သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီလေကြောင်းပိုင်နက် ကာကွယ်ခွင့်ရှိ Obama ပြော


ဆီးရီးယားနဲ့ တူရကီနှစ်နိုင်ငံ နယ်စပ်ဒေသမှာ ရုရှားတိုက်လေယာဉ် အင်္ဂါနေ့က ပစ်ချခံလိုက်ရတာဟာ ဆီးရီးယားနိုင်ငံအတွင်း ရုရှားက ပြုလုပ်နေတဲ့ စစ်ဆင်ရေးမှာ ပြဿနာရှိနေတယ် ဆိုတာကို ပြသလိုက်တာဖြစ်ပြီး တူရကီနိုင်ငံအနေနဲ့ သူ့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

တူရကီက ပစ်ချလိုက်တဲ့ Su – 24 အမျိုးအစား ရုရှားတိုက်လေယာဉ် ပစ်ချခံရမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်း ရယူနေဆဲဖြစ်ပေမဲ့ ရုရှားတိုက်လေယာဉ်တွေဟာ တူရကီနယ်စပ်မှာရှိတဲ့ သဘောထားပျော့ပြောင်းတဲ့ ဆီးရီးယားအတိုက်အခံတွေရှိရာ ဒေသကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ပြင်သစ်သမ္မတ Francois Hollande နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။

နှစ်ဘက်စလုံးက ပြဿနာ အရှိန်မြင့် ဆိုးရွားလာခြင်းမရှိအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ သမ္မတ အိုဘားမားက တိုက်တွန်းလိုက်ပြီး ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ဆီးရီးယားပဋိပက္ခကို သံမတန်ရေး နည်းလမ်းနဲ့ အမြန်ဆုံး အဖြေရှာ လုပ်ဆောင်သင့်ပြီဆိုတာကို ပြသလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဂျက်တိုက်လေယာဉ်ကို တူရကီ F 16 တိုက်လေယာဉ်တွေက ပစ်ချလိုက်တဲ့ ဖြစ်ရပ်ဟာ တူရကီအနေနဲ့ ရုရှားကို နောက်ကျော ဓားနဲ့ထိုးလိုက်သလိုဖြစ်ပြီး အကြမ်းဖက်သမားတွေကို ထောက်ခံရာရောက်စေတယ်လို့ ရုရှားသမ္မတ Vladimir Putin က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

တူရကီလေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတဲ့ ရုရှားတိုက်လေယာဉ်အနေနဲ့ ပြန်ထွက်သွားဖို့ ၅ မိနစ်အတွင်းမှာ ၁၀ ကြိမ်တိုင်တိုင် သတိပေးတာကို တုန့်ပြန်ခြင်းမရှိတဲ့အတွက် ပစ်ချလိုက်တာလို့ တူရကီအစိုးရက ပြောပါတယ်။ တူရကီနိုင်ငံအနေနဲ့ အဲဒီလို အဖြစ်မျိုး မဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင်ရှားခဲ့ကြောင်း၊ ဒါပေမယ့် တူရကီနိုင်ငံအနေနဲ့ သူ့ရဲ့နယ်မြေကို ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို လူတိုင်းက အသိအမှတ်ပြု လေးစားသင့်ကြောင်း သမ္မတ Recep Tayyip Erdogan ကလည်း ပြောပါတယ်။

ရုရှားဂျက်တိုက်လေယာဉ်ကို ပစ်မချခင် တူရကီတိုက်လေယာဉ်မှူး အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိခဲ့ဘူးလို့ အမေရိကန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အတည်ပြု ပြောကြားပါတယ်။

XS
SM
MD
LG