သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရင်းစစ်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေအတွက် အမည်တင်သွင်း


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်းလာစေဖို့ဆိုတဲ့ ရည်ရွယ်နဲ့ မကြာသေးခင် ရက်ပိုင်းက စလို့ ဝန်ကြီးနေရာ အပြောင်းအရွှေ့တွေ လုပ်ဆောင်လာတာမှာ ဒီကနေ့ လည်း ဝန်ကြီးနေရာတချို့ ပြောင်းရွှေ့ခန့်အပ်မှုနဲ့ ပတ်သက်ပြီး သမ္မတရုံးကနေ ပြည် ထောင်စု လွှတ်တော် နာယကဆီကို သဝဏ်လွှာ ၂ စောင် ပေးပို့ခဲ့ပါတယ်။ ဒီသဝဏ်လွှာအရ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နေရာနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်တွေအတွက် သမ္မတက ရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ပတ်သက်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ စက်တင်ဘာလ သုံးရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယကထံ သမ္မတရုံးက ပေးပို့ခဲ့ တဲ့ သဝဏ်လွှာ ပထမတစောင်ထဲမှာ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ်တဲ့ အပေါ်မှာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တဲ့အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက သဘောတူညီချက်ရယူပြီး အတည်ပြုပေးဖို့အတွက် ဖော်ပြထားတာပါ။

အရင်က ဒီ ပြည်ထောင်စု စာရင်းစစ်ချုပ်တာဝန်ကို ဦးလွန်းမောင်က တာဝန်ယူထားတာဖြစ်ပြီး မကြာသေးခင်က သူ နုတ်ထွက်ခဲ့တဲ့ အတွက် သူ့နေရာမှာ ဝန်ကြီး ဦးသိန်းထိုက်ကို အစားထိုးခန့်အပ်ဖို့ သမ္မတက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်မယ့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာမှာ ဒုဗိုလ်ချုပ်ကြီး လှမင်းက လက်ရှိ တာဝန်ယူ ထားတာ ဖြစ်ပါတယ်။

ဒုတိယသဝဏ်လွှာမှာတော့ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက်ဆိုင်ရာကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့နဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RNDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“သမ္မကြီးကနေ - နဂိုရ်က သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ် လိုပါသဖြင့်.. အဲ့လိုပဲ ပါ ပါ တယ်ခင်ဗျ။ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ မနက်ဖြန် ပြည်ထောင်စု လွှတ်တော်ကျမှ အတည်ပြုမှာပါ။ ဗိုလ်ချုပ်ကြီးဝေလွင် က ရန်ကုန်တိုင်းမှာလည်း သူ့ကို ခေတ္တခဏ တာဝန် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ဒုတိယ သမ္မတဖြစ်မယ်လို့ ထင်ကြေးပေးခဲ့တုန်းက။ အဲ့ဒီနေရာကနေပြီးတော့ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒုသမ္မတ မဖြစ်လာတော့ ဒုဗိုလ်ချုပ်ကြီးဝေလွင်က ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာမှာ အစားထိုးပေးလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး လှမင်းကတော့ နဂိုရ် စစ်ဘက်ဆိုင်ရာ တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ် ဆိုပြီး ပြောပါတယ်။ ဒုဗိုလ်ချုပ်ကြီးဝေလွင်ကလည်း ကျနော်တို့ ကြားသိရတာကတော့ တော်တော့ ကို ဖြောင့်မတ်မှန်ကန်တဲ့ စစ်သားကြီး တယောက်လို့ ကျနော်တို့ နားလည်ထားပါတယ်။”

မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်ချက်နဲ့ ပြီးခဲ့တဲ့ တပတ် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ဆက်တိုက်ဆိုသလို ဝန်ကြီးနေရာတွေအပြောင်းအရွှေ့နဲ့ အစိုးရတာဝန်ရှိသူတချို့ နုတ်ထွက်တဲ့အကြောင်းတွေကို သမ္မတရုံး က ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ဝန်ကြီးတွေ စာရင်းမှာ - သမ္မတရုံးဝန်ကြီး လေးနေရာ အပါအဝင် ပြန်ကြားရေး၊ သမဝါယမ၊ မွေးမြူရေးနဲ့ရေလုပ်ငန်း၊ စက်မှုနဲ့ အာကစား ဝန်ကြီးဌာန ဝန်ကြီးနေရာတွေကို အပြောင်းအရွှေ့တွေ လုပ်ခဲ့တာပါ။ ဒီလိုပဲ ဒုဝန်ကြီး တာဝန်တွေကိုတော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့အတွင်း အခုလို ဝန်ကြီးနေရာ အပြောင်းအရွှေ့တွေ ဆက်တိုက် လုပ်ဆောင်လာတဲ့ အပေါ် သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မှာဖြစ်ပြီး ပြုပြင် ပြောင်းလဲ ရေး လိုလားသူတွေလို့ အများက သတ်မှတ် ထားသူတွေ က နေရာ ပိုရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ်ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက် ကုန်တာလို့လည်း မြန်မာ့ အရေး လေ့လာသူတွေက မြင်ခဲ့ကြပါတယ်ရှင်။
XS
SM
MD
LG