သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ဈာပန စည်ကားသိုက်မြိုက်စွာ ဂါရဝပြု


NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနား - 04-23-14 (ဓာတ်ပုံ-Citizen Journalist)
NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနား - 04-23-14 (ဓာတ်ပုံ-Citizen Journalist)
ဦးဝင်းတင်ရဲ့ နောက်ဆုံးနာရေးခရီးကို ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းစာဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သာမက ပြည်သူလူထုတွေပါ ထောင်သောင်းချီ လာရောက် ပို့ဆောင်ကြတဲ့အတွက် ရေဝေးသုဿန်ဝင်းတခုလုံး ပြည့်လျှံသွားပါတယ်။ ဦးဝင်းတင်ရဲ့ နာရေးခရီး လိုက်လံ ပို့ဆောင်ကြသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဦးဝင်းတင်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များရဲ့ လွမ်းသူ့ပန်းခြင်းကို သွားရောက်ဂါရဝပြု ပို့ဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းအဖွဲ့ဟောင်းလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်တဲ့ ဦးစောနိုင်းနိုင်းက ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ကို ပြည်သူအများ တခဲနက် လာရောက် ဂါရဝပြုခဲ့ကြတဲ့အကြောင်း ပြောပြ ပါတယ်။
(ဓာတ်ပုံ-Citizen Journalist)
(ဓာတ်ပုံ-Citizen Journalist)

"ဆရာဦးဝင်းတင်ကို ကြည်ညိုလေးစားတဲ့သူတွေ၊ တောကသူတွေ၊ အဝေးကသူတွေ အများကြီးပဲ သိလား။ နောက်တခါ အထဲမှာဝင်ပြီး ဆရာဦးဝင်းတင်ရဲ့အလောင်း ပြင်ထားတဲ့နေရာကို သွားကြည့်တော့လည်းပဲ အကုန်လုံး တန်းစီပြီး စောင့်နေကြတယ်။ ကြပ်ပိတ်ပြီး တန်းစီပြီး စောင့်နေကြတယ်။ တော်တော်လေးကို အချိန်ယူဝင်ရတယ်။

လူတွေကို ကြပ်ပိတ်သိပ်နေတော့ ဦးတို့တွေ အုပ်စုလိုက်သွားလို့ မရတော့ဘူး။ အုပ်စုခွဲပြီး ပန်းခြင်းကို အပ်ရတော့တာပဲ။ အဲ့ဒါပန်းခြင်းတွေဆိုလို့ရှိရင်လည်း အထဲမှာ နေရာမရှိတော့လို့၊ အပြင်မှာ ကားကြီးနှစ်စင်းနဲ့ လွမ်းသူ့ပန်းခြင်းတွေ လက်ခံထားတဲ့ နေရာရယ်ရှိတာပေါ့။ ဒီရေဝေး ဈာပနအခမ်းအနားတွေ သွားတဲ့အခါမှာ ဒီလောက်လူများတာ တခါမှ ဦး မဆုံဖူးဘူး။ နေကလည်း
ခြစ်ခြစ်တောက်ပူနေတာ။ လူတွေက ပင်ပန်းဆင်းရဲစွာနဲ့ အကုန်လုံး တန်းစီပြီး ဆရာ့ကို အလေးသွားပြုကြတာပေါ့လေ။"

မန္တလေး ဟံသာဝတီ သတင်းစာတိုက် အယ်ဒီတာချုပ်ဟောင်းလည်းဖြစ်၊ ဝါရင့်သတင်းစာဆရာကြီးဖြစ်သူ ဦးဝင်းတင်ရဲ့ ရန်ကုန်က နောက်ဆုံးခရီးကို မန္တလေးသူ၊ မန္တလေးသားတွေ လာရောက်ပို့ဆောင်ကြတဲ့အကြောင်း မန္တလေး သတင်းစာဆရာတဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်း ပြောပြတာကတော့ -

"ကျနော်တို့ မန္တလေးကနေပြီးတော့ နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ အားလုံးပေါ့ဗျာ။ ကျနော်တို့ စာပေနယ်ကနေပြီးရော နယ်ပယ်ပေါင်းစုံကပေါ့ဗျာ။ ရမိသမျှ၊ စုမိသမျှ၊ မြို့ကို ကိုယ်စားပြုပြီး ကျနော်တို့ အများကြီးလာပါတယ်။ အခုဆိုရင် ကျနော်တို့ လူ ၂၀၀ ကျော် ရောက်ရှိပါတယ်။ ရောက်ရှိပြီးတော့ ကျနော်တို့ ဂါရဝပြုခဲ့ပြီးပါပြီ။ ရေဝေးမှာလည်းပဲ အဖွဲ့အစည်းပေါင်းစုံ တပြည်လုံးက လာကြတာတွေရော၊ တမြို့လုံးက လာကြတာတွေရောဆိုတော့ ကျနော်တို့ အချိန်တိုလေးတော့ မန္တလေးအဖွဲ့ကိုလည်း ကြေညာပြီးတော့ ဂါရဝပြုခွင ရပါတယ်။ ကျနော်တို့ မန္တလေးကနေပြီးတော့ Express ကားကြီးတွေနဲ့ လာကြပါတယ်ခင်ဗျ။ ပါကြတာဆိုရင် ကျနော်တို့ နိုင်ငံရေး အကျဉ်းသားကွန်ရက်၊ ဗြဟ္မစိုရ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦးအဖွဲ့ အပါအဝင်ပေါ့ဗျာ။ အဖွဲ့အစည်းပေါင်းစုံ ပါပါတယ်ခင်ဗျ။

ကျနော်တို့ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ အာဇာနည် ၁၇ ဦး အထိမ်းအမှတ် အခမ်းအနား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆရာကြီးဦးဝင်းတင်ရဲ့ မန္တလေး နောက်ဆုံးခရီးစဉ်လို့ ပြောလို့ရပါတယ်။ ၇၈ လောက်အထိ ဟံသာဝတီ အယ်ဒီတာချုပ်လည်း လုပ်ခဲ့တဲ့အတွက်ကြောင့် မန္တလေးသားတပိုင်းလည်း ဖြစ်နေ ပါတယ်။ နောက်ပြီးတော့ ဆရာကြီးဟာ သူမတူအောင် ထူးခြားတဲ့ နှစ်ယောက် မရှိတဲ့ အင်မတန်မှ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးမို့လို့ ကျနော်တို့ အဝေးကနေ ပြီးတော့ ပင်ပန်းသော်လည်းပဲ လာရောက် ဂါရဝပြုကြတာ ဖြစ်ပါတယ်။"
(ဓာတ်ပုံ-Citizen Journalist)
(ဓာတ်ပုံ-Citizen Journalist)

နိုင်ငံအဝှမ်းက ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ လာရောက် ပို့ဆောင်ကြတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် က အခုလို ပြောပါတယ်။

"ကျောင်းသား တော်တော်များများပေါ့နော်။ ဒေသပေါင်းစုံက ကျောင်းသား တော်တော်များများ လာကြတယ်။ တောင်ငူပါမယ်။ မကွေးပါမယ်။ မန္တလေး၊ ပဲခူး၊ မုံရွာဘက်က ကျောင်းသားတွေလည်းပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတ၊ မြောင်းမြတို့ ၊ မအူပင် တို့ကလည်း ကျောင်းသားတွေလည်း ပါတယ်ဆိုတော့ ဝင်ပြီး ဂါရဝပြုကြတယ်။ အထဲမှာ တအားကြပ်တဲ့အခါကျတော့ ဝင်ရတာ ကျမတို့ တသုတ်စီ၊ တသုတ်စီ ခွဲပြီးဝင်ရတာပေါ့။

ကျမတသက်မှာ တခါမှ မမြင်ဖူးပါဘူး။ ဒီလောက်လူတွေအများကြီး။ အကုန်လုံးက ပင်ပင်ပန်းပန်းနဲ့ ချွေးတွေရွှဲပြီးတော့ မူးလဲသူလည်း မူးလဲကြ။ တော်တော်ကို ပင်ပင်ပန်းပန်းနဲ့ ဘဘကို လာပြီး ဂါရဝပြုကြတာ တွေ့ရပါတယ်။ တကယ်ပဲ ကြက်သီးထဖို့ ကောင်းလောက်အောင် လူတွေက တအားများတယ်။

ထူးခြားတာက အခြေခံလူတန်းစား ပြည်သူတွေ အသက်အရွယ် ကြီးရင့်တဲ့သူတွေပါ လာပြီးတော့ ပင်ပင်ပန်းပန်းနဲ့ လမ်းလျှောက်ပြီး လာကြတာတွေ့ရတယ်။ ပြည်သူတော်တော်များများက ထိခိုက်ခံစားပြီး ဘဘရဲ့ ဆုံးရှုံးမှုကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အားလုံးလာပြီးတော့ ဘဘကို ဂါရဝပြုကြတာ တွေ့ရတော့ စိတ်ထဲမှာ တော်တော်တော့ ကြည်နူးမိသလို တဘက်ကလည်း ပိုပြီးတော့ ဝမ်းနည်းရတာပေါ့နော်။"

နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ကို ပြည်သူအများ လာရောက် ဂါရဝပြုပြီးချိန်မှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း ဦးဝင်းတင်ကို အနီးကပ်ပြုစုခဲ့သူ ကိုရာဇာက ပြောပါတယ်။
(ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း)

"ဂူသွင်းဖို့ ကျန်တာပေါ့နော်။ အခေါင်းထဲ ထည့်မယ်။ ဂူသွင်းမယ်။ အခုက အဘ ဦးတင်ဦး ရှိတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ကျောင်းသား
ခေါင်းဆောင်တွေ ရှိတယ်။ လာကန်တော့တဲ့သူတွေက တအားများနေတော့ အချိန်က တော်တော်ပေးထားတာပဲ ၁၂ နာရီကနေ ညနေ ၄ နာရီအထိပေးတာ။ ဒါပေမဲ့ လူတွေက အခုအချိန်အထိ မပြီးသေးဘူး။ မပြတ်သေးဘူး ဖြစ်နေတယ်။ အဲ့ဒါ အဘကို အခု လောလောဆယ် တင်ထားတဲ့ မှန်ခေါင်းထဲကနေပြီးတော့ အဘ သစ်သားခေါင်းထဲ ထည့်ဖို့ နည်းနည်းကြာနေသေးတာပေါ့။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ဝါရင့်နိုင်ငံရေးအကျဉ်းသားဟောင်းကြီးနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ နောက်ဆုံးဈာပနခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ကြသူတွေရဲ့ ပြောဆိုချက်တွေကို မဆုမွန် စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG