သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ကာချုပ်အပါအဝင် နိုင်ငံရေး ထိပ်သီးဆွေးနွေးပွဲလုပ်မည်


မြန်မာသမ္မတ ဦးသိန်းစိန်
မြန်မာသမ္မတ ဦးသိန်းစိန်

မြန်မာနိုင်ငံမှာ အရေးပါတဲ့ နိုင်ငံရေးနဲ့တိုင်းရင်းသား အင်အားစု ခေါင်းဆောင်တွေကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတက ဦးဆောင် ဖိတ်ကြားခဲ့တယ်လို့ ဆွေးနွေးပွဲဖိတ်ကြားခံရတဲ့ ခေါင်းဆောင်တွေက အတည်ပြုပါတယ်။

ဒီတွေ့ဆုံပွဲမှာ သမ္မတအပါအဝင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရေးပါတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့နဲ့ တိုင်းရင်းနိုင်ငံရေးပါတီခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့ ဖိတ်ကြားခံရသူတွေရဲ့ပြောပြချက် အရ သိရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့လက်မှတ်နဲ့အတူ တိုင်းပြည်မှာအရေးပါတဲ့ နိုင်ငံရေးအင်အားစုက ခေါင်းဆောင်တွေနဲ့တွေ့ဖို့ ဖိတ်ကြားမှုတစ်ရပ်ကို အောက်တိုဘာလ ၂၈ ရက်နေ့ မှာ လက်ခံရရှိတယ်လို့ ဖိတ်ကြားခံရသူတွေထဲကတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကပြောပါတယ်။ ဒီဖိတ်စာမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက်ဖြစ်ထွန်းရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အသွင်ကူးပြောင်းမှု ငြင်သာစွာ ဆက်လက်ဖြစ်ထွန်းရေး စတဲ့ အချက် ၃ ချက်ကို ဆွေးနွေးဖို့ ရှိတဲ့အတွက် ဖိတ်ကြားတာလို့ ဆိုပါတယ်။

NDF ပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေကတော့ သူ့အနေနဲ့ တိုင်းပြည်မှာ အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို စစ်ဖက်နဲ့အုပ်ချုပ်ရေးဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဖို့ ရှိပြီးတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ကိုလည်း NDF က မှတ်ချက်ပေးပြီးဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ ဆွေးနွေးခွင့်ရတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးကို ပိုပြီးတော့ လျှင်လျှင်မြန်မြန်နဲ့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါနေတဲ့ MC တွေပေါ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကြီး-ပြီးပြီးတော့ကာ ငြိမ်းချမ်းရေး- နိုင်ငံရေးစကားပြောပွဲထဲကို ရောက်အောင်သွားနိုင်ဖို့အတွက်ကို ကျနော်ကတော့ အထူးထား ဆွေးနွေးဖို့တော့ သဘောထားပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကတော့ ကျနော်တို့ပါတီရဲ့ လွန်ခဲ့တဲ့နှစ်က ၂၀၁၃ မေလကတည်းက ၂၁ ရက်နေ့မှာ လွှတ်တော်ကို တင်ပြပြီးပါပြီ။ ---- ပုဒ်မပေါင်း ၆၅ ခု၊ ဇယား (၁) ကနေ (၅) အထိ ပြင်ဖို့ကို တင်ပြထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက်ကတော့ လိုလားပါတယ်။ ၄၃၆ ရော၊ ၅၉ (စ) အပါအဝင်ပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံအချုပ်အခြာအာဏာ မထိပါးရေးအမြင်နဲ့ နှစ်ဘက်လုံး နိုင်ငံတကာအမြင်မှာလည်း မစောင်းရေးဆိုတဲ့ လမ်းကြောင်းပေါ်ကနေ ဖွဲ့စည်းပုံပြင်ရေးကို ကျနော်တို့ တင်ပြထားပြီးဖြစ်လို့ အထူးပြောစရာမရှိပါဘူး။”

ဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရတဲ့သူတွေထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဒုဥက္ကဋ္ဌ ဦးဌေးဦးကတော့ တိုင်းပြည်ရဲ့အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံမယ့်ပွဲဖြစ်တာကြောင့် အရေးပါတဲ့ကိစ္စတွေကို အသားပေး ဆွေးနွေးမယ်လို့ ရှုမြင်ကြောင်း ဗွီအိုအေကိုပြောပါတယ်။

“ကျနော်ထင်ပါတယ်။ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံတော်ရယ်၊ ပါတီတွေရယ်၊ လွှတ်တော်တွေရယ် ပေါင်းပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ရတဲ့ကိစ္စတွေ ရှိမှာပေါ့ဗျာ။ ဒီအပေါ်မှာမူတည်ပြီးတော့ တွေ့ဆုံ ဆွေးနွေးတဲ့သဘောဖြစ်မှာပေါ့ဗျာ။ ဘယ်စနစ်ကိုပဲ ကျင့်သုံး ကျင့်သုံး၊ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်တယ်ဆိုရင် ပိုပြီး မြန်တာပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်မှု မရှိနိုင်ဘူးဆိုရင် နှေးတာပေါ့။ မဖြစ်ဘူးဆိုတာတော့ မရှိပါဘူး။ နှေးတာပေါ့။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဖြစ်နိုင်အောင် ဆိုလို့ရှိရင်လည်း အကြိမ်ကြိမ်တွေ့ဆုံပြီးတော့မှ ကျနော်တို့သဘောထားတွေ သိရင် ပိုကောင်းတာပေါ့။ ဟုတ်ဘူးလား။ ကျနော်တို့ ဒီလိုပဲမြင်ပါတယ်။”

ဒီဆွေးနွေးပွဲကို ဖိတ်ကြားခံရသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖိတ်စာလက်ခံရရှိခြင်း ရှိမရှိ ဗွီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ NLD ရဲ့တရားဝင် ပြောခွင့်ရှိသူ ဦးဝင်းမြင့်က သူ့အနေနဲ့သိရှိခြင်း မရှိကြောင်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ ဘာမှ မသိသေးဘူးဗျ။ ပြည်ထောင်စုလွှတ်တော်ပြီးတော့ workshop သွားနေတာ။ အဲဒီတော့ ကျနော်ကတော့ ဘာမှ မကြားသေးဘူး၊ အဲဒါတော့ မသိဘူး။ ကာယကံရှင်သာ သိရင်သိမှာပေါ့ဗျာ။ ကျနော်တို့တော့ ဘာမှ မသိသေးဘူး။”

အခု ဆွေးနွေးပွဲဟာ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်ဖို့ ရက်ပိုင်းအလိုမှာ ကျင်းပဖို့ပြင်ဆင်တာကြောင့် မြန်မာ့နိုင်ငံရေးအတွက် နိုင်ငံတကာက ဖိအားမပေးအောင် ဟန်ပြဆွေးနွေးပွဲမဖြစ်ဘဲ ထိရောက်တဲ့ဆွေးနွေးပွဲတစ်ခု ဖြစ်ဖို့လိုတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“အမေရိကန်သမ္မတအိုဘားမား မလာခင် အပေါ်ယံပေါ့လေ၊ နိုင်ငံတကာရဲ့ဖိအားတွေ၊ နိုင်ငံတကာရဲ့ဝေဖန်မှုတွေကို လျှော့ချချင်တဲ့ရည်ရွယ်ချက်မျိုးနဲ့လုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး မဖြစ်ဖို့လိုတယ်လို့ မြင်တယ်။ နိုင်ငံရေးအရ အလုပ်ဖြစ်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ လိုတယ်လို့ မြင်တယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်ကို တကယ်အလုပ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ်ဖို့ လိုတယ်လို့ မြင်တယ်။”

သမ္မတက ဖိတ်ကြားခံထားရတဲ့သူ အချို့ထဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းအမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်က SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ NDF ပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေ၊ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦး သန်းတင်တို့ ပါဝင်ပါတယ်။

လက်ရှိအချိန်ဟာဆိုရင် မြန်မာနိုင်ငံရဲ့နိုင်ငံရေးရေချိန်ဟာ အမြင့်ဆုံး ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာ အကဲဖြတ်အချို့က သုံးသပ်ထားပါတယ်။ အခု ဆွေးနွေးပွဲ အတွင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ နိုင်ငံသားတွေအနေနဲ့ လူ့အခွင့်အရေး ချို့ဖောက်ခံရတာမျိုးတွေ ထပ်မဖြစ်ဖို့ အုပ်ချုပ်သူနဲ့စစ်ဖက်ခေါင်းဆောင်တွေကို နိုင်ငံရေးအင်အားစုတွေက ထိထိမိမိ ဆွေးနွေးခဲ့ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပါတယ်ခင်ဗျား။

XS
SM
MD
LG