သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ခန့်မှန်းစာရင်းမှာ သမ္မတဦးသိန်းစိန် ပါဝင်


တောင်ကိုရီးယားနိုင်ငံရောက် မြန်မာသမ္မတဦးသိန်းစိန်ကို The Saemaul Undong Center President Lee Jai Chang က ကြိုဆိုနုတ်ဆက်စဉ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာသမ္မတဦးသိန်းစိန်ကို The Saemaul Undong Center President Lee Jai Chang က ကြိုဆိုနုတ်ဆက်စဉ်။
၂၀၁၂ခု နိုဘယ်လ်ဆုတွေကို ဒီတပတ် စတင်ကြေညာနေပြီဖြစ်ပါတယ်။ ဒီသီတင်းပတ် သောကြာနေ့မှာတော့နိုဘယ်လ်ငြိမ်းချမ်းဆုကို ဘယ်သူရရှိမယ်ဆိုတာ ကြေညာပေးမှာဖြစ်ပါတယ်။ အခုလိုစောင့်ဆိုင်းနေချိန်မှာ
အခုနှစ် အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဘယ်သူရသင့်တယ်ဆိုတဲ့
ခန့်မှန်းချက်စာရင်းကို အော်စလိုအခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။ အဲ့ဒီ့အထဲမှာ မြန်မာသမ္မတ ဦးသန်းစိန် ပါဝင်တာကို တွေ့ရပါတယ်။ ဒီအတောအတွင်း သမ္မတဟာ တောင်ကိုရီးယားနိုင်ငံကို ၃ ရက်ကြာ တရားဝင် အလည်အပတ် ခရီးစဉ်နဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ အသေးစိတ် ကို ဘန်ကောက် VOAရုံးခွဲကနေ ကိုဇော်ဝင်းလှိုင်က ဆက်ပြောပြပေးပါမယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရဖို့အတွက် တစ်ပေးခံရသူ စာရင်းထဲမှာ
နံပတ် ၅ နေရာမှာ ရှိနေတဲ့အကြောင်း နှစ်စဉ် နိုဘဲလ်ငြိမ်းချမ်းရေး ရရှိနိုင်မယ့်သူတွေရဲ့
ထိပ်တန်း ၅ ဦးရဲ့ အမည်စာရင်းကို သုံးသပ်ချက်ထုတ်ပြန်လေ့ရှိတဲ့ အော်စလို အခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့ Prior က ညွှန်ကြားရေးမှူး Kristian Berg Harpviken က
သူ့ရဲ့ ခန့်မှန်းချက်ကို ထုတ်ပြန်လိုက်တာပါ။

သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ဦးဆောင်လုပ်ကိုင်နေသူဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တဲ့ မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနဲ့ ထိတွေ့ ဆက်ဆံမှုရှိအောင် တဖြည်းဖြည်းချင်း တံခါးဖွင့်ပေးသူတဦး
ဖြစ်တာက တကြောင်းတို့ကြောင့် သူ့အနေနဲ့ ဦးသိန်းစိန်ကို အခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးရနိုင်သူစာရင်းထဲမှာ နံပတ် ၅ အဆင့်မှာ သတ်မှတ်ထားတဲ့အကြောင်း Harpviken သူရွေးချယ်ရခြင်း အကြောင်းရင်းကို ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ဘယ်လ်ငြိမ်းချမ်းရေး ဆုချီးမြင့်ဖို့အတွက် ရွေးချယ်တဲ့နေရာမှာ ခေါင်းဆောင်တဦး၊ လူပုဂ္ဂိုလ်တယောက်၊ ဒါမှမဟုတ်လည်း အဖွဲ့အစည်း တခုခုရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်တွေဟာ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။

အခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကိုတော့ လာမယ့် သောကြာနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၁၁ နရီမှာ နော်ဝေး နိုဘယ်လ်ငြိမ်းချမ်းရေးကော်မရှင်က တရားဝင် ထုတ်ပြန် ကြေငြာမှာဖြစ်ပေမယ့် နိုဘယ်လ်ကော်မရှင်အနေနဲ့ ဆုရဖို့ ဘယ်သူတွေကို ယာ ထားတယ်ဆိုတဲ့ အမည်စာရင်းကိုတော့ ထုတ်ပြန်လေ့ မရှိပါဘူး။

သမ္မတရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင်အမျိုးမျိုး ရှိနေကြပေမယ့် အခုလို ငြိမ်းချမ်းရေး ဆုချီးမြင့်ခံရမယ်ဆိုရင်တော့ သူ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အကူဖြစ်စေမယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဌ ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။

“စာရင်းပါတယ်ဆိုရင်တော့ တွန်းအားတော့ ဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ Peace Process ကလည်း မပြီးသေးဘူးကို။ တချို့ကလည်း အဲ့ဒီ့အပေါ်မှာ အာရုံသိပ်မကျကြဘူး။ အောင်မြင်လိမ့်မယ်မထင်သလို၊ တချို့ကလည်း အောင်မြင်မယ်ထင်တယ်ပေါ့ဗျာ။ ပြည်တွင်းမှာလည်း အဲ့လို အုပ်စု နှစ်စု သုံးစုလောက် ကွဲပြားနေတဲ့အခြေအနေ ရှိနေတော့ သမ္မတရဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေအမြင်၊ ကြားလူတွေအမြင်၊ အုပ်ချုပ်သူတွေအမြင်၊ နိုင်ငံရေးပါတီတွေအမြင် အစရှိသဖြင့် အမြင်တွေ အမျိုးမျိုး ကွဲကွဲပြားပြား ဖြစ်နေကြတယ်လေ။ ဒါပေမယ့် ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒ အကုန်အတူတူပါပဲ။ အဲ့တော့ကာ သမ္မတကြီးကို ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် တကယ်စေတနာသန့်သန့်နဲ့ လုပ်နေတယ်ဆိုတာလည်း လက်ခံကြတယ်။ အဲ့တော့ သမ္မတကို ငြိမ်းချမ်းရေးဆုအဖြစ် ထည့်ပြီးတော့ စဉ်းစားတယ်ဆိုတော့ဖြင့်ရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရဖို့ကို ကြီးမားတဲ့တွန်းအားကြီးဖြစ်ပါလိမ့်မယ်လို့ ယူဆပါကြောင်း ကျနော် ယုံကြည်ပါကြောင်း ပြောချင်ပါတယ်ခင်ဗျာ။”

ဒါပေမယ့် သမ္မတဦးသိန်းစိန်အနေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု မရသင့်ဘူးလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးဇော်မင်းကတော့ ပြောပါတယ်။

“ မရသင့်ဘူးလို့ မြင်တာပဲ၊ ပွင့်ပွင့်လင်းလင်းပြောရရင်။ ဘာဖြစ်လို့ မရသင့်ဘူးလည်းဆိုတာ ဒီလိုဗျာ အရင်တုန်းက ယာဆာအာယာဖတ်တို့၊ ယင်းဇက်အာရဖင်းတို့ကို လွှဲပေးတယ်ဆိုတာက သူတို့ပါလက်စတိုင်းမှာက အာရပ်အစ္စရေးပြဿနာက အင်မတန်ကြီးမားတာကိုး။ တချက် နောက် နှစ်ပေါင်းမြောက်များစွာကလည်း ဖြစ်နေခဲ့တဲ့ အာရပ်အစ္စရေးပြဿနာက ပါလက်စတိုင်းမှာဖြစ်ခဲ့တဲ့ အာရပ်အစ္စရေးပြဿနာက ကမ္ဘာကြီးရဲ့ လုံခြုံရေးကိုပါ ဆက်စပ်ပြီး ထိခိုက်နိုင်တဲ့ အလားအလာရှိခဲ့တာကိုးဗျ။ အဲ့တော့ အဲ့မှာ ယင်းဇက်ရာဗင်းနဲ့ ဒီယာဆာအာရာဖတ်ကို အဲ့ဒီ့ဟာတွေကို ထိန်းပေးနိုင်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေကို မျှခြေထားပြီးတော့အမှန်တော့ နိုင်ငံတကာက ပေးတာပါပဲ။ နိုင်ငံရေးအရ နိုဘယ်လ်ဆုဆိုတာပေးတာ။ မြန်မာပြည်မှာတော့ မြန်မာပြည်ကိစ္စက အဲ့လောက်ကြီး မြန်မာပြည်ကိစ္စ တခုတည်းဖြစ်နေတယ်လေ။ နိုင်ငံတကာကို ဒီလောက် အများကြီး ထိခိုက်နိုင်စရာအကြောင်းမရှိဘူး။ အိမ်နီးနားချင်း ကျနော်တို့ အာဆီယံနိုင်ငံတွေထဲမှာတော့ နည်းနည်း ရိုက်ခတ်နိုင်တာတော့ ရှိတာပေါ့။”

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဟာ မမျှော်လင့်ပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင် လုပ်ကိုင်သူတဦးဖြစ်တာကြောင့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ သြဇာအရှိဆုံး လူ ၁၀၀ စာရင်းထဲမှာ တဦးအပါအဝင်ဖြစ်တဲ့အကြောင်း အမေရိကန်အခြေစိုက် The Times Magazine ကြီးက ဧပြီလ ၁၈ ရက်နေ့က ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးမငှဲ့ပဲ အရာရာကို စွန့်လွှတ် အနစ်နာခံပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဦးဆောင် တိုက်ပွဲဝင်နေသူတဦးအဖြစ်နဲ့ ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြင့် ခံခဲ့ရပြီးဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာ ၃ ရက်ကြာ လည်ပတ်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် အင်္ဂါနေ့မှာ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်အတွင်း စီးပွားရေး၊ စစ်ရေးနဲ့ တခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သမ္မတဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ်ကို ဒီကနေ့ တရားဝင်စတင်တာ ဖြစ်ပေမယ့် သူဒီကနေ့ ဘယ်သူတွေနဲ့တွေ့တယ်၊ ဘာတွေ ဆွေးနွေးဖြစ်တယ်ဆိုတာတော့ သမ္မတရုံးက သတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
XS
SM
MD
LG