သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်သောင်း ကွယ်လွန်


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီမှာ သြဇာကြီးတဲ့ ပါတီရဲ့ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ ဒီကနေ့ ကြာသပတေးနေ့ မနက် ၈ နာရီကျော်မှာ စကာၤပူနိုင်ငံမှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ ဒီလ ၈ ရက်နေ့က သွေးတိုးပြီး ဦးနှောက် သွေးယိုစီး မှုကြောင့် နေပြည်တော် ဆေးရုံကြီးမှာ ကုသမှု ခံယူခဲ့ရတာပါ။ ဒီနောက် စကာၤပူနိုင်ငံကို ပို့ဆောင် ဆေးကုသမှု ခံယူပြီး ၂ ပတ် အကြာမှာ ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးအောင်သောင်းဟာ ဆိုရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အားကိုးရတဲ့ လက်ရုံး တဆူလို့ သတ်မှတ်ခံရသလို စစ်အစိုးရရဲ့ နံပတ် ၂ အဆင့်ရှိသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့လည်း ခမည်း ခမက် တော်စပ်သူ ဖြစ်ပါတယ်။ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတွင်း သြဇာကြီးသူ၊ နောက် အတိုက်အခံတို့ အပေါ်မှာ နှိပ်ကွပ်ခဲ့သူ အဖြစ်လည်း ပြည်တွင်း ပြည်ပ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့နယ်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်မှုတွေရဲ့ လက်သည် အဖြစ်လည်း စွပ်စွဲခံရသူ ဖြစ်ပါတယ်။ နောက်ပိုင်း အရပ်သား အစိုးရ ပြောင်းလာချိန်မှာလည်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သဘောထား တင်းမာသူ အဖြစ် ယူဆခံရပြီး အမေရိကန် အစိုးရရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ ဇာတိမြေ တောင်သာမြို့ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဟာ ပြည်သူ့လွှတ်တော် ဘဏ်များ နှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားတာပါ။

တပ်မတော်မှာ ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အစိုးရ လက်ထက်မှာတော့ ကုန်သွယ်ရေး ဒုဝန်ကြီး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီး၊ စက်မှု (၁) ဝန်ကြီးအဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

စစ်အစိုးရလွန် ကာလမှာတော့ ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ တခြားစီးပွားရေး လုပ်ငန်း အများအပြားနဲ့ မြန်မာ့ ထိပ်တန်း ငွေကြေး ချမ်းသာသူတွေ အဖြစ်ရပ်တည်ခဲ့ကြပါတယ်။

ကွယ်လွန်ချိန်မှာတော့ သားသမီးတွေ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ တောင်သာမြို့မှာ မွေးဖွားခဲ့သူ လွှတ်တော် အမတ် ဦးအောင်သောင်း အသက် ၇၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရတဲ့ အတွက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ်နဲ့ လွှတ်တော်အမတ်တွေ၂ မိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့ခဲ့ကြပါတယ်။

XS
SM
MD
LG