သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့


ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံ- သတင်းဓာတ်ပုံ -ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန။ (http://www.mofa.go.jp)
ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံ- သတင်းဓာတ်ပုံ -ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန။ (http://www.mofa.go.jp)

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က တိုကျိုမြို့ကိုရောက်နေတဲ့ NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းကတဆင့် ထပ်မံ ဖိတ်ကြားလိုက်ပြီး NLD အစိုးရသစ် လက်ထက်မှာ ဂျပန်နိုင်ငံရဲ့အကူအညီတွေ ဆက်ပေးသွားမယ်လို့လဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ မူဘောင်ကိစ္စတွေ ဆွေးနွေးဖို့ု ဂျပန်သံရုံးတာဝန်ရှိသူတွေက NLD ပါတီ ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ တိုကျိုမြိုIကို ရောက်နေတဲ့ NLD ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းဟာ ဒီကနေ့မနက်ပိုင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေး သွားမှာဖြစ် သလို ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂျပန်နိုင်ငံကို လာရောက်ဖို့လဲ ထပ်မံဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပတယ်၊ NLD နိုင်တယ် .. ဒါတွေအတွက် ဂုဏ်ပြုတယ်လို့ ပြောပါတယ်။ ဂျပန်ကတော့ (မြန်မာပြည်က) လယ်သမားတွေရဲ့ တိုးတက်ရေးအတွက် ကူညီပံ့ပိုးတာတွေကို လုပ်နေတယ်၊ ဒါမျိုးတွေ သူတို့ဆက်ကူညီမယ်။ နောက် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ဒီလုပ်ငန်းတွေ လုပ်နေတာကိုလည်း သူက ရှင်းပြပါတယ်”

NLD ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်း ဂျပန်နိုင်ငံကို အခုလို လာရောက် လည်ပတ်တာဟာ NLD ပါတီက ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း နိုင်ငံခြား တိုင်းပြည်တခုကို ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်တာလဲဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလဲ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို လာရောက် လည်ပတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စာရေးသား ဖိတ်ကြားခဲ့ပါတယ်။

ဦးဉာဏ်ဝင်း ခုလို ဂျပန်ကိုရောက်နေချိန်မှာ Japan Foundation ဥက္ကဌ မစ္စတာဆာဆာကာဝါနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီးမြန်မာနိုင်ငံရဲ့အပစ်ရပ် ငြိမ်းချမ်းရေး ကိစ္စမှာရော ဆင်းရဲ နွမ်းပါးနေတဲ့ တိုင်းရင်းသားဒေသတွေကိုပါ အကူအညီတွေ ဆက်ပေးသွားမယ်လို့ ကတိပေးပြောဆိုကြောင်း ဦးဉာဏ်ဝင်းက VOA ကိုပြောပါတယ်။

သောကြာနေ့ ညနေပိုင်းတုန်းကလဲ ဦးဉာဏ်ဝင်းဟာ ဂျပန်ဆက်သွယ်ရေး ဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပြီး ဘယ်လိုအကြောင်းတွေ ဆွေးနွေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ဝမ်းသာကြောင်း ပြောပါတယ်။ နောက် မြန်မာနိုင်ငံ စာတိုက် ဆက်သွယ်ရေး နဲ့ သူတို့ကူညီနေတဲ့ အကြောင်းတွေ ရှင်းပြပါတယ်။ နေပြည်တော် မန္တလေး ရန်ကုန် သုံးနေရာမှာ စာတိုက်နဲ့ပတ်သက်လို့ သူတို့ Training ပေးနေတဲ့ အကြောင်းတွေ ဘာတွေ ရှင်းပြပါတယ်။ လုပ်ငန်းတွေကို ရှင်းပြတာပါ”

မေး - “တခုကလေ ဒေသတွင်းကိစ္စကို စဉ်းစားမယ်ဆိုရင် ဒီဂျပန်နိုင်ငံက စီးပွားရေးအရ တရုတ်နဲ့ ချိန်ခွင်ရှာ ညှိဖို့အတွက်ကို အမြဲတမ်း တွေးလေ့ ရှိပါတယ်၊ အဲဒီတော့ ဂျပန်နိုင်ငံကို ဦးဉာဏ်ဝင်းအခုလို သွားရောက်လည်ပတ်တဲ့ကိစ္စဟာ တရုတ်နိုင်ငံအတွက် စိတ်ပူစရာတွေ ဖြစ်စေသလား ခင်ဗျ”

ဦးဉာဏ်ဝင်း - “ကျနော်ကတော့ ဘာမှ ဖြစ်စရာအကြောင်း မရှိဘူးထင်တယ်၊ ကျနော့်ခရီးစဉ်ကလဲ နိုင်ငံရေးအရ တစုံတခုရဖို့ ဂျပန်ကို သွားတာ မဟုတ်ပါဘူးဗျ”

မေး - “အဲဒီတော့ ဂျပန်-မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဆရာဦးဉာဏ်ဝင်းတို့ ဘယ်လိုမျှော်လင့်ပါလဲ”

ဦးဉာဏ်ဝင်း - “ဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်လို့ပဲ မျှော်လင့်ပါတယ်”

ဒီကနေ့ တနေ့ထဲမှာပဲ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံး အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ JICA လို့ခေါ်တဲ့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ အရာရှိတွေဟာ NLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဟန်သာမြင့် ဦးစိုးဝင်းတို့ နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့စီးပွားရေး ပြုပြင် ပြောင်းလဲမှုအတွက် လုပ်ဆောင်သင့် တာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်သံရုံးရဲ့ အကြီးတန်းကောင်စစ်ဝန် Ichiro Maruyama က ဆွေးနွေးပွဲ အကြောင်းရာနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ -

“မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဂျပန်အနေနဲ့ အကူအညီတွေ ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ဆိုင်ရာမူဝါဒ ကိစ္စတွေအပါအဝင်၊ ဗဟိုဘဏ် ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ စီးပွားရေး စီမံကိန်းကိစ္စတွေကို ၂နာရီကြာ ဆွေးနွေးခဲ့ကြောင်း” ပြော သွားတာပါ။ နိုင်ငံသစ်တည်ဆောက်ရေးကိစ္စမှာ ဂျပန်ရဲ့စီပွားရေးအကူညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ပိုရလာဖို့ကို NLD ခေါင်းဆောင် တွေဖက် က မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG