သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်


ရန်ကုန်မှာကျင်းပသော ဦးသန့်အရေးအခင်း (၃၈) နှစ်ပြည့် အခမ်းအနား။ (ဓာတ်ပုံ-စည်သူ /ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၂)
ရန်ကုန်မှာကျင်းပသော ဦးသန့်အရေးအခင်း (၃၈) နှစ်ပြည့် အခမ်းအနား။ (ဓာတ်ပုံ-စည်သူ /ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၂)
လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့်ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား သိန်းထိုက်ဦး ရန်ကုန်ကနေ
သတင်းပေးပို့ပါတယ်။

ပွင့်လင်းမှု တစုံတရာရှိလာတဲ့ နိုင်ငံရေးအခြေအနေ အခင်းအကျင်းတွေကြားမှာပဲ အရင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ စစ်အစိုးရတွေ လက်ထက် နှိမ်နှင်းဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေ၊ အထိမ်းအမှတ် လှုပ်ရှားမှုတွေ မကြာခဏ ဆိုသလို ပေါ်လာခဲ့ပါတယ်။ အဲဒီအထဲက ဦးသန့်ဈာပနအရေးတော်ပုံလို့ သတ်မှတ်ခေါ်ခဲ့ကြ တဲ့ နိုင်ငံရေး လှုပ်ရှားမှုကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်အလောင်း မြန်မာနိုင်ငံကို ပြန်ပြီးအရောက် ၁၉၇၄ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂကို ဦးဆောင်သူ ရှားရှားပါးပါး မြန်မာနိုင်ငံသားတယောက်ရဲ့ ရုပ်အလောင်း တိုင်းပြည် ကို ပြန်သယ်လာတဲ့အချိန်- ရဟန်းရှင်လူ ပြည်သူတွေ သောင်းသောင်ဖျဖျ ကြိုဆိုခဲ့ပေမယ့် အစိုးရတာဝန်ရှိသူတွေဘက်က ပျက်ကွက်ခဲ့တဲ့အကြောင်းတွေကို အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ပြောဆိုသွားပါတယ်။

“သံဃာတော် အရှင်သူမြတ်များနဲ့တကွ ပြည်သူများအားလုံးဟာ ကြိတ်ကြိတ်တိုး၊ စည်ကား…ပြီးတော့ ဂုဏ်ပြုနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒါပေမဲ့လို့ အစိုးရအဖွဲ့အစည်းက ရှိနေတဲ့ပုဂ္ဂိုလ် တစ်ဦးတစ်လေမှ သွားရောက်ပြီး ကြိုဆိုခြင်း မဖြစ်ခဲ့ပါဘူး။ မဖြစ်ရတဲ့ အကြောင်းကလည်း သိတဲ့ အတိုင်းပဲ၊ တပါတီအာဏာရှင်စနစ်ဖြစ်တဲ့အတွက် မျက်နှာတစ်ခုတည်းကိုကြည့်ပြီး အလုပ်လုပ်ရတဲ့ ဟာကြောင့် အားလုံး ပုဂ္ဂိုလ်တွေရဲ့ မျက်နှာကို ကြည့်ပြီးတော့မှ သတ္တိရှိတဲ့လူ၊ သတ္တိပြောင်တဲ့လူ မထွက်ခဲ့နိုင်ပါဘူး။ အဲဒီတော့ - အဲဒီလို ကြိုဆိုနေတုန်းမှာ --- ပြည်သူလူထုကပဲ ခမ်းခမ်းနားနား သင်္ဂြိုဟ်မယ်၊ နောက်ပြီးတော့ ဦးခန့်ခေါင်းဆောင်တဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းများကလည်းပဲ စုဝေးပြီးတော့ သိုက်သိုက်မြိုက်မြိုက်ဖြစ်အောင် လုပ်မယ်-ဆိုတဲ့ အသံတွေကြားတယ်၊ ပြီးတော့ သင်္ဂြိုဟ်ဖို့ နေရာတောင်းတဲ့အခါမှာလည်း ကြံတောသချုႋင်းကိုပဲ ပို့မယ်၊ သင်္ဂြိုဟ်မဲ့နေရာ သတ်မှတ် တာကလည်းပဲ ဒေါ်ခင်မေသန်းအတွက် သတ်မှတ်ထားတဲ့နေရာ အကွက်ဘေးမှာ သတ်မှတ်ပေးမယ် ဆိုတာကို ထပ်မံကြားကြရပြန်တော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ကြိမ်မီးအုံးသလို ဖြစ်ပြီးတော့ ပိုပြီး ဆူပူလှုပ်ရှားလာတာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဦးသန့်ဈာပန အခမ်း အနားကျင်းပရေး ကော်မတီ အဖွဲ့ဝင် ၁၅ ယောက်ထဲက တယောက်ဖြစ်ပါတယ်။ သူနဲ့အတူ အဖွဲ့ဝင် ၁၄ ယောက်က ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ သဘောတူ တင်ပြခဲ့ပေမယ့် အဲဒီအချိန် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းက- “မင်းတို့လုပ်ချင်လုပ်၊ ငါတော့ မလုပ်ဘူး”- ဆိုတဲ့ စကားကြောင့် အစီအစဉ် အထမမြောက်ခဲ့ဘူးလို့ ဆိုပါတယ်။
မြက်များဖုံးလွှမ်းနေသည့် ဦးသန့် ဂူဗိမာန်အား ၂၀၀၈ ခုနှစ်က မြင်ကွင်း။
မြက်များဖုံးလွှမ်းနေသည့် ဦးသန့် ဂူဗိမာန်အား ၂၀၀၈ ခုနှစ်က မြင်ကွင်း။


ဦးသန့်ဈာပနဖြစ်မြောက်ရေး တောင်းဆိုလှုပ်ရှားသူတွေကို နှိမ်နှင်းတဲ့အချိန်၊ အဲဒီအချိန်က ရဟန်းရှင်လူ၊ ကျောင်းသား ၅,၀၀၀ လောက်ကို အင်းစိန်ထောင်ထဲကို ဖမ်းဆီး ပို့ဆောင်ခဲ့တယ်လို့ ဦးတင်ဦးက ခန့်မှန်းပါတယ်။

“တာဝန်ကို ကျနော် မရှောင်ပါဘူး။ ပေးတဲ့တာဝန်ကို ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဦးဆုံး ကျနော် ပြောတဲ့စကားဟာ အင်မတန်မှ ဝမ်းနည်းပါတယ်-လို့ ကျနော် ပြောရခြင်း ဖြစ်ပါတယ်။”

အခမ်းအနားမှာ ၇၄ ခုနှစ်၊ ဦးသန့်ဈာပန အရေးအခင်းတုန်းက နှစ်ရှည်ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရ သူ ကျောင်းသားဟောင်းတချို့နဲ့ သံဃာတော် တချို့လည်း တက်ရောက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ဌာနေ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ဧရာဝတီတိုင်း၊ ပန်းတနော်ဇာတိဖြစ်ပြီး ကမ္ဘာ့ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၂ ခုနှစ်မှာ တရားဝင် အရွေးချယ် ခံခဲ့ရပါတယ်။ သက်တမ်းနှစ်ကြိမ် စုစုပေါင်း (၁၀) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းလက်ထက်က ဦးသန့်ကို မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ သမိုင်းဝင်ခေါင်းဆောင်တယောက်အဖြစ် ဂုဏ်ပြုဖို့ ပျက်ကွက်ခဲ့ပေမဲ့လည်း နောက်ပိုင်းခေတ်တွေမှာတော့ ဦးသန့်နဲ့ပတ်သက်တဲ့ အမှတ်တရ လှုပ်ရှားမှုတွေ၊ သူ့အကြောင်း စာအုပ်စာတမ်းတွေနဲ့ သူ့အတွက် စာကြည့်တိုက် ထူထောင်တာမျိုးတွေ ပေါ်လာခဲ့ပါတယ်။

မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ပြီးခဲ့တဲ့စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေ ညီလာခံ မှာ ပြောကြားတဲ့ မိန့်ခွန်းမှာလည်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဦးသန့်ရဲ့ဆောင်ရွက်ချက်နဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်တဲ့အကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါသေးတယ်ခင်ဗျ။
XS
SM
MD
LG