သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးလောင်ဒဏ်ရာရ သံဃာတော် ဘန်ကောက်မှာ ဆေးကုသမှုခံယူနေ


လက်ပံတောင်းတောင် သပိတ် ဖြိုခွဲခံရမှုမှာ အဆိုးဆုံး မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခ ဉာဏရဲ့ မီးလောင်ဒဏ်ရာတွေဟာ ပြင်းထန်ပြီး တချို့နေရာတွေမှာ အရေပြားအစားထိုး ကုသမှု လိုအပ်နေ ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံမှာ ဆေးကုသဖို့ မြန်မာနိုင်ငံကနေ ရောက် လာချိန်မှာ ကူးစက်ပိုး ပါလာတဲ့အတွက် လောလောဆယ် ပိုးသတ်ကုသမှုကို နေ့စဉ်ခံယူနေရတယ်လို့ မိသားစုက ပြောပါတယ်။ ဆရာတော် ဦးတိက္ခဉာဏ ဘန်ကောက်ဆေးရုံမှာ ကုသမှုယူနေတဲ့ အခြေအနေကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဆရာတော် ဦးတိက္ခဉာဏရဲ့ မီးလောင်ဒဏ်ရာရထားတဲ့ တချို့နေရာတွေဟာ အရေပြား အပေါ်အလွှာ နဲ့ အောက်က ကပ်လျှက်အလွှာတခုလုံး ပျက်စီးသွားတဲ့ Third Degree Burn အဆင့် (၃) အထိ ပြင်း ထန်တဲ့ အတွက် အရေပြား အစားထိုးကုသမှုခံရမဲ့ အခြေအနေဖြစ်တယ်လို့ သားဖြစ်သူ ဒေါက်တာနေ သူရိန်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"သူ့မှာက ဆီးချိုရောဂါလည်း ရှိနေတယ်။ မီးလောင်တဲ့ ရာခိုင်နှုန်းကလည်း ၄၀ % ကနေ ၅၀ % ကြားထဲမှာ လောင်သွားတယ်လို့ ပြောတယ်။ မီးလောင်တဲ့အဆင့်ကလည်း အဆင့် (၂)၊ အဆင့် (၃) တွေ ပေါ့နော်- ရောနေတယ်ပါတယ်။ အဆင့်သုံးမှာ လောင်ထားတဲ့နေရာတွေကတော့ နည်းနည်း စိုးရိမ်စရာ အနေအထားမှာ ရှိပါတယ်။ အဲဒီအခြေအနေက အရေပြား အစားမထိုးလို့ မရဘူးလို့ ပြောပါတယ်။ အဆင့်သုံး ထိထားတဲ့ နေရာတွေ ကျတော့"

ပြီးခဲ့တဲ့ ကြာသာပတေးနေ့၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဆရာတော် ထိုင်းနိုင်ငံကို ရောက်လာပြီး ဘန်ကောက် ဆေးရုံကြီးမှာ တက်ရောက် ကုသမှုခံယူနေတာဖြစ်ပါတယ်။

"ဘုန်းဘုန်းကြီးက ဗမာနိုင်ငံကနေ ရောက်ကာစမှာက infection ဝင်နေတော့ သူ့အနာတွေ အကုန်လုံးကိုလေ ပြန်ပြီးတော့ ခြစ်ချပစ်ရတာပေါ့။ ပထမဆုံးရက်က ခွဲခန်းထဲမှာ နေ့စဉ် နေ့စဉ်ပေါ့ -မေ့ဆေးပေးပြီးတော့ ခြစ်ချရတယ်။ မနေ့ကတော့ နားတယ်၊ ဒီနေ့မနက်မှာ တခါပြန်ခြစ်တယ်။ တကိုယ်လုံးက ရှိတဲ့အနာတွေအားလုံးကို ပြန်ခြစ်ပစ်ရတာ။ အဲဒီအတိုင်းကို ဆယ်ရက်၊ နှစ်ပတ်လောက် စောင့်ကြည့်မှာပေါ့နော်။ စောင့်ကြည့်ပြီးမှ အရေပြားကို အစားထိုးမယ်လို့ ပြောပါတယ်။ အစားထိုးပြီးတော့မှ ပြန်စောင့်ကြည့်ရမှာပေါ့။ နှစ်လပတ်ဝန်းကျင် - နှစ်လနဲ့ နှစ်လအထက် ကြာမယ်လို့ သူတို့က ခန့်မှန်းထားတယ် ခင်ဗျ။"

သက်တော် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်အနေနဲ့ မေ့ဆေးနဲ့ ကုသမှုယူနေရတဲ့အတွက် ပင်ပန်း နာကျင်နေပေမဲ့ အစားအသောက် ဘုန်းပေးနိုင်တဲ့ အခြေအနေရှိပါတယ်လို့ သမီးဖြစ်သူ မနေသန္တာခိုင်ကလည်း ပြောပါတယ်။

"အခုကတော့ ဘုန်းဘုန်းကြီးက operation တောက်လျှောက်ဖြစ်နေတဲ့အနေအထားမှာ သူ့ရဲ့ side effect (ဆေးကုသစဉ် ဆေးဒဏ်ကို တုံ့ပြန်ခံစားမှုဝေဒနာ) က ခန္ဓာကိုယ်မှာ အရမ်းပူတယ် ပြော တယ်။ ခန္ဓာကိုယ် အရမ်းပူတယ်၊ သူ နာတယ်ပေါ့နော်။ ဘုန်းဘုန်းကြီးကတော့ အစားလည်း အတတ်နိုင်ဆုံး သူ ဝင်အောင် စားတယ်။ ဆေးရုံက ကျွေးတဲ့အစားအစာတွေကလည်း ကောင်း ပါတယ်။ သေသေချာချာကို စီမံပြီးတော့မှ ကျွေးတာပေါ့နော်။ အဲဒါတွေလည်း သူစားနိုင်ပါတယ်။"

သားနေသူရိန်၊ "ပင်ပန်းတာပေါ့။ နေ့တိုင်း ဒီအနာတွေ အားလုံးကို ခြစ်ချတယ်ဆိုတဲ့ ဒဏ်ကလေ- တော်တော်ကြီးကို ပင်ပန်းပါတယ်။ ဘုန်းဘုန်းကြီးဆိုရင် တော်တော် စိတ်ဓာတ်မာတဲ့သူကို စကားကို ကောင်းကောင်း မပြောနိုင်တော့ဘူး။"

လောလောဆယ် အနာကတဆင့် ဝင်တဲ့ပိုးကိုသတ်နေတဲ့အတွက် ဆရာတော် ဦးတိက္ခဉာဏကို ICU အထူး စောင့်ရှောက်ခန်းမှာထားပြီး အပြင်ဧည့်သည်အလာ ကန့်သတ်ထားတယ်လို့ မိသားစုက ပြော ပါတယ်။ မိသားစုရဲ့ ပြောပြချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းအပြင် သံရုံး တာဝန်ရှိသူတွေ လည်း လာရောက် သတင်းမေးကြပါတယ်။ ဆရာတော်ကို ဘန်ကောက်ဆေးရုံ မှာ ဆေးကုသစရိတ်အတွက်တော့ လက်ပံတောင်းကြေးနီ စုံစမ်းရေးကော်မရှင်က လက်ရှိ တာဝန် ယူပေးထားပေမဲ့ ရေရှည်ကုသမယ့် ကုန်ကျစရိတ်အတွက်ကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ကိုနေသူရိန်က ပြောပါတယ်။

"ဆေးရုံကုသစရိတ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်က အားလုံးတာဝန်ယူပေးပါမယ် လို့ ပြောထားပါတယ်။ တာဝန်ယူပေးထားမယ့်အတွက် သူတို့က ဆေးရုံကြီးကို ဘတ် တစ်သန်း အရင် စရန် သွင်းပေးထားပါတယ်။ ဒါပေမဲ့ နှစ်လကျော် ရေရှည်ကျတော့ စုံစမ်းရေးကော်မရှင်အနေနဲ့ တာဝန်ယူပေးမလားဆိုတာလဲ... တာဝန်ယူပေးရင်တော့ ကောင်းတာပေါ့ဗျာ။ အဲလိုကိစ္စကိုလည်း မျှော်လင့်နေပါတယ်။

လေယာဉ်စရိတ်အတွက် ဒေါ်လာ ၃ ထောင့် ၅ ရာကိုလည်း စုံစမ်းရေးကော်မရှင်က ကူညီတယ်လို့ ဆိုပါတယ်။ မုံရွာခရိုင်ထဲက လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဖို့ တောင်းဆို သပိတ်မှောက်နေတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့၊ မနက်လင်းအားကြီးအချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့လို့ သံဃာအပါး ၁၀၀ ကျော်နဲ့ လူတချို့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အဲဒီထဲမှာ ဆရာတော် ဦးတိက္ခဉာဏရဲ့ မီးလောင် ဒဏ်ရာတွေဟာ အင်မတန်ပြင်းထန်တဲ့အတွက် မိသားစုက ထိုင်းနိုင်ငံမှာ ဆေးကုသဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG