သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဝန်ကြီးရဲ့ မီဒီယာလွတ်လပ်ခွင့်အမြင်


ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်နဲ့ UNESCO ရုံး အကြီးအကဲ Sardar Umar Alam တို့အား ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် အတူတွေ့ရစဉ်။ (မေ၊ ၃ ရက်၊ ၂၀၁၃။)
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်နဲ့ UNESCO ရုံး အကြီးအကဲ Sardar Umar Alam တို့အား ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် အတူတွေ့ရစဉ်။ (မေ၊ ၃ ရက်၊ ၂၀၁၃။)
မြန်မာနိုင်မီဒီယာလောကအနေနဲ့ လွပ်လပ်မှုနဲ့သွားတဲ့ မီဒီယာပုံစံမျိုးထက် လူမှုရေးအပေါ်မှာအခြေပြုပြီး တာဝန်ယူတာဝန်ခံတဲ့ ပုံစံမျိုးတွေနဲ့ ရှေ့ခရီးဆက် ဖို့ လိုနေသေးတယ်လို့ ပြန်ကြားရေး ဝန်ကြီးဦးအောင်ကြည်က ဒီကနေ့ UNESCO က ရန်ကုန်မှာ ပြုလုပ်တဲ့ ကမ္ဘာစာနယ်ဇင်းနေ့ အခမ်းအနား မှာ ပြောကြား ခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ ပြည်တွင်းက မီဒီယာတွေအနေနဲ့ ကိုယ့်လက်ထဲရောက်ဖို့ လိုအပ်နေတဲ့ မီဒီယာ လွပ်လပ်ခွင့်အတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ လိုနေသေးတယ်လို့လည်း ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဒီကနေ့ ပွဲမှာပဲ ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းအပြည်အစုံကိုတော့ ရန်ကုန်မှာပြုလုပ် တဲ့ ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ပွဲကို ကိုယ်တိုင် တက်ရောက် သတင်းရယူခဲ့ တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဒီမိုကရေစီနုနယ်စဉ် ကာလအတွင်းမှာ ကိုယ့်နိုင်ငံနဲ့ သင့်လျော်တဲ့ မီဒီယာ ပုံစံ မျိုးနဲ့ ရှေ့ခရီးဆက်ဖို့ လိုပြီး အထိန်းအကွပ်မဲ့ မီဒီယာပုံစံမျိုးထက် တာဝန်ခံမှုရှိတဲ့ မီဒီယာပုံစံနဲ့ မြန်မာ့မီဒီယာလောကကို ဆက်လက် ခရီးဆက်ရအုံးမယ် လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

“နိုင်ငံတစ်ခုမှာ မီဒီယာကျန်းမာနေဖို့ လိုပါတယ်။ ပြောချင်တာကတော့ ဆိုးကျိုးတွေ မဖြစ်စေတာ၊ အနှောင့်အယှက်သဘော မဆောင်ဘဲ ကောင်း ကျိုးတွေကို ရှေ့ရှုတဲ့ သတင်းမီဒီယာတစ်ခု ဖြစ်ဖို့ လိုပါတယ်၊ မီဒီယာက ကိုယ့်တိုင်းပြည်နဲ့ ကိုက်ညီမှုရှိတဲ့ လူမှုဘဝတွေပေါ်မှာ အခြေပြုတဲ့ပုံစံမျိုး ဖြစ်သင့်ပါတယ်။ မီဒီယာကြောင့် နုနယ်သေးတဲ့ ဒီမိုကရေစီအပေါ် အခက်အခဲဖြစ်စေတာမျိုးတွေ မရှိစေဖို့ လိုသလို ကျနော်တို့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မှုတွေ လုပ်ပြီးတော့ လွတ်လပ်ပြီး အထိန်းချုပ်မဲ့လုပ်ကိုင်တဲ့မီဒီယာမျိုးထက် တာဝန်သိ၊ တာဝန်ရှိတဲ့ မီဒီယာ ပုံစံမျိုးကို သွားသင့်တာပါ။”- လို့ ဝန်ကြီး ဦးအောင်ကြည်က အင်္ဂလိပ်လို ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံမှာ အရင်က မီဒီယာလုပ်ငန်းတွေကို ဝါဒ ဖြန့်တာ၊ အစိုးရရဲ့ သွေးဆောင်တဲ့ လက်နက်တစ်ခုလို လုပ်ခဲ့ပေမဲ့ လက်ရှိ အနေအထားမှာတော့ ပြည်တွင်း မီဒီယာလုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးမှု အရှိန်ရလာတာနဲ့အတူ လူမှုဘဝတွေကို အခြေပြုတဲ့ မီဒီယာတွေ အဖြစ် ရောက်လာပြီလို့လည်း ဦးအောင်ကြည်က ပြောပါတယ်။

ဝန်ကြီး ဦးအောင်ကြည်က မီဒီယာနဲ့ ဒီမိုကရေစီဟာ မိတ်ဖက်ဖြစ်တဲ့ အတွက် ရှေ့လာမဲ့ မြန်မာဒီမိုကရေစီခရီးလမ်းမှာ မီဒီယာရဲ့ အခန်း ကဏ္ဍဟာ မရှိမဖြစ် အရေးကြီးလိုအပ်နေပြီဆိုတာကို လုံးဝလက်ခံထားတဲ့ အကြောင်းကို လည်း သူကပြောပါသေးတယ်။

“ဒီမိုကရေစီဖော်ဆောင်ရာမှာ နိုင်ငံရေးသမားတွေချည့်ပဲ ဖော်ဆောင်နိုင်တာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ မီဒီယာနဲ့ ဒီမိုကရေစီဟာ အပြန်အလှန် လက်တွဲပြီးတော့ သူ့အခန်းကဏ္ဍနဲ့သူ အကောင်အထည်ဖော် ဆောင်ရွက်ရ မှာလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ မီဒီယာဟာ ဝါဒဖြန့်ချိဖို့နဲ့ သွေးဆောင်မှု စတဲ့ နေရာတွေမှာသာ အသုံးပြုခဲ့ပေမဲ့ လက်ရှိနဲ့ လက်တွေ့မှာတော့ မီဒီယာဟာ တဖြည်းဖြည်း ပြောင်းလဲလာပြီးတော့ ဒီမိုကရေစီ ပုံဖော်ရေးကို စောင့်ကြည့်တဲ့နေရာမှာ၊ လူမှုဘဝအဆင့်မြှင့်တင်ရေးတွေ မှာ ပြည်သူတွေ ဘာပြောချင်တယ်ဆိုတာကို မီဒီယာတွေက ကိုယ်စားပြု လာတာလည်း ဖြစ်ပါတယ်” - လို့ ဝန်ကြီး ဦးအောင်ကြည်က ပြောသွားခဲ့တာပါ။
အခုလို လွတ်လပ်တဲ့ မီဒီယာတစ်ခုအဖြစ် ဆက်သွားဖို့ထက် အထိန်းအချုပ်နဲ့ တာဝန်ခံမှုတွေ ရှိနေရအုန်းမယ်လို့ ဝန်ကြီးက ပြောနေချိန်မှာ မြန်မာနိုင်ငံရဲ့ ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ စာနယ်ဇင်းလောကအနေနဲ့ အထိန်းချုပ်ခံ စည်းမျဉ်းတွေကြားက လွတ်လပ်ခွင့် အတွက် တိုက်ပွဲဝင်ရအုန်းမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ ပုံနှိပ်မီဒီယာ အများစုကို ပြန်ကြားရေးဝန်ကြီးက ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ မြန်မာနိုင်ငံအတွင်း သတင်း မီဒီယာနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ ယာယီ ဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီတို့ကနေ ကန့်ကွက်ထားပြီးတော့ လွတ်လပ်တဲ့ သတင်းမီဒီယာ ဥပဒေတစ်ခုကို ပြန်ကြားရေးက ရေးဆွဲနေတဲ့ ပုံနှိပ်ဥပဒေနဲ့အပြိုင် လာမဲ့ လွတ်တော်မှာတင်သွင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ ပြောခွင့်ရှိသူ ဦးသီဟစောက ပြောထားတာပါ။

ပြီးခဲ့တဲ့နှစ် စာနယ်ဇင်းလွတ်လပ်ခွင့်နေကနေ့ ဒီနေ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အထိ တစ်နှစ်တာကာလ အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ဆင်ဆာကင်းလွတ်ခွင့်တွေ ရလာပေမဲ့ ပုံနှိပ်ထုတ်ဝေရေးပိုင်းမှာ ကန့်သတ်ချက်တချို့ ကျန်နေသေးတာ၊ တိုင်းရင်းသားတွေရဲ့ ဘာသာစာပေတွေအပေါ်မှာ လွတ်လပ်စွာထုတ်ဝေခွင့် မရှိသေးတာနဲ့ မှတ်ပုံတင်စနစ်ဆိုတဲ့ ကိစ္စရပ်တွေ ကျန်ရှိ နေသေးတဲ့အတွက် စာနယ်ဇင်းလွတ်လပ်တယ်လို့ မပြောနိုင်သေးတဲ့အကြောင်း ပြည်တွင်း က မြန်မာမီဒီယာ အရေး လေ့လာ အကဲဖြတ်သူတွေက ပြောနေကြတာပါ။

မြန်မာနိုင်ငံဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝရှိတဲ့ နိုင်ငံစာရင်းထဲ မှာ မပါဝင်သေးပေမဲ့လို့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ တိုးတက်မှုတွေ ဒီနှစ်ပိုင်း အများအပြား ရှိခဲ့တယ်လို့ ကမ္ဘာပေါ်က သတင်း လွတ်လပ်ခွင့် အခြေအနေတွေကို လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံအခြေစိုက် Freedom House အဖွဲ့က ပြောထားတာတွေလည်း ရှိနေပါသေးတယ်ခင်ဗျား…..။
XS
SM
MD
LG