သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TIME မဂ္ဂဇင်းရေးသားချက် ပြည်ပရောက်ဘုန်းတော်ကြီးတချို့ပယ်ချ


အရှင်ဝီရသူ (လယ်)
အရှင်ဝီရသူ (လယ်)
အခုတပတ်ထုတ် Time မဂ္ဂဇင်းနဲ့ နယူးယောက်ခ်တိုင်းမ်သတင်းစာတို့မှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တချို့ရဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြည်ပမှာ သီတင်းသုံးနေကြတဲ့ သံဃာတော်တချို့က ဒီရေးသားမှုတွေဟာ မှန်ကန်ခြင်းမရှိဘူးလို့ ပြန်လည်ချေပလိုက်ကြပါတယ်။ ဒီတပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ “ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသောမျက်နှာစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကအားဖြင့်တော့ အရှင်ဝီရသူကို အိုစမာဘင်လာဒင်နဲ့တင်စားပြီး သွေးထွက်သံယိုမှုကို လှုံ့ဆော်သူအဖြစ် ဝေဖန်ရေးသားထားသလို The New York Times သတင်းစာထဲမှာ မြန်မာ ဗုဒ္ဓဘာသာတွေအကြား အစွန်းရောက်ဝါဒ ပေါ်ထွန်းလာခြင်းဆိုတဲ့ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့ကြတယ်ဆိုပြီး ဝေဖန်ရေးသားခဲ့တာဖြစ်ပါတယ်။
ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့က ဆရာတော် ဦးကောဝိဒက အခုလို တုံ့ပြန်ခဲ့ပါတယ်။

“အခုလို The Buddha Terror face ဆိုပြီး လုပ်တာက တော်တော်လေး ထိခိုက်သွားတယ်။ ဒါ တိုင်းမ် မဂ္ဂဇင်းကြီးလို ကမ္ဘာမှာ သြဇာအာဏာရှိတဲ့ မဂ္ဂဇင်းကြီးက မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်ဆလင်ဘာသာကို အဲလို သွားရေးလို့ရှိရင် သူတို့ တော်တော်လေး ဒုက္ခရောက်သွားလိမ့်မယ်။ ဗုဒ္ဓဘာသာကတော့ ဘုရားတွေကို ဖျက်ဆီးနေတာတောင်မှ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာက ငြိမ်နေတယ်လေ။ အဲဒီတော့ ဦးဝီရသူကို ဘင်လာဒင်နဲ့ နှိုင်းတာတို့၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ကြား မုန်းတီးရေးဖြစ်အောင်လုပ်တာတို့တော့ ဘုန်းဘုန်းက မကြိုက်ဘူး။ သူလည်း အဲဒီလို ဟောမယ်မထင်ဘူး။ အခု ဗမာပြည်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို ဘုန်းဘုန်းတို့ ပြန်ကြည့်လိုက်လို့ရှိရင် ရခိုင်မှာဖြစ်တဲ့ကိစ္စ၊ မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ၊ နောက်တခါ ဥက္ကံမှာဖြစ်တဲ့ကိစ္စတွေဟာ ဗုဒ္ဓဘာသာတွေက စခဲ့တာမဟုတ်ဘူး တကာကြီး။ တခြားဘာသာဝင်တွေက စတော့ မခံနိုင်လို့ ဖြစ်တာနဲ့တူတယ်။ အဲဒီတော့ အလွန်သိက္ခာရှိတဲ့ မဂ္ဂဇင်းကြီးတစ်စောင်က ဒီလိုကြီး ရေးလိုက်တယ်ဆိုတော့ ဘုန်းဘုန်းတို့ နိုင်ငံခြားမှာနေတဲ့ သံဃာတွေလည်း တော်တော်လေး ထိခိုက်မှု ရှိသွားတယ် တကာကြီး။”

မေး။ ။ တင်ပါဘုရား။ အရှင်ဝိရသူအနေနဲ့ သွေးထွက်သံယိုဖြစ်စေ၊ သူတို့ကို သတ်ဖြတ်စေလို့ မရည်ရွယ်သော်လည်းပဲ ဒီလို အပြန်အလှန် သံသယစိတ်တွေ၊ မုန်းတီးစိတ်တွေ ရှိတဲ့အခါမှာ အရှင်ဝီရသူရဲ့ ဟောပြောချက်တွေဟာ မရည်ရွယ်သော်လည်းပဲ မုန်းတီးမှုကို ပိုပြီးတော့ ပံ့ပိုးရာရောက်တယ်ဆိုရင်ကော မှန်ပါသလား ဘုရား။

“အင်း၊ အခြေအနေနဲ့ အချိန်အခါအရဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ် တကာကြီး။ ခုဥစ္စာကတော့ တကယ်လို့ ဦးဝီရသူ လွန်တယ်ဆိုရင် ဘုန်းဘုန်းတို့ကလည်း ဦးဝီရသူဆီကို စာရေးမယ်၊ ဒါပေမဲ့လို့ အခုလောလောဆယ်ကတော့ နိုင်ငံခြားမှာနေတဲ့ သံဃာတော်တွေလည်း တော်တော်လေး ထိခိုက်သွားတယ်။ ဘုန်းဘုန်းတို့။ အဲဒီတော့ ဘုန်းဘုန်းတို့ ပြောချင်တာက မိတ္ထီလာမှာ ဗလီရှေ့မှာဖြတ်သွားတဲ့ ကိုယ်တော်ကို ရက်ရက်စက်စက် သတ်လိုက်တာကျတော့ တိုင်းမ်မဂ္ဂဇင်းတို့၊ ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ မဂ္ဂဇင်းကြီးက မဖော်ပြဘူး။ တိုင်းမ်မဂ္ဂဇင်းအနေနဲ့ အခုလို တဖက်သတ်ရေးပြီးတော့ ဓာတ်ပုံနဲ့တကွ ဖော်ပြလိုက်တာကို ဦးဝီရသူတင်မဟုတ်ဘူး။ မြန်မာပြည်က သံဃာထုတရပ်လုံးကို တောင်းပန်သင့်တယ်လို့ ဘုန်းဘုန်းထင်ပါတယ်။”
အလားတူစွာပဲ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ဦးပညာဇောတကလည်း ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး အခုလိုတုံ့ပြန် ပြောဆိုထားပါတယ်။

“ဦးဝီရသူက အမျိုးသားရေးတော့ စိတ်အားထက်သန်တာ ရှိပါတယ်။ တချို့ တချို့သော ကိစ္စတွေမှာ အမျိုးသားရေးကို ဦးစားပေးတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူလုပ်တဲ့ဟာတွေက ဥပမာ မိတ္ထီလာဖြစ်တဲ့ဟာမျိုးတွေမှာ မွတ်ဆလင်တွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာတွေ အများကြီးဗျ။ ဒါတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ မွတ်ဆလင်တွေကို မုန်းတီးတယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘူးလို့ ထင်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အခု တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတယ်ဆိုတဲ့အခါကျတော့ ဘာကိုကြည့်ပြီးတော့ တိုင်းမ်မဂ္ဂဇင်းမှာ ရေးလိုက်တာလဲ၊ ဦးဝီရသူလုပ်တဲ့လုပ်ရပ်ကို ဘယ်ဟာကို အခြေခံပြီးတော့ Terror ဆိုတာမျိုးနဲ့ စွပ်စွဲလိုက်တာလဲဆိုတာ ဒါက နက်နက်ရှိုင်းရှိုင်း စဉ်းစားဖို့လိုအပ်လာတယ်။ ဒီလိုဖော်ပြလိုက်တာဟာ ဦးဝီရသူတစ်ပါးတည်းဆိုတာထက် ဗုဒ္ဓဘာသာကိုရော ထိုးနှက်တိုက်ခိုက်ဖို့တွေ ပါနေတယ်လို့ ယူဆရတယ်ပေါ့ဗျာ။ နောက်ကွယ်မှာ မမြင်ရတဲ့အရာတွေ ရှိတယ်လို့ ဦးဇင်းတို့အနေနဲ့ ယူဆပါတယ်။”

မေး။ ။ တပြည့်တော်လျှောက်ထားချင်တာကတော့ မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်နေတာကတော့ အရှိတရားပေါ့ဘုရား၊ အဲဒီလို အချိန်မျိုးမှာ - ငါတို့ဗုဒ္ဓဘာသာက အမြဲတမ်းရင်ဆိုင်နေရတယ်၊ ကာကွယ်ကြ-ပြောခြင်းဟာ ပဋပက္ခကို ပိုမိုကြီးထွားလာအောင် မရည်ရွယ်သော်လည်း မီးထိုးပေးနေတဲ့သဘော သက်ရောက်မှုကော မဖြစ်နိုင်ဘူးလားဘုရား။

“မီးထိုးတယ်လို့ ပြောရအောင် မွတ်ဆလင်အဖွဲ့တွေနဲ့တောင်မှ ရှေ့ဆက်ပြီးတော့ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးရဖို့လုပ်နေတာတွေကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်ဗျ။ နောက်ပြီးတော့ မွတ်ဆလင်တွေ ဒုက္ခရောက်တာကိုလည်းပဲ ကူညီစောင့်ရှောက်နေတာတွေ ရှိတယ်ဆိုတဲ့အခါကျတော့ မီးထိုးပေးတယ်လို့တော့ မမြင်ဘူး၊ သို့သော် အမျိုးသားရေးကိုတော့ သူ စိတ်အားထက်သန်တယ်လို့ - ဒီလိုတော့ ဦးဇင်းတို့ ခန့်မှန်းလို့ ရပါတယ်။”

မေး။ ။ တင်ပါဘုရား။ ဒီနေရာမှာ နောက်တစ်ခု တပြည့်တော် လျှောက်ထားလိုတာက ဗုဒ္ဓတရားတော်ဟာ မေတ္တာပွားများဖို့၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ- အဲဒါတွေကို အဓိကထားပြီးတော့ ဟောပြောတဲ့ ဘာသာတရားဖြစ်တယ်လို့ ရေးတဲ့သူတွေကလည်း ဆိုကြပါတယ်။ ဆိုတော့ အရှင်ဦးဝီရသူဟောတဲ့ တရားတွေဟာ ဒီဟာနဲ့ဆန့်ကျင်တယ်လို့လည်း ထောက်ပြကြပါတယ်ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော-

“ပညာရှိ၊ သတိဖြစ်ခဲ-ဆိုသလိုပေါ့ဗျာ။ ရံဖန်ရံခါတော့လည်းပဲ အမျိုးသားရေးကို သိပ်ပြီး စိတ်အားထက်သန်တဲ့အတွက်ကြောင့် ပြောတာဆိုတာ အမှားအယွင်း ရှိကောင်းရှိနိုင်တယ်။ သို့သော် အဲဒီဟာက Terror ရယ်လို့ စွပ်စွဲလောက်အောင်တော့ သူပြောတာတွေ မရှိသေးဘူးဗျ။ ဒါကြောင့် အခု တိုင်းမ်မဂ္ဂဇင်းမှာပါတဲ့ဟာကတော့ ဦးဝီရသူကို တိုက်ခိုက်နေတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာကိုပါ တိုက်ခိုက်လိုတဲ့ သဘောလည်းရှိနိုင်တယ်။ ဒါဟာ ရိုးသားမှုရှိရဲ့လားဆိုတာ စဉ်းစားဖို့လိုတယ်ဆိုတာ အဓိက မီးမောင်းထိုးပြချင်ပါတယ်။”

ပြည်ပမှာ သတင်းသုံးတော်မူတဲ့ ဆရာတော် ဦးကောဝိဒနဲ့ ဆရာတော် ဦးပညာဇောတတို့ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG