သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ဦးကိုကိုကြီး NLD မှ ဝင်ပြိုင်မည်


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးအပါအဝင် ခေါင်းဆောင်အချို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောပါတယ်။ ဒီ့အပြင် တက်ကြွ လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားအချို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထဲကို ဝင်ရောက်ကာ ၂၀၁၅ ရွေး ကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တခုလုံးကို တဦးတည်း ကိုင်လှုပ်သူလို့ အများကပြောဆိုကြတဲ့ တသီး ပုဂ္ဂလအမတ် ဒေါက်တာညိုညိုသင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဝင်ရောက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရဖို့ အင်အားဖြည့်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ အပြည့်အစံကို ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီးအပါအဝင် ခေါင်းဆောင်အချို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အတည်ပြုပါတယ်။ ၈၈ ဘက်က ၁၈ ဦးပါဝင်မှာဖြစ်ပေမယ့် ဒီထဲမှာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီကတော့မပါဝင်ဘူးလို့ ၈၈ အဖွဲ့ကပြောပါတယ်။ ၈၈ ဘက်က ဝင်ရောက်မယ့် လူဦးရေစာရင်းနဲ့ပတ်သက်ပြီး ကိုဂျင်မီက အခုလို ပြောပါတယ်။

“တနင်္လာနေ့က နောက်ဆုံးလို့ အတိအကျပြောနိုင်မယ်။ အခု ယေဘုယျ တနိုင်ငံလုံးအတိုင်းအတာနဲ့ အဆိုပြုထားတာက ရန်ကုန်ရုံးက (၉) ယောက်၊ နယ်ရုံးခွဲတွေက (၉) ယောက်၊ အားလုံး (၁၈) ယောက်ရှိတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ပြီးတော့ အရွေးခံဖို့အတွက် အဆိုပြုလွှာတင်ထားတာ။ ပါမှာကတော့ မမီးမီးတို့၊ ကိုဇော်ဇော်မင်းတို့ပါမယ်လေ။ ဦးကိုကိုကြီးလည်း ပါပါလိမ့်မယ်၊ နောက်ဆုံး ကိုပဏ္ဍိတ်ထွန်း ပါပါလိမ့်မယ်။”

လာမယ့် တနင်္လာနေ့မှာ စာရင်းအတိအကျနဲ့ ဘယ်နေရာကနေ ပြိုင်မလဲဆိုတာကို ၈၈ ကနေတရားဝင် ထုတ်ပြန်သွားမယ်လို့ ကိုဂျင်မီက ပြောပါတယ်။ ဒါပေမယ့် ဝင်ရွေးခံမယ့် ၈၈ ခေါင်းဆောင် ဦးကိုကိုကြီးအနေနဲ့ ခရီးလွန်နေတာကြောင့် သူ့ဆီက သီးခြား ထုတ်ဖော် ပြောဆိုမှုကိုတော့ မရသေးပါဘူး။ ၈၈ ခေါင်းဆောင်ကိုမြအေးကလည်း သူ့အနေနဲ့ ဒီရွေးကောက်ပွဲကို မဝင်ဖြစ်ဘူးလို့ ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ဗဟန်းမြို့နယ်က လက်ရှိတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဗဟန်းမြို့နယ်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်အမတ်အနေနဲ့ ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ VOA ကို ပြောပါတယ်။

ဒေါက်တာညိုညိုသင်းဟာ ၂၀၁၀ ပြည့် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်း လွှတ်တော်ကိုယ်စားလှယ် အမတ်တဦးဖြစ်လာခဲ့သူပါ။ နောက်ပိုင်းမှာ ပါတီတွင်းမူဝါဒပိုင်းမှာ သဘောထားမတိုက်ဆိုင်တဲ့အတွက် ပါတီနဲ့ လက်တွဲဖြုတ်ခဲ့လိုက်ပြီး တသီးပုဂ္ဂလအဖြစ် ဆက်လက် ရပ်တည်ခဲ့သူတဦးဖြစ်ပါတယ်။ တိုင်း လွှတ်တော်မှာသာမက လက်ရှိ တာဝန်ယူ ထားတဲ့ အစိုးရကိုပါ ဝေဖန်ထောက်ပြမှုတွေရှိတာကြောင့် တိုင်းအစိုးရက မကြာခဏသတိပေးခြင်းခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့အဆိုတွေ၊ အစိုးရဘက်ဂျက်ငွေ တောင်းခံမှုတွေ၊ အစိုးရက ဘဏ္ဍာငွေကျော်လွန်သုံးစွဲမှုတွေကို ဝေဖန်ထောက်ပြ မှုတွေကြောင့် မကြာခဏဆိုသလို တိုင်းလွှတ်တော်တွင်း ငြိုငြင်ခံရတဲ့ လွှတ်တော်အမတ်တဦးလည်းဖြစ်ပါတယ်။ ဒီတခေါက်မှာ အရွေးခံရမယ်ဆိုရင် သူမအနေနဲ့ လွှတ်တော်တွင်းမှာ ဥပဒေနဲ့ ပညာရေးရာပြောင်းလဲမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်လို့ သူက အခုလိုပြောပါတယ်။

“ဒီတခေါက်မှာတော့ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို အားစိုက်ပြီးတော့ လုပ်ဆောင်မယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အန်တီ တိုင်းဒေသကြီးမှာ ရှိခဲ့စဉ်တုန်းက အားလုံးသိကြတဲ့အတိုင်းပဲ- အန်တီ ဘာတင်တင်ပေါ့နော်၊ ဒါ ပြည်ထောင်စုနဲ့ဆိုင်တယ်၊ ပြည်ထောင်စု ဥပဒေတွေနဲ့မညီညွတ်ဘူး ပြောတယ်လေ။ အဲဒီတော့ အန်တီတို့ ၄ နှစ်ခွဲ သက်တမ်းအတွင်းမှာ ပြည်ထောင်စုအဆင့် လွှတ်တော်များကို ကြည့်လိုက်တဲ့အခါမှာ ခေတ်စနစ်နဲ့မလျော်ညီတဲ့ဥပဒေတွေ အတော်များများကို ပယ်ဖျက်နိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အန်တီ့အနေနဲ့ ပြည်ထောင်စုကိုရောက်သွားတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရတွေကို ကောင်းကောင်း မောင်းနှင်နိုင်မယ့် ပြည်ထောင်စုအဆင့်ဥပဒေတွေ ပြဌာန်းဖို့ကို အန်တီလုပ်မယ်လို့ စိတ်ကူးထားတယ်ပေ့ါနော်။ တခါ ခေတ်စနစ်နဲ့မလျော်ညီတဲ့၊ မတရားတဲ့ ဥပဒေတွေအကုန်လုံးကိုလည် ပြင်ဆင်ပယ်ဖျက်သွားဖို့ အန်တီ ကြိုးစားမယ်ပေါ့နော်။”

အီလက်ထရွန်နစ် ဥပဒေ၊ ဗွီဒီယို အက်ဥပဒေတို့နဲ့ နှစ်ရှည်လများထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။

“ဟုတ်ကဲ့ဗျာ၊ သင်္ကန်းကျွန်း NLD ကနေ ကျနော် တိုင်းဒေသကြီးလွှတ်တော်အတွက် ကျနော် လျှောက်ထားပါတယ်။ တကယ်တန်း ဘယ်မှာ ဝင်သင့်တယ်ဆိုတာကိုတော့ ဗဟိုကပြန်ချပေးမှာပေါ့နော်။ အဓိကကတော့ဗျာ လက်ရှိ ၂၀၁၅ မှာ အန်တီကလည်း ပြောလိုက်ပြီလေ။ ရွေးကောက်ပွဲအောင်နိုင်ရေးကို သူအာရုံစိုက်ပြီး လုပ်ကြမယ်ဆိုတဲ့အနေအထားမျိုး ပြောလိုက်တယ်။ ပထမဦးဆုံးအနေနဲ့ ရွေးကောက်ပွဲမှာ အများစု နိုင်ဖို့ အရမ်းအရေးကြီးမယ်လို့ ထင်ပါတယ်။ အနိုင်ရတာထက်ပိုပြီး နောက်တခုအရေးကြီးတာက အနိုင်ရပြီးရင်ကော ကျနော်တို့ ဘာတွေ ဘယ်လောက်လုပ်နိုင်လဲပေါ့။ တကယ်လည်း လုပ်နိုင်တဲ့သူတွေလည်း ပါဖို့လိုမယ်လို့ထင်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်လည်း အခုလက်ရှိ အပြင်မှာလည်း လုပ်နေတာတွေရှိတော့လေ။ ကျနော်လုပ်နေတဲ့အလုပ်တွေ ပိုပြီးတော့ ထိရောက်အောင်ရယ်၊ နောက်ပြီးတော့ ပါတီကိုလည်း တစုံတခု အကျိုးပြုနိုင်အောင်ပေါ့။”

နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေကို ကူညီမှု၊ ဆန္ဒပြမှု၊ လောင်စာဆီဈေးကျဆင်းရေး ဆန္ဒပြမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသူ မနီမိုလှိုင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမှာပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဘယ်ပါတီကမှ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

XS
SM
MD
LG