သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်မိန်းကလေး ညှင်းပမ်းနှိက်စက်သူ ထိုင်းလင်မယား ထွက်ပြေးတိမ်းရှောင်


ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးငယ် တဦးကို ညှင်းပမ်းနှိပ်စက်မှု အပါအဝင် အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ အခုနောက်ဆုံး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။

၅ နှစ်ကြာ ထိုင်းအလုပ်ရှင်တွေ လက်ထဲ ရောက်သွားခဲ့တဲ့ ကရင်အမျိုးသမီးငယ်ကတော့ အခုအခါမှာ နှိက်စက်မှုတွေက ရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ထိုင်းဆေးရုံတခုမှာ ကုသမှု ခံယူနေရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုယ်တိုင် ကြားဝင်
ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။

အသက် ၁၂ အရွယ် အဲ လို့အမည်ရတဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်တဦးကို ဥပဒေမဲ့
ခေါ်ဆောင်ခိုင်းစေပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ထိုင်းအိမ်ရှင် လင်မယားနှစ်ဦး အခုနောက်ဆုံး ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် ရဲတပ်ဖွဲ့က ဆုငွေအဖြစ် ဘတ် ၁ သိန်းပေးဖို့ ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိတဲ့ နသီ ဒိုင်အွန် (Nathi Taeng-on) နဲ့ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဇနီးဖြစ်သူ ရတ်တန်နခွန် ပီယာဝရာသမ် (Rattanakon Piyaworatham) တို့ ၂ ဦးဟာ တရားရုံးက အာမခံပေး လွှတ်ထားတဲ့နောက် ရဲတပ်ဖွဲ့မှာ လာရောက် အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝရမ်းပြေးအဖြစ်နဲ့ ရဲ က ကြေညာလိုက်တာပါ။

ဒီအတွက် ထိုင်းရဲတပ်ဖွဲ့က သူတို့ ၂ ဦးနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူတွေကို ဆုငွေပေး ဖို့ ကြေညာလိုက်သလို၊ အာမခံပေးတဲ့ တရားရုံးဟာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ခံတဦးဖြစ်တဲ့ ဦးနိုင်ထွန်းကပြောပါတယ်။

“အဲ့ဒီလင်မယားနှစ်ယောက်က ထွက်ပြေးသွားတာပေါ့နော်။ ပြေးတယ်ဆိုတော့ သူတို့ကတော့ ထိုင်းဥပဒေအရ သူတို့ဟာသူတို့ လိုက်ပြီးတော့ဖမ်းဖို့ သူတို့ကြိုးစားနေတယ်လို့တော့ပြောတယ်။ အဲ့ဒီလင်မယား ၂ ယောက်ကတော့ လွတ်သွားလို့ မရဘူးပေါ့နော်။ နယ်မြေ ၆ ကိုလည်း ရဲတွေလိုက်နေတယ်။ ထွက်ပြေးသွားတဲ့ အခါကျတော့ သူတို့ရဲ့ တရားသူကြီးဆီမှာ လာပြီးတော့
ပြဿနာတက်နေတယ်။ တရားသူကြီးက ဘတ်ငွေ (၇) သိန်း နဲ့ အာမခံထားပြီး လွှတ်ပေးလိုက်
တော့ တရားသူကြီးအပေါ် pressure တွေရောက်နေတယ်ပေါ့နော်။ ဘာဖြစ်လို့ ဒီလို လုပ်ပေးလိုက် ရသလဲ ဘာညာပေါ့။ ထွက်ပြေးသွားတဲ့ အပိုင်းတို့၊ ဖမ်းတာဆီးတာ တို့ကတော့ သူတို့ဘက်က အထက် အာဏာပိုင်တွေ လုပ်ရမယ့် ကိစ္စပေါ့နော်။ ကျွန်တော်တို့ဘက်က ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးဖို့ ဘာညာဆိုပြီးတော့ ထိုင်းဘက်ကို တောင်းဆိုထားတာတော့ ရှိတယ်ခင်ဗျ။”

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြတဲ့ နိုင်းအောင်းနဲ့ နန်းဒိုင်းတို့ရဲ့ သမီးဖြစ်သူူကို ထိုင်းလင်မယား ၂ ယောက်ကနေ ဖြားယောင်းသွေးဆောင် ခေါ်ယူပြီး ၅ နှစ်တာကာလအတွင်း အိမ်ဖော်အဖြစ်နဲ့ အမျိုးမျိုး အလုပ်စေခိုင်းခဲ့တဲ့အပြင် ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးရာကနေ ဒေသခံ ထိုင်းတွေက ကယ်ဆယ်ပြီး ထိုင်းလူမှု ကယ်ဆယ်ရေးဌာနကို ပို့ဆောင်ပေးခဲ့တာပါ။

ထိုင်းလင်မယားကိုတော့ ဖြားယောင်းသွေးဆောင်မှု၊ မတရားညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အသက်မပြည့် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမဝင် အလုပ်သမား လက်ခံမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ထိုင်းတရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ဒီလိုတရားစွဲဆိုခံထားရာက ဘတ်ငွေ ၇ သိန်း အာမခံနဲ့ တရားရုံးက လွှတ်ပေးရာကနေ အခုလို ထွက်ပြေး တိမ်းရှောင်ခဲ့တာပါ။ ထိုင်းအာဏာပိုင်တွေရဲ့ ကနဦး စစ်ဆေးမှုတွေ အတွင်းမှာတော့ ကရင်အမျိုးသမီးငယ်ဟာ အိမ်ရှင် လင်မယားက ရေနွေးပူနဲ့ လောင်းတဲ့ ဒဏ်ရာတွေကြောင့် ကျော ကုန်းမှာ အပြင်းအထန် မီးလောင်ဒဏ်ရာတွေ ရခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။ တကိုယ်လုံးက နှိပ်စက်ခံ ထားရတဲ့ ဒဏ်ရာတွေကိုတော့ အခုအခါ ထိုင်းနိုင်ငံက ဆေးရုံတခုမှာ ဆေးဝါးကုသမှု ခံယူနေတယ် လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးနိုင်ထွန်း ကပြောပါတယ်။

“အခု သူ့စိတ်ပိုင်းဆိုင်ရာကတော့ သူ့အဖေအမေတွေနဲ့အတူ နေနေရတယ်လေ။ နောက် ဒီကျန်းမာရေးဆိုင်ရာ အရတော့ မနေ့ကအထိ ကျနော်တို့ ထပ်ကြားတာတော့ ပထမ နခွန်ဆဝမ်ဆေးရုံမှာ ပလတ်စတစ် Surgery တွေ ဘာတွေနဲ့ ကုပေးမယ်ပေါ့နော်။ အခုကျတော့ ဘန်ကောက်မှာရှိတဲ့ အကောင်းဆုံးဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ပေးမယ်လို့တော့ သူတို့ဘက်က မနေ့က ပြောသံကြားတယ်။ ကျနော်တို့ဘက်ကတော့ ဟိုတနေ့က သွားပြီးတော့ ထောက်ပံ့ကြေး
ငွေပေးတာတို့ သူတို့ အဖေအမေနဲ့ တွေ့ခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီကလေးနဲ့ တွေ့ပြီးတော့မှ ဘာမှ အားမငယ်ဖို့ပေါ့ ကျနော်တို့ အကူအညီပေးမယ်။ သူ့ရဲ့ပညာရေး၊ ကျန်းမာရေး ဘာညာ။ အဲ့ဒီကောင်မလေးကတော့ ကျန်းကျန်းမာမာ လုံလုံခြုံခြုံပါပဲ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း တို့ ဘာတို့ကလည်း ကျနော်တို့နဲ့ ဆက်သွယ် လာတယ်။ သူတို့ ကရင်ပြည်နယ်အနေနဲ့လည်း
ထောက်ပံ့ကြေးငွေတွေ ပေးချင်တာပေါ့နော်။ သူတို့ ကိုယ်စားလှယ်နဲ့ ဒီနေ့ သူတို့သွားပေးကြလိမ့် မယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာသံရုံးက အရာရှိတွေကနေ အနှိပ်စက်ခံရတဲ့ ကလေး မလေးကို သွားရောက် ကြည့်ရှု အားပေးခဲ့ပြီး ငွေကြေး အကူအညီတွေလည်း ထောက်ပံ့ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ အလုပ်သမား အဖွဲ့အစည်းတွေ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေကနေ စုစုပေါင်း ဘတ်ငွေ တသိန်းကျော် ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

အဆိုပါ ကလေးမလေးအတွက် အလှူငွေတွေ ပေးဆောင်နိုင်ဖို့ ထိုင်းအစိုးရကနေ ဘဏ်စာရင်း အသစ် ဖွင့်ထားပေး ခဲ့ပြီး ရောဂါအခြေအနေ ပုံမှန်ပြန်ရောက်တဲ့အထိ ဆေးဝါး ကုသပေးမယ်လို့ လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြည်တွင်းရေး မတည်ငြိမ်မှု၊ စီးပွားရေး နိမ့်ကျမှု၊ ငွေကြေး ကွာဟမှုတွေ ကြောင့် ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ အလုပ်လုပ်ကိုင်မှုဟာ တနေ့တခြား များပြားလာနေ ပါတယ်။

ဒီလို အလုပ်လုပ်ကိုင်နေစဉ်အတွင်းမှာလဲ ငွေကြေးအရသော်လည်းကောင်း၊ လုပ်အားအရသော် လည်းကောင်း လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေလည်း ရှိနေပါတယ်။

ဒီဖြစ်စဉ်တွေကနေ အကာကွယ် ပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအကြားမှာ ဆွေးနွေးနေ ကြပြီလို့လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

“အခုဆိုလို့ရှိရင် ကျနော်တို့ ပတ်စ်ပို့ လုပ်ပေးတဲ့ကိစ္စမှာ သူတို့ကနေ မဖမ်းဖို့၊ ဈေးနှုန်းကို လည်း လျော့ပေါ့ပြီး ကောက်ပေးဖို့၊ နောက်အလုပ်သမားတွေရဲ့ အခွင့်အရေး လစာ အပြည့်အ၀ ရဖို့ ကျနော်တို့ဘက်က တောင်းဆိုထား တာရှိတယ်။ ထိုင်းနိုင်ငံမှာ မတရား လစာ အပြည့်မပေးတာတို့၊ OT (အချိန်ပိုကြေး) မပေးတာတို့၊ ခေါင်းပုံဖြတ်တာတို့ တဖြေးဖြေးနဲ့ ဒီဟာကြီးက ကြီးထွားလာတဲ့ အချိန်ကျတော့ အခု ကျနော်တို့က ဂျပန်တို့၊ အမေရိကန်တို့ အီးယူတို့ ကနေပြီးတော့ သူတို့ရဲ့ ပင်လယ်ထွက် ပစ္စည်းတွေကို ပိတ်ပင် တားဆီးထားတာမျိုးတွေ ရှိတယ်ဗျ။ အဲ့ဒီဟာတွေ ကိုလည်း ကျနော်တို့ ကနေပြီးတော့မှ သူတို့ နိုင်ငံရဲ့အကျိုးစီးပွားလည်း ထိခိုက်တယ်၊ နောက်ကျနော်တို့ မြန်မာ အလုပ်သမားတွေ အတွက်လည်း နစ်နာတယ်။ အဲ့ဒီတော့ ခင်ဗျားတို့ ဖြေရှင်းပေးဖို့ ကျနော်တို့ ဒုတိယဝန်ကြီး ဦးမြင့်သိန်း က ပြီးခဲ့တဲ့ အစည်းအဝေးမှာ သူတို့ဘက်ကို တောင်းဆိုတယ်။ သူတို့ အစိုးရဘက်ကလဲ လူကြီးပိုင်း ကတော့ လုပ်ပေးပါ့မယ်။ ဘာညာဆိုတဲ့ ကတိတွေ ပေးတာပေါ့နော်။ ဒါပေမဲ့ အောက်ခြေပိုင်းဆိုင်ရာမှာ နိုင်ငံသားတွေ အပေါ်ကို အလုပ်ရှင်အနေနဲ့သော်လည်းကောင်း၊ ရဲအနေနဲ့သော်လည်းကောင်း၊ လဝကအနေနဲ့သော်လည်းကောင်း အနိုင်ကျင့် လာခဲ့တာတွေကတော့ အရိုးစွဲနေပြီ။”

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်အရသော်လည်းကောင်း၊ တရားမဝင် နည်းလမ်းနဲ့ပါ ဝင်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းလောက် ရှိတယ်လို့လည်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ခန့်မှန်းထား ပါတယ်။

အခုလို ဝင်ရောက်အလုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ တချို့သောထိုင်းလုပ်ငန်းရှင်တွေကနေ လုပ်အားခ ချိုးနှိမ်ခြင်း၊ သတ်မှတ်ချိန်ထက် အလုပ် ပိုခိုင်းစေခြင်း၊ အလုပ်သမား စိစစ်ရေးကဒ်တွေ ကို သိမ်းဆည်းထားခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်း စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေကြရပေမဲ့လည်း မြန်မာအစိုးရပိုင်းကနေ တာဝန်ယူနိုင်မှု အားနည်းနေသေးတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
XS
SM
MD
LG