သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးမြင့်ဆွေကို ဒုသမ္မတ ရွေးချယ်မှု အပေါ် ကန် သဘောထား


၂၀၁၅ ပြည်ထောင်စုနေ့အခမ်းအနား မိန့်ခွန်းပြောနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ။
၂၀၁၅ ပြည်ထောင်စုနေ့အခမ်းအနား မိန့်ခွန်းပြောနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ။

တပ်မတော်ဘက်က ဒုသမ္မတအဖြစ် မနေ့က အဆိုပြုတင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ လက်ရှိ အမေရိကန်ဒဏ်ခတ် အရေးယူထားတဲ့ စာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ အခုလို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ ဆိုရင် သူ့ကိုဘာကြောင့် သွတ်သွင်းခဲ့သလဲဆိုတဲ့ သူရဲ့လုပ်ရပ်ကို ဆက်ပြီး မလုပ်တော့ဘူး ဆိုတာ အခိုင်အမာ သက်သေပြဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

၂၀၀၇ခုနှစ် ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ဆက်စပ်နေတယ် ဆိုပြီး အမေရိကန်ပြည်ထောင်စုက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ ဖေါ်ပြခဲ့တဲ့ အထဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို အဲဒီအချိန်က တပ်လုံခြုံရေး အကြီးအကဲရာထူးနဲ့ဖေါ်ပြထားပြီး ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတဦး အဖြစ်ရေးသားထားပါတယ်။

အခုလို အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းမှာ (၉)နှစ်ဆက်တိုက်ပါနေတဲ့သူကို တပ်မတော်က ဒုသမ္မတ အဆိုတင်သွင်းခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးဖို့ရှိပါသလားလို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“ဦးမြင့်ဆွေအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု SDN စာရင်းမှာ ဘာကြောင့် ပါနေသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှုများဆိုင်ရာ ထိန်းချုပ်ရေးဌာန ကို မေးမြန်းကြည့်ပါလို့ ကျမတို့ ညွှန်းလိုပါတယ်။ ဒုတိယသမ္မတလောင်း အမည် တင်သွင်းခြင်း ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ထပ် အရေးကြီးတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး ကာလကို ထောက်ခံအားပေးသွားဖို့လဲ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာချထားပါတယ်။”

ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကို မြန်မာပြည်သူတွေကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်ဘက်ကမြင်ကြောင်း သူကအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့အမတ်နေရာ ၂၅%ကို စစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ အချက်ပါ။ ဒီအခြေအနေပေါ်မူတည်ပြီး စစ်တပ် ၂၅% ကိုယ်စားလှယ်ကနေ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ လောင်းတွေကို အမည်တင်သွင်းခွင့်ရ တာဖြစ်ပါတယ်။ နိုင်ငံကိုခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေကို နိုင်ငံသားတွေကသာ မဲပေးရွေးချယ်ခွင့်ရသင့်ကြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်အရနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖေါ်ဆောင်ပေးနိုင်ဖို့ ပြည်သူတို့ရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံခေါင်းဆောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူတဦးဖြစ်တာကြောင့် ဒုသမ္မတအဖြစ် အဆို တင်သွင်းတာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်စန်းနိုင်က မနေ့ သောကြာနေ့က ကျင်းပတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတရွေးချယ်ရေး အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

"ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ အတွက် နိုင်ငံရေးအတွေ့အကြုံ များစွာ ရှိသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူလည်းဖြစ်ပါတယ်။"

တပ်မတော်က အဆိုတင်သွင်း အတည်ပြုစဉ်
တပ်မတော်က အဆိုတင်သွင်း အတည်ပြုစဉ်

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်က ဒုသမ္မတအဖြစ် တင်သွင်းတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းသူဟာ စီနီယာတဦးဖြစ်တဲ့အပြင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေရဲ့ သစ္စာရှိတဲ့ လူယုံတဦးဖြစ်နေတယ် ဆိုတာတွေ့ရတယ်လို့ စစ်သံမှုးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

သူဟာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပီအေသဘောမျိုးပေါ့လေ ကျနော်တို့ ဒီတပ်မတော်မှာ လုပ်ငန်းတာဝန် အားလုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မသွားခင်မှာ သူဆီကတဆင့် အားလုံးပဲ သွားရပါမယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ပင်လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောချင်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တဆင့် တင်ပြရတဲ့အနေအထားမျိုးရှိပါတယ်။ နောက်တခုက ကျနော်တို့ သိထားသလောက်ပေါ့လေ။ သထုံဇာတိပါ။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေနီးမျိုးဆက် တူတော်တယ်လို့သိရပါတယ်။ ပအို့ဝ်အမျိုးသား နွယ်တဲ့အနေအထားမျိုး ရှိပါတယ်။ "

ရန်ကုန်တိုင်းဝန်ကြီးချုပ်
ရန်ကုန်တိုင်းဝန်ကြီးချုပ်

အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက တပ်မတော်ဘက်ကနေ ဒုသမ္မတ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို တင်မြှောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကပြောပါတယ်။

" အရင်တချိန်တုန်းက ဒုသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးပေါ့နော် နှုတ်ထွက် ပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေရှိခဲ့တာပေါ့။ သူ့ရဲ့သားမက်လို့ထင်ပါတယ်။ အဲ့တာက သြစတြေးလျမှာ နိုင်ငံသားဖြစ်နေတယ် ဆိုတဲ့သတင်းတွေနဲ့ အဲ့တာကြောင့်ပဲ ပုဒ်မ ၅၉ စ နဲ့ ညိတယ်ဆိုတဲ့ သတင်းတွေ အဲ့ဒီ့အချိန်က ကြားခဲ့ရတာပေါ့။"

မနေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်တီးယူတို့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိမရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

XS
SM
MD
LG