သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း အပူပိုင်း မုန်တိုင်း ဂျပန်အနောက်ခြမ်း တိုက်ခိုက်


Nangka မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်း။ (ဇူလိုင် ၁၇၊ ၂၀၁၅)
Nangka မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်း။ (ဇူလိုင် ၁၇၊ ၂၀၁၅)

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း ဝင်ရောက်လာရာက မိုးသည်းထန်၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ ၂ ယောက်ထက် မနည်း သေဆုံးသွားပါတယ်။ အပူပိုင်းမုန်တိုင်း Nangka ကြောင့် ရေကြီးမြေပြိုနိုင်တဲ့ အန္တရာယ်ကြောင့် လူပေါင်းထောင်သောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့လည်း သတိပေးထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အဓိက ကျွန်းဖြစ်တဲ့ Honshu ကျွန်းက နေရာတချို့မှာတော့ မုန်တိုင်းစဝင်တဲ့ ကြာသပတေးနေ့ကစလို့ မိုးရွာနေရာမှာ မိုးရေချိန် ၆၀၀ မီလီမီတာ ကျော်အထိ ရှိနေပါပြီ။ တိုင်ဖွန်းမုန်တိုင်း အဆင့်ကနေ အပူပိုင်းမုန်တိုင်း အဖြစ် အင်အားလျော့သွားပေမဲ့ တနာရီ လေတိုက်နှုန်း ၁၅၀ ကီလိုမီတာကျော်နဲ့ ဒီကနေ့ သောကြာနေ့အထိ မုန်တိုင်းဟာ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။

မနေ့တုန်းကတော့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရင်း အနည်းဆုံး လူ ၂ ဦး ရေနစ် သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံး သွားသူတွေထဲက အသက် ၇၁ နှစ် အရွယ် အဖိုးအိုတဦးကတော့ အိမ်ပြုတင်းပေါက်ကို လုံခြုံအောင်ပိတ်ဖို့ ကြိုးစားချိန်မှာ ရေတွေ ဖုံးလွှမ်းနေတဲ့ မြောင်းထဲကို လိမ့်ကျရာက ရေနစ်သေဆုံးခဲ့တာပါ။

အနည်းဆုံး လူ ၁၇ ဦးလောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်တွေ ဖျက်ထားရသလို၊ ရထားနဲ့ ကူးတို့သင်္ဘောတွေ အပါအဝင် တခြား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း နှောင့်နှေးမှုတွေ ကြုံနေရပါတယ်။

အင်ဒိုနီးရှားဘာသာနဲ့ ပိန္နဲသီးလို့ အဓိပ္ပါယ်ရတဲ့ Nangka မုန်တိုင်းဟာ ဂျပန်ပင်လယ်ရှိရာ မြောက်ဘက်ကို ဦးတည်နေပေမဲ့ လမ်းကြောင်းပြောင်းပြီး ရှေ့သီတင်းပတ်လောက်မှာ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ကို ဝင်ရောက် တိုက်ခတ်နိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တွေ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG