သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်။ ဓာတ်ပုံ-ကိုမောင်(ဖေ့စ်ဘုတ်စာမျက်နှာ)
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်။ ဓာတ်ပုံ-ကိုမောင်(ဖေ့စ်ဘုတ်စာမျက်နှာ)
မြန်မာ့နိုင်ငံရေးလောကမှာ နှစ်ပေါင်းများစွာ ပါဝင်လှုပ်ရှားခဲ့သူ ဝါရင့်နိုင်ငံရေး သမားကြီးဦးထွေးမြင့်ဟာ ဒီကနေ့ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ သေဒဏ်အထိ အပြစ်ဒဏ်ပေးခံခဲ့ရဖူးသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွေးမြင့်ရဲ့ ကွယ်လွန်အနိစ္စရောက်ခဲ့တဲ့အကြောင်းကို မိသားစုနဲ့အတူ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေဆီမှာ ဦးစံမိုဝေက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဦးထွေးမြင့်ဟာ ဒီကနေ့ တနင်္လာနေ့မနက် ၁၀ နာရီ၊ ၃၅ မှာ သူနေထိုင်ရာ အင်းစိန်မြို့နယ်၊ ဘိုကုန်းရပ်ကွက်က နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ဦးထွေးမြင့်ဟာ အသက် ၈၄ နှစ်အရွယ် ရှိပြီဖြစ်ပြီးတော့ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ကြောင်း သားဖြစ်သူ ဦးစန်းမြင့်အေးက ဗွီအိုအေကို ပြောပြပါတယ်။

“ကျောက်ကပ်ရောဂါပါပဲဗျာ။ အဖေက ဆီးပိုက်တပ်ထားရတယ်။ အိမ်မှာပါခင်ဗျ။ ဆေးရုံမရောက်လိုက်ဘူး။”

ဦးထွေးမြင့်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်သလို စာအုပ်၊ စာတမ်းတွေ ရေးသားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မြန်မာ့သမိုင်းအမှန်ကို သိသူတစ်ဦး ကွယ်လွန် သွားတာဟာ တိုင်းပြည်အတွက် နစ်နာမှုတစ်ခုဖြစ်ရကြောင့် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ဝါရင့် နိုင်ငံရေးသမားကြီးတစ်ဦးလည်းဖြစ်တဲ့ ဦးသုဝေက ပြောပါတယ်။

“သူ့တသက်လိုပါပဲလေ၊ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးလောကထဲမှာ ပါတယ်နော်။ အဲဒီလိုပါပြီးတော့ နိုင်ငံရေးအတွေ့အကြုံ အများကြီးရှိတဲ့ ပုဂ္ဂိုလ်ပါ။ နောက်ပြီးတော့ တကယ်ပဲ စာအုပ်စာတမ်းတွေကို လည်း လေ့လာဖတ်ရှုခဲ့တဲ့ လူတယောက်ဆိုတော့ လူတော်တယောက်ပေါ့ဗျာ။ အဲတော့ သူတို့လို ပုဂ္ဂိုလ် တယောက် ဆုံးရှုံးသွားတယ်ဆိုတော့ တိုင်းပြည်အတွက်လည်း နစ်နာတာပေါ့ဗျာ။ ကျနော်ကတော့ လုပ်ဖော်လုပ်ဖက်တယောက် ဆုံးရှုံးသွားတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့ဗျာ”

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က အတူ သူပုန်ထခဲ့ကြရင်း ပြည်ပမှာတွေ့ဆုံခဲ့ကြကြောင်း အမှတ်တရစကားကို ဦးသုဝေက အခုလို ပြောပြပါတယ်။

“သူနဲ့ကျနော်နဲ့ကတော့ နီးနီးကပ်ကပ်ကြီး စလုပ်ခဲ့ကြတာကတော့ မဆလခေတ်မှာ သူပုန်ထခဲ့တဲ့ အချိန်ပေါ့ဗျ။ သူပုန်အတူတူ ထကြတာလေ၊ ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်ပြီးတော့ ကျနော်တို့ ထိုင်းရောက်တဲ့အခါကျတော့ သူကလည်း အဲဒီမှာ BBC က ထွက်လာခဲ့ပြီးတော့ အတူတူလုပ်ကြတာ။ ကျနော်တို့ကတော့ ပါလီမန်ဒီမိုကရေစီပါတီဖွဲ့တယ်၊ သူနဲ့ကျနော်နဲ့ အတူတူ၊ နောက် ပြည်ချစ်လွတ်မြောက်ရေး ပါတီ၊ နောက် ပြည်ချစ်တပ်ပေါင်းစု လူငယ် အသံလွှင့်ဌာနဆိုတာ သူရယ်၊ ကျနော်ရယ် နှစ်ယောက် ဦးဆောင်ပြီးတော့ လုပ်ခဲ့တာပေါ့နော်။ အဲဒါပြီးတဲ့အခါကျတော့ တာဝန်ခွဲကြတဲ့အခါမှာ သူက နိုင်ငံအတွင်းမှာ စည်းရုံးရေးလုပ်ချင်တယ် ဆိုပြီးတော့ ဗမာပြည်ပြန်လာပြီးတော့ စည်းရုံးရေးလုပ်တာပေါ့။ ဒါပေမယ့် သူအဲဒီမှာ အဖမ်းခံလိုက်ရတာပေါ့။ သူ့ကို ဖမ်းပြီးတဲ့အခါမှာတော့ သက်ဆိုင်ရာ ထောက်လှမ်းရေးက တော်တော်လေး နှိပ်စက်တယ်ဗျ။ ပြီးတော့ သူ့ကို သတင်းစာကွန်ဖရင့် လုပ်ခိုင်းတယ်လေ။ ကွန်ဖရင့် လုပ်ခိုင်းတဲ့အခါမှာ သူက အဲဒီမှာ မကြောက်မရွံ့ဘဲနဲ့ ဒီမိုကရေစီအကြောင်းကို ရဲရဲဝံ့ဝံ့ ပြောခဲ့တယ်။ အဲဒါသူ့ရဲ့ တကယ့်ကို ထူးခြားချက်ပဲဗျ။”

ဦးထွေးမြင့်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်ခဲ့သလို သေဒဏ် အထိလည်း အပြစ်ပေးခံခဲ့ရတာပါ။ ဒါပေမဲ့ မဆလခေတ် သံဃာ့ဂိုဏ်းပေါင်းစုံ ပေါင်းစည်းနိုင်မှု-ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာမှာ ပြန်ပြီးတော့ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဦးထွေးမြင့်နဲ့အတူ ပြည်ပမှာရော နောင် ပြည်တွင်းမှာပါ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်ခဲ့တဲ့ အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီးဖြစ်သူ ဒေါ်သန်းသန်းနုကလည်း အခုလို ပြောပြပါတယ်။

“သူကတော့ အတွေ့အကြုံတွေလည်း များတယ်လေ၊ အတွေ့အကြုံများတဲ့ အခါကျတော့ စာလည်း တော်တော်ရေးတယ်။ ကျမတို့နဲ့တွေ့တိုင်းမှာ ဗမာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ စာတွေရေးတဲ့အကြောင်း ပြောပြတယ်။ အဲဒီ စာတွေရေးတာကတော့ သူ အခုထိလည်း ပြီးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို အတွေ့အကြုံများတဲ့လူပေါ့နော်၊ နိုင်ငံရေးမှာ အတွေ့အကြုံရှိတဲ့ လူတစ်ယောက် အနေနဲ့ ဆုံးရှုံးသွားတယ်ဆိုတော့ ဒါ အထူးပဲ အားလျော့မှုတစ်ခုပါပဲ။”

ကွယ်လွန်သွားချိန်မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရှိခဲ့ပြီး ဦးထွေးမြင့်ရဲ့ ဈာပနကို နိုဝင်ဘာလ ၂၇ ရက်၊ အမျိုးသားနေ့ညနေမှာ ရေဝေးသုဿန်ကို ပို့ဆောင်ပြီးတော့ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောဆိုပါတယ်။
XS
SM
MD
LG