲတိုက်ခိုက်မှု၊ လူ ၃ ဦးသေ၊ ၄၅ ဦး ဒဏ်ရာရ


တူရကီနိုင်ငံအတွင်း ကာဒ်လူမျိုးစုတွေ အဓိကနေထိုင်တဲ့ Diyarbakir မြို့မှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရခဲ့တဲ့အကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

မတရားအသင်း ကြေညာထားတဲ့ Kurdistan အလုပ်သမားပါတီ PKK က စစ်သွေးကြွလို့ သံသယရှိသူ ၇ ယောက် ဆေးရုံပို့ဖို့ တင်လာတဲ့ ရဲကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားပေါ်မှာ ရဲအရာရှိ ၉ ယောက်လည်း လိုက်ပါခဲ့ပါတယ်။

အဲဒီစစ်သွေးကြွလို့ သံသယရှိသူ ၇ ယောက်ကို Diyarbakir မြို့က စက်ရုံတရုံကို ဝင်စီးဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးထားတာ ဖြစ်တဲ့အကြောင်း အစိုးရရုံးက ကြေညာချက်မှာ ဖော်ပြပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုခြင်း မရှိပါဘူး။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သူ ၃ ယောက်ဟာ နောက်ပိုင်း ဆေးရုံအရောက် သေဆုံးသွားခဲ့တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ သေဆုံးသူတွေထဲမှာ PKK အဖွဲ့က ဖမ်းဆီးထားသူတွေ ပါ မပါ၊ ရဲအရာရှိတွေ ပါ မပါ ဆိုတာကိုတော့ မသိရသေးပါဘူး။

အနီးနား လက်ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့သူတွေ၊ ကားအနီးနား ဖြတ်သွားတဲ့သူတွေ အပါအဝင် ရဲအရာရှိ ၁၂ ဦးနဲ့ အရပ်သား ၃၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ကာဒ်လူမျိုးစုသူပုန်တွေဟာ ရဲနဲ့ စစ်တပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

အင်္ဂါနေ့ စောစောပိုင်းကလည်း အရှေ့ပိုင်းပြည်နယ် တခုဖြစ်တဲ့ VAN ပြည်နယ်အတွင်း လမ်းဘေးထောင် ဗုံးတလုံးကြောင့် ရဲအရာရှိ ၂ ယောက် သေဆုံးခဲ့တဲ့အကြောင်း တူရကီ သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ ဖောက်ခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး Kurdistan အလုပ်သမားပါတီ PKK အဖွဲ့ကို အပြစ်တင်ထားပါတယ်။

XS
SM
MD
LG