သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်း ဘန်ကီမွန်းနဲ့တွေ့


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ ခိုင်ခိုင်မာမာရှိစေဖို့အတွက် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းချင်း အကြမ်းဖက် တိုက်ခိုက်နေ တာ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူ သူ လူနည်းစုတွေ ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးလေးစားစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူမှု၊ ထင်သာမြင်သာ အသေအချာ ရှိစေရေး တို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၄ရက်နေ့က အခုအခါ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းနဲ့ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံကြစဉ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးရော်နီငြိမ်းက ပြောပြပေးမှာဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ဇွန်လ ၁၄ရက်နေ့ မနက်က သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ Google အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက်မှာတော့ ကုလသမဂ္ဂရုံးကို သွားရောက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မစ္စတာဘန်ကီမွန်းနဲ့ သူရဦးရွှေမန်းတို့ရဲ့ ဆွေးနွေးမှုအကျဉ်းချုပ်ကို အတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂျရုမ်းဘားနက် Jerome Bernard က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တွေ့ဆုံခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်နဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့ကိုဆက်နိုင်စေရေး၊ ပြည်ထောင်စု လွှတ်တော်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေး တိုးတက်ပြောင်းလဲစေဖို့ ဥပဒေတွေ ပြုပေးခဲ့တာအပါအဝင်၊ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတာကို အတွင်းရေးမှူးချုပ်က ချီးကျုးခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေ နဲ့ပတ်သက်ပြီးတော့လည်း အတွင်းရေးမှူး က ထောက်ပြပြောဆိုခဲ့တယ်လို့ မစ္စတာဘားနက်က ဆိုပါတယ်။

“ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာရှိစေဖို့အတွက် မတူကွဲပြားတဲ့ လူှုမှုအသိုင်းအဝိုင်းချင်း၊ အကြမ်းဖက် တိုက်ခိုက်နေ တာတွေ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူသူ လူနည်းစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ကို လေးလေးစားစား အာမခံရေး၊ အကြမ်းဖက်သူတွေကို အရေးယူမှု၊ ထင်သာမြင်သာ အသေအချာ ရှိစေရေးတို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။”

မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့ ပါဝင်ကြတဲ့ ပြည်ထောင်စုလွှတ်တော်က ပူးပေါင်း ပါဝင်ကြတဲ့ အခန်းကဏ္ဍကိုလည်း ချီးကျူးပြောဆိုခဲ့တယ်လို့ မစ္စတာဘားနက်က ဗွီအိုအေကို ပြောပါတယ်။

“မြနဲ့်မာနိုင်ငံရဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အားလုံးသော နိုင်ငံရေးပါတီဝင်တွေ ပါဝင်နိုင်အောင် ပြည်သူ့ လွှတ်တော်ရဲ့ ဥက္ကဌနဲ့တကွ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေရဲ့ ဆက်ပြီး ကြိုးပမ်း ဆောင်ရွက် နေမှုတွေကို အတွင်းရေးမှူးချုပ်က ကြိုဆိုခဲ့ပါတယ်။ အတိအကျအားဖြင့် မြန်မာနိုင်ငံက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ရေးတွေ မှာ ပြည်ထောင်စု လွှတ်တော်က အထောက်အကူပေးတဲ့ ကဏ္ဍကနေ ပါဝင်နေတာကိုလည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။”

သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ ပြည်သူ့လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော်ရဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီရဲ့ ဥက္ကဌ ဦးသိမ်းဆွေ၊ အမျိုးသားလွှတ်တော်ရဲ့ တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး ဦးခတ်ထိန်နန်၊ ပြည်သူ့လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်နဲ့ ပြည်သူ့လွှတ်တော်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့လည်း လိုက်ပါလာကြပါတယ်။

သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် UNDP ရဲ့ အကြီးအကဲ Miss Helen Clark နဲ့လည်း ဇွန်လ ၁၄ရက်နေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့သလို General Electric ကုမ္ပဏီကြီးရဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ နယူးယောက် စံတော်ချိန် ညနေ ခြောက်နာရီခွဲမှာတော့ သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှာ နယူးယောက်မြို့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG