သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေနဲ့ တူရကီဝန်ကြီးချုပ် တွေ့ဆုံ


တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ညပိုင်းမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ဆန္ဒပြသူတွေ စုဝေးရာ Istanbul မြို့လယ်က ရင်ပြင်ကို လုံထိန်း ရဲတပ်ဖွဲ့တွေက ရှင်းလင်းလိုက်ပြီ ဖြစ်ပါတယ်။

မြို့လယ်က Taksim ရင်ပြင်အနီးမှာရှိတဲ့ ပန်းခြံအတွင်း အဆောက်အဦးသစ် တည်ဆောက်မယ့်ကိစ္စကို ကန့်ကွက် ဆန္ဒပြကြရာက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအဖြစ် ပြောင်းလဲပြီး သီတင်း ၂ ပတ်လောက် ဆန္ဒပြခဲ့ကြတဲ့နေရာကို ရဲတွေက ပြန်လည် သိမ်းပိုက်လိုက်တာလည်း ဖြစ်ပါတယ်။

ဘာသာရေးအရ ဘက်လိုက်မှုမရှိတဲ့ တူရကီနိုင်ငံကို သူ့ရဲ့ အစ္စလာမ်အစွန်းရောက် အယူဝါဒတွေ ရိုက်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ရီစပ် တာယစ် အာဒိုဂန် (Recep Tayyip Erdogan) ရာထူးက နှုတ်ထွက်ပေးဖို့အတွက်လည်း တောင်းဆိုခဲ့ကြတာပါ။

အင်္ဂါနေ့တုန်းက ရဲတွေက မျက်ရည်ဗုံးတွေ၊ မီးသတ်ပိုက်တွေသုံးပြီး အဲဒီ Taksim ရင်ပြင်က ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့ကြတာမှာ ဗုဒ္ဓဟူးနေ့ လင်းအားကြီးအထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဝန်ကြီးချုပ်ကတော့ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူတချို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ တူရကီနိုင်ငံ မျက်နှာပျက်စေပြီး စီးပွား ကျဆင်းစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်လို့ ဝန်ကြီးချုပ်က စွပ်စွဲ ပြောဆိုထားပါတယ်။
XS
SM
MD
LG