သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဦးအောင်မင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ


ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) က တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတဲ့ လူနည်းစု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအပြောင်းအလဲတွေအတွက် ဝန်ကြီးဦးအောင်မင်းရဲ့ အခန်းကဏ္ဍ ဆောင်ရွက်မှုတွေအတွက် ချီးကျူးတဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ် (William Hague) က ဧပြီလ ၁၆ ရက်နေ့က နှစ်ဦးတွေ့ဆုံပြီးနောက် ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာတော့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့ကြပြီး၊ ဒီလုပ်ငန်းစဉ်တွေကို ဗြိတိန်ဘက်က ဘယ်လို အကူအညီ အထောက်အပံ့တွေ ပေးနိုင်မလဲ ဆွေးနွေးခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်တွင်း လုံး၀ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်နေတဲ့ အခြေအနေတွေနဲ့၊ မကြာသေးခင်ကဖြစ်ခဲ့တဲ့ မူဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ နောက်ကွယ်က လူမျိုးရေး မုန်းတီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ နိုင်ငံတကာ စံနှုန်းစံထားအတိုင်း နိုင်ငံသားဖြစ်ပိုင်ခွင့် အခြေအနေတွေကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စုကိုလည်း ဧပြီလ ၂၀ ရက်နေ့မှာ ရောက်ရှိဖို့ ရှိပါတယ်။ ဧပြီ ၂၁ ရက်နေ့မှာ New York မြန်မာ အသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှာဖြစ်သလို၊ နယူးယောက်ခ်က ICG နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန်ကို ပေးအပ်တဲ့ ဆုကိုလည်း သမ္မတ ဦးသိန်းစိန် ကိုယ်စား လက်ခံယူဖို့ ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG