သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဝန်ကြီးသစ် ဖြစ်မယ့်သူအပေါ် မီဒီယာအကောင်းမြင်


U Phay Myint
U Phay Myint

မြန်မာသမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းမှာ ပါဝင်လာပြီး ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ်ဆိုပြီး သတင်းထွက်နေတဲ့ စာရေးဆရာ ဒေါက်တာဖေမြင့်ကို စာနယ်ဇင်းသမားတွေက ကြိုဆိုလိုက်ပြီး သူသာပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းက ပိုမို လွတ်လပ် ပွင့်လင်းလာလိမ့်မယ်လို့ မျှော်လင့်သလို စာနယ်ဇင်းလွတ်လပ်ခွင့်တွေကို နားလည်တဲ့သူအဖြစ် ပြောဆိုကြပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော်တင်သွင်းတဲ့ဝန်ကြီး ၁၈ ဦးထဲမှာ ပြန်ကြားရေးဝန်ကြီးအဖြစ် စားရေးဆရာ ဒေါက်တာဖေမြင့်ကို အမည်စာရင်း တင်သွင်းခံခဲ့ရတာပါ။ သူဟာ မြန်မာစာနယ်ဇင်းကောင်စီမှာ ပထမ ၅ နှစ်တာကာလမှာကော လက်ရှိမှာကော တာဝန်ယူနေသူတဦးဖြစ်ပြီး မျှတတဲ့ သဘောထားရှိသူ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားပါတယ်။ သူ့ကို စာနယ်ဇင်းသမားတွေကတော့ ပြန်ကြားဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာစာနယ်ဇင်းလောကကို သိနားလည်သူဖြစ်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ပိုမို ရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

Tomorrow ဂျာနယ်အယ်ဒီတာချုပ် စာနယ်ဇင်းသမား ဦးဇော်သက်ထွေးကတော့ စာရေးဆရာကြီး ဖေမြင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာမယ်ဆိုရင် မြန်မာ့စာနယ်ဇင်းအခြေအနေကို နားလည်ပြီး မီဒီယာမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိနားလည်သူမို့ ကောင်းမွန်တယ်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဆရာဖေမြင့်ဖြစ်တာတော့ ကျနော်တို့ ကျေနပ်သဘောကျပါတယ်ပေါ့။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မီဒီယာရဲ့ အခြေအနေကို နားလည်တယ်။ နောက်တခုက မီဒီယာ ဘာတွေ လိုအပ်တယ်ဆိုတာလည်း သူသိတယ်လေ။”

လေဒီဂျာနယ်ရဲ့ အယ်ဒီတာ စာနယ်ဇင်းသမား စိုင်းထွန်းအောင်လွင်ကတော့ စာရေးဆရာကြီးဖေမြင့်ဟာ နာမည်ပျက်မရှိသူအဖြစ် ထင်ရှားသလို ဘယ်အစိုးရလက်ထက်ပဲဖြစ်ဖြစ် ရပ်တည်ချက်မှန်ကန်သူဖြစ်တာကြောင့် ဝန်ကြီးကောင်းတဦး ဖြစ်လာမယ်ဆိုတာကို သံသယဖြစ်စရာတောင် မလိုဘူးလို့ဆိုပါတယ်။

“ရှေးအစိုးရလက်ထက်တွေမှာပဲဖြစ်ဖြစ် ဘာတွေမှာပဲဖြစ်ဖြစ် တချို့ စာနယ်ဇင်းသမားတွေဟာ တချို့ အစိုးရနဲ့ တအား နီးစပ်သွားတာတို့ ဘာတို့ ရှိခဲ့ပေမဲ့ သူ့အနေနဲ့ကတော့ အဲ့ဒါမျိုး လုပ်ခဲ့တာ မရှိဘူး။ ရိုးသားဖြူစင်မှုလည်း ရှိတယ်ပေါ့။ လက်ရှိ ရနေတဲ့ အနေအထားထက်လည်း ပိုပြီး လွတ်လပ်ခွင့်တွေ ရလာမယ်။ စာနယ်ဇင်း အခွင့်အရေးတွေ ပိုပြီး ရလာမယ်လို့လည်း မျှော်လင့်ထားတယ်။”

ဒါပေမဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်တွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးဖို့ကတော့ အစိုးရကထိန်းချုပ်ထားမှုတွေ မရှိဖို့ လိုအပ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ စာရေးဆရာကြီး ဖေမြင့်ကို သူတာဝန်ယူရပြီဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်တွေအတွက် ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲ မေးတဲ့အခါမှာတော့ ပြန်ကြားရေးဝန်ကြီးအဖြစ် တိတိကျကျ ရွေးချယ်ခံရပြီဆိုတော့မှသာ ပြောဆိုချင်တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“Confirmation ပေါ့နော် ပြီးတော့မှပဲ အင်တာဗျူးလေး ဘာလေး လုပ်တာကောင်းတယ်လို့။ အခုတော့ လုပ်လို့ မကောင်းပါဘူး။ နဲနဲ စောပါသေးတယ်။”

စာရေးဆရာကြီး ဒေါက်တာဖေမြင့်ဟာ ရခိုင်ပြည် သံတွဲမြို့ဇာတိဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ ဆေးတက္ကသိုလ် (၁) ရန်ကုန်ကနေ အမ်ဘီဘီအက်စ်ဘွဲ့ ရရှိခဲ့ပါတယ်။ ဆေးကျောင်းသား ဘဝကနေ စာပေရေးသားခဲ့ပြီး ၁၉၇၇-ခုနှစ်ကနေ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အထိ ပြင်ပ အထွေထွေရောဂါကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်တွင် စာပေလုပ်ငန်းတခုတည်းကိုသာ လုပ်ကိုင်ခဲ့တာပါ။ သူရဲ့အအောင်မြင်ဆုံး စာအုပ်တွေကတော့ ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနှင့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာ သုခနှင့် ဓနဥစ္စာ၊ မဟာ ကရုဏာများနှင့် ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ စတဲ့ စာအုပ်တွေပါ။

ဆရာကြီးဖေမြင့်ဟာ လူသုံးကုန်ပစ္စည်း ရောင်းသူများနှင့် အခြားဝတ္ထုတိုများ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်မှာ အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဆု) ရရှိခဲ့ပြီး သူရဲ့ဘာသာပြန်စာအုပ်တွေဟာလည်း စာဖတ်သူတွေအတွက် ဘဝသင်္ခန်းစာတွေ ရရှိစေသလို စိတ်ခွန်အားတွေ ရရှိစေတဲ့ စာပေများအဖြစ် လူငယ်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။

XS
SM
MD
LG