သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးဉာဏ်ဝင်း ဂျပန်ခရီး စတင်


ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် ဂျပန်ရောက်မြန်မာများ ကြိုဆို။ သတင်းဓာတ်ပုံ- Credit to ကိုအောင်ထွန်းလင်း တိုကျို ဂျပန်။
ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် ဂျပန်ရောက်မြန်မာများ ကြိုဆို။ သတင်းဓာတ်ပုံ- Credit to ကိုအောင်ထွန်းလင်း တိုကျို ဂျပန်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံကို မကြာခင်နာရီပိုင်းကပဲ ရောက်ရှိသွားခဲ့ပါပြီ။ ဦးဉာဏ်ဝင်းကို ဂျပန်အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီဖြစ်ပါတယ်။ အသစ်ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ဖိတ်ခေါ်ပြီးတော့ ဂျပန်နိုင်ငံဘက်က ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲဆိုတာတွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ ယူဆတဲ့အကြောင်း ဂျပန်နိုင်ငံ အခြေစိုက် အမျိုူးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ ဥက္ကဋ္ဌ ဦးသောင်းမြင့်ဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

" ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ဦးဉာဏ်ဝင်း လာတယ် ဆိုတော့ မြန်မာတွေ အနေနဲ့ ဝမ်းသာတယ်။ ဒါ ပထမဦးဆုံးပဲ အစိုးရမဖွဲ့ခင်မှာ လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ အထောက်အကူအများကြီးဖြစ်တယ်။ အကျိုးတွေ အများကြီး ခံစားရမယ်လို့ ကျနော်တို့မြင်တယ်။ ဘယ်လို အကျိုးတွေလည်း ဆိုတော့ ဒီစီးပွားရေးအရ အထောက်အကူပေးမယ့် အကျိုးတွေ အများကြီးရရှိမယ်လို့ အဲ့လိုမြင်တယ်။ နှစ်နိုင်ငံ ဆက်ဆံရေးကလည်း အရင်ကထက် ပိုပြီးတော့ ပိုမိုကောင်းမွန်မယ်လို့ထင်တယ်။ နောက်တခုက ဂျပန်အနေနဲ့ မြန်မာပြည်ကို ဝင်တဲ့အခါမှာ ပထမဦးဆုံးပဲ အကူအညီပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ "

အခုလို ဂျပန်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တဦးကို အစောဆုံး ဖိတ်ကြားပြီးတော့ ခရီးဦးကြိုပြုလိုက်တာဟာ မြန်မာနိုင်ငံအတွက်ရော ဂျပန်နိုင်ငံအတွက်ပါ အလွန်အဓိပ္ပါယ်ရှိတဲ့ အကျိုးရှိစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကိုထွန်းဝေက အခုလို သုံးသပ်ပါတယ်။

" အခုလက်ရှိ တက်လာမယ့် အစိုးရသစ်အတွက် ဦးဉာဏ်ဝင်း လာတာဟာ တကယ်ကို ဝမ်းသာစရာဖြစ်တယ်။ ကြိုလည်း ကြိုဆိုသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျပန်အစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်မယ်ဆိုပြီးတော့ ဒါကို မီးစိမ်းပြတဲ့အနေအထားပေါ့ခင်ဗျ။"

ဦးဉာဏ်ဝင်းကို ဂျပန်အစိုးရက တရားဝင်ခေါ်ပြီး တွေ့ဆုံ တာဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ ကိစ္စသာ မက ရှေ့ဖြစ် လာမယ့် မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေလည်း ပါဝင်တယ်လို့ ဦးသောင်းမြင့်ဦးက ပြောပါတယ်။

" ကျနော်တို့ အခု မြန်မာပြည်အပြောင်းအလဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အောင်မြင်မှုရော နိုင်ငံကို ဆက်ပြီးတော့ ဦးဆောင် ဆောင်ရွက်မှာတွေ အတွက် ဂျပန်ကနေပြီးတော့ အကူအညီပေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တာဝန်ရှိတဲ့သူတယောက်ကို ဖိတ်ပြီးတော့ ကြိုတင်ပြီးတော့ စီစဉ်တဲ့သဘောလို့ ကျနော်ကတော့ ယူဆပါတယ်။"

မကြာခင်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာလည်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာသမ္မတ ဦးသိန်းစိန်ကို ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပေးခဲ့တဲ့အတွက် ချီးကျူးခဲ့သလို ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းရေးအတွက်လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG