သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိပဿနာဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်


ဝိပဿနာနဲ့ ကမ္မဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာ
ဝိပဿနာနဲ့ ကမ္မဌာန်းနည်းပြဆရာကြီး ဦးဂိုအင်ကာ
မြန်မာနိုင်ငံဖွား ထင်ရှားတဲ့ ဝိပဿနာနဲ့ ကမ္မဌာန်းဆရာကြီး ဦးဂိုအင်ကာဟာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ တနင်္ဂနွေနေ့ညပိုင်းကပဲ ကွယ်လွန်သွားပါတယ်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှန်းမှာဝိပဿနာလုပ်ငန်းတွေနဲ့ ငြိမ်းချမ်းရေးအတွက် ထင်ရှင်းခဲ့သူ ဆရာကြီး ဂိုအင်ကာရဲ့ ဘဝတလျှောက် ကြိုးပမ်းခဲ့တာတွေကိုတော့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

ဆရာကြီး ဦးဂိုအင်ကာဟာ အသက် (၉ဝ) ကျော်ရှိနေပြီး နှလုံးရောဂါနဲ့ တနင်္ဂနွေနေ့ညက ကွယ်လွန်သွားတာလို့ မွမ်ဘိုင်းမြို့မှာ ဆရာကြီးနဲ့အတူနေထိုင်တဲ့ သားဖြစ်သူကိုအောင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“သူ မနေ့က- ဒီလိုတော့ ကောင်းတယ်။ ဆီးရောဂါရှိတော့ နည်းနည်း ကျန်းမာရေး သိပ်တော့ မကောင်းဘူး၊ ဒါပေမဲ့ ကျန်တဲ့အလုပ်တွေ အားလုံး လုပ်နေတာပဲ။ မနေ့ည ကိုးနာရီခွဲလောက် အိပ်ဖို့သွားတယ်။ အဲဒီအချိန်မှာ အသက်ရှူဖို့နည်းနုည်းခက်လာတယ်။ နာရီဝက်အတွင်းပဲ Heart Attack ရတယ်။”

ဆရာကြီး ဦးဂိုအင်ကာဟာ ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာမှာလည်း အမြဲတမ်း တရားရိပ်သာ ၁၅ဝ ကျော်နဲ့ ယာယီ တရားရိပ်သာပေါင်းများစွာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ လက်ထောက် တရားပြဆရာပေါင်း ၁,ဝဝဝ လောက်နဲ့ ဗုဒ္ဓရဲ့တရားဓမ္မ ပြန့်ပွားရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်။

၂ဝဝဝ ပြည့်နှစ်က ကုလသမဂ္ဂမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံပေါင်းစုံ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ့ဆုံပွဲမှာ ဆရာကြီး ဦးဂိုအင်ကာရဲ့ ငြိမ်းချမ်းရေးဟောပြောချက်ဟာ အထူးကျော်ကြားခဲ့ပါတယ်။

မာရာဝါရီလူမျိုး ဆရာကြီး ဦးဂိုအင်ကာ ကို ၁၉၂၄ ခုနှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့တာပါ။ အမည်ရင်း အပြည့်အစုံက ဆတျနာရာယန်း ဂိုအင်ကာပါ။ သူရဲ့ဘိုးဘွားတွေဟာ မင်းတုန်းမင်းနဲ့ သီပေါမင်းလက်ထက်ကတည်းက အိန္ဒိယပြည်ကနေ မန္တလေးမြို့ကို ပြောင်းရွှေ့ခဲ့ကြပြီး ကုန်သည်လုပ်ငန်းတွေကို လုပ်ကိုင်ကြသူများဖြစ်ပါတယ်။

ငယ်စဉ်က မန္တလေး စိန့်ပီတာကျောင်းမှာ တက်ရောက်သင်ကြားခဲ့ပြီး မိဘလက်ငုတ် စီးပွားရေး လုပ်ငန်းဖြစ်တဲ့ အရောင်း အဝယ်လုပ်ငန်းမှာ ကြီးပွားတိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ်လို့ ငယ်စဉ်ကတည်းက ခံစားနေရတဲ့ ခေါင်းကိုက် ရောဂါဝေဒနာကို ခေတ်မီ ဆေးပညာနဲ့ကုပေမယ့် မပျောက်ကင်းတဲ့ အချိန် ၁၉၅၅ ခုနှစ်မှာ ငွေစာရင်မင်းကြီး ဦးဘခင်ဦးစီးတဲ့ လယ်တီဆရာတော်ဘုရားရဲ့ ဝိပဿနာကမ္မဌာန်းတရားစခန်းမှာ (၁ဝ) ရက်လောက် တရားအားထုတ်လိုက်ချိန်မှာ ဝေဒနာပျောက်ကင်းသွားတဲ့အတွက် ဝိပဿနာတရား ပြန့်ပွားရေးကို နောက်ပိုင်းမှာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

ဒီအတောအတွင်း ၁၉၆၂ ခုနှစ် ဦးနေဝင်း တော်လှန်ရေး ကောင်စီလက်ထက်မှာ သူရဲ့ စီးပွားရေး လုပ်ငန်းတချို့ ပြည်သူပိုင် အသိမ်းခံလိုက်ရပါတယ်။ အဲဒီအချိန် အိန္ဒိယကိုရောက်နေတဲ့ ဦးဂိုအင်ကာကိုလည်း မြန်မာပြည် ပြန်လာခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျင့်ကြံအားထုတ်ခဲ့တဲ့ ဝိပဿနာ တရားကို အိန္ဒိယက မိဘဆွေမျိုးမိတ်ဆွေတွေကို ပြန်လည်ဟောပြောပြသပေးရာကနေ ၁၉၆၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယနိုင်ငံတွင် ကမ္မဌာန်း တရားပြဆရာအဖြစ် ရိပ်သာကြီးများ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီကနေ ကမ္ဘာကျော် ကမ္မဌာန်း ဆရာကြီး ဖြစ်လာခဲ့တာပါ။ ဆရာကြီးကို လူအများက ဂုရုကြီးဆိုပြီးတော့လည်း အမြတ်တနိုးခေါ်ဝေါ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ထောင်တွင်း တရားရိပ်သာ ၃ ခု အပါအဝင် တရားရိပ်သာ ပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ယာယီ တရား ရိပ်သာတွေလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆရာကြီးရဲ့တရားပြမှုကြောင့် ဝိပဿနာကမ္မဌာန်း ရှုမှတ်နိုင်ခဲ့ကြောင်း နာမည်ကျော် ဂီတပညာရှင် ဦးရဲလွင်က ပြောပါတယ်။

“ဆရာကြီးနဲ့ ကျနော်သိတာတော့ ကိုခင်မောင်တိုးနဲ့ ရိပ်သာဝင်ပြီးကတည်း ကပေါ့နော်။ ကိုခင်မောင်တိုးကခေါ်လို့ ရောက်သွားတော့ ဆရာကြီး ဦးဂိုအင်ကာလည်း ရန်ကုန်မှာ ရှိပါသေးတယ်။ ဂုရုကြီးကိုယ်တိုင် ပြတဲ့တရားစခန်း ကျနော်တက်ခဲ့ရတယ်။”

အင်္ဂါနေ့မနက် (၉) နာရီမှာ ဦးဂိုအင်ကာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့က ဓမ္မဇောတိ ဝိပဿနာတရားစခန်းမှာ ဆရာကြီးရဲ့တပည့်တွေနဲ့ ကြည်ညိုသူတွေကနေ သံဃာ (၅)ပါးကို ဆွမ်းကပ်ပြီး စုပေါင်းတရားထိုင်ဖို့ ရှိတယ်လို့လည်း ဦးရဲလွင်က ပြောပါတယ်။

ဆရာကြီးကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့အတူ သား ခြောက်ယောက် ကျန်ရစ်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG