သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ်ကိုင်တွယ်မှု သမ္မတပြောခွင့်ရ တုံ့ပြန်


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ ကျောင်းသားတွေကို ဒီကနေ့မှာပဲ မြန်မာအစိုးရက ရဲအင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားတွေ၊ နောက် ကျောင်းသားတွေကို ကူညီပေးနေတဲ့ လက်ပံတန်း ဒေသခံတွေကိုရော သတင်းရယူနေတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းထောက်တွေကိုပါ လိုက်လံရိုက်နှက် ဖမ်းဆီးခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံရသလို သတင်းဌာန အသီးသီးက ဖော်ပြလာကြတဲ့ သတင်းဗွီဒီယိုတွေထဲမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို ရဲအင်အား အလုံးအရင်းနဲ့ ဝိုင်းဝန်း ရိုက်နှက်နေကြတာတွေ၊ ကျောင်းသားတွေ စီးနင်းတဲ့ ကားပေါ်မှာ လူတဦးမှမရှိတာကို ရဲတွေက ကားမှန်တွေကို ရိုက်နှက်ဖြိုခွဲတဲ့ ပုံတွေ၊ နောက် လူနာတင်ကားပေါ်ကနေ ဒဏ်ရာရသူကို ထမ်းစင်နဲ့ တင်ခေါ်လာတဲ့ ဒဏ်ရာရသူကို ရဲတွေက ဝိုင်းပြီး ရိုက်နှက်ကြတဲ့ပုံတွေ နောက် ဘုန်းကြီးကျောင်းထဲမှာ ထွက်ပြေးသူတဦးကို ရဲ ၅ ဦးက နံပါတ်တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ကြတဲ့ ပုံတွေလည်း တွေ့မြင်ရပါတယ်။ အခုလိုဖြစ်သွားတဲ့ အခြေအနေဟာ အာဏာပိုင်တွေဘက်က ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဖြေ။ ။ “လက်ပံတန်းမှာ ကျောင်းသားတွေက ရန်ကုန်မြို့ကို ချီတက်ဖို့ ဆိုပြီးတော့မှ စတင်ဆောင်ရွက်တဲ့ အခြေအနေကနေစပြီးတော့ အခုက ရန်ကုန်မှာ ၁၀ တန်းစာမေးပွဲလည်းရှိတယ်။ နောက်တခါ ပိုပြီးတော့မှ အခြေအနေ ဆိုးသွားနိုင်တဲ့အတွက်ကြောင့်မို့ မလာဖို့ဆိုပြီးတော့မှ ကျနော်တို့ အဲ့ဒီတင် တားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ ရဲတွေကလည်း စိတ်ရှည်လက်ရှည် သူတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ရဲတွေရဲ့ အတားအဆီးတွေကို အတင်းဝင်ရောက် ချိုးဖောက်ပြီးတော့မှ ထွက်ဖို့ ကြိုးစားတယ်။ ပထမတော့ ရဲတွေက ဒိုင်းတွေဘာတွေ မပါဘဲနဲ့ တားပေမဲ့လည်း နောက်ပိုင်းမှာ လူစုခွဲဖို့ပြောတာကို မရတဲ့အတွက်ကြောင့်မို့ ဒိုင်းတွေ၊ ဒုတ်တွေ သုံးပြီးတော့မှ ကျနော်တို့က လူစုခွဲခဲ့ရပါတယ်။ ဒါကတော့ လက်ရှိ အခြေအနေပါပဲ။”

မေး။ ။ ဘာကြောင့် ဒီလောက်တောင် အခြေအနေ ဆိုးသွားရတယ်လို့ ဝန်ကြီးတို့ဘက်က ယူဆပါသလဲရှင့်။

ဖြေ။ ။ “မေးတာထက်စာရင် ခင်ဗျား အဲ့ဒီမှာ ဗွီဒီယိုတွေကို ကြည့်လိုက်ပေါ့ဗျာ ဗွီဒီယိုထဲမှာ လက်ချင်းချိတ်ပြီး တားထားတဲ့ ရဲတွေထဲကို ရှေ့က အတားအဆီးတွေကို ဘယ်လိုဖယ်ရှားခဲ့တယ်၊ ရဲတွေထဲကို ဒုတ်တွေနဲ့ ထိုးပြီးတော့ တဲတွေကို ဖြိုဖို့ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာတွေ တွေ့လို့ရှိရင် ကျနော်တို့ဟာ နောက်ဆုံးနည်းလမ်းအဖြစ်နဲ့ ဒီလိုသုံးပြီးတော့ လုပ်ရတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ပါလိမ့်မယ်။ သို့သော် ဒါဟာတော့ ကျနော်တို့ မလုပ်ချင်ဆုံး အလုပ်ပါပဲ။”

မေး။ ။ အခုလို အဓိကရုဏ်း ဖြိုခွင်းတဲ့နေရာမှာ ဝန်ကြီးတို့ဘက်က အင်အား အလွန်အကျွံ သုံးတဲ့ အနေအထားမျိုးလို့လည်း ရှုမြင်ခံရပါတယ်ရှင့်။ အဲ့ဒီအပေါ်မှာရော ဝန်ကြီးအနေနဲ့ ဘာများပြောလိုပါသလဲ။

ဖြေ။ ။ “နောက်ဆုံး အခြေအနေကတော့ဗျာ ကျနော် ပြောပြပါမယ်။ ခင်ဗျားတို့ ဒီဖြစ်စဉ်မှာ ကျနော်တို့ ဒိုင်းတွေ၊ ဒုတ်တွေနဲ့ ခွဲခဲ့တယ်ဆိုပေမဲ့ ဟုတ်လား ခင်ဗျားတို့ အခု ဦးခေါင်းမှာ ဒဏ်ရာရတဲ့သူမျိုးတွေ ဘာတွေ ကျနော်တို့ အခုအချိန်ထိတော့ မတွေ့သေးဘူးပေါ့နော်။ သတင်းတွေမှာလည်း မကြားရသေးပါဘူး။ ဆိုလိုတာကတော့ ကျနော်တို့ ဒီ လူတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လိုအပ်တဲ့ အင်အားကိုပဲ သုံးတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ ကားပေါ်ကို လုပ်တဲ့ကိစ္စကတော့ ကျနော်တို့ ပထမပိုင်းမှာတော့ အဲ့ဒီကားပေါ်ကနေပြီးတော့မှ အသံချဲ့စက်တွေ ဘာတွေနဲ့ အော်ပြီးတော့ တားတယ်လို့တော့ ကျနော်တို့ နားလည်တယ်။ ဒါပေမဲ့ တချို့ နောက်ပိုင်းမှာ မှန်ရိုက်ခွဲတာမျိုးတွေကတော့ ကျနော်တဦးချင်းအမြင်နဲ့ပြောရင်တော့ အဲ့ဒါကတော့ မလုပ်သင့်ဘူးလို့ ကျနော်ထင်ပါတယ်။”

မေး။ ။ သပိတ်ကို ဖြိုခွဲခဲ့တဲ့ကိစ္စက တိုင်းဒေသကြီးအစိုးရက စီစဉ်ခဲ့တာလား။ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရရဲ့ အမိန့်နဲ့ သူတို့ ဖြိုခွင်းခဲ့တာလားရှင့်။

ဖြေ။ ။ “ကျနော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့ကတော့ ကျနော်တို့ သတင်းထုတ်ပြန်ချက်ထဲမှာ ပါသလိုပဲ ဒီရွေးကောက်ပွဲမတိုင်ခင် ကြားကာလ တည်ငြိမ်အေးချမ်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ၁၀ တန်းစာမေးပွဲနဲ့ တက္ကသိုလ်စာမေးပွဲတွေ အေးအေးချမ်းချမ်း ဖြေဆိုနိုင်ဖို့အတွက် ရန်ကုန်မြို့ထဲကို အဲ့ဒီဆန္ဒပြနေတဲ့ ကျောင်းသားအုပ်စုတွေ ရောက်မလာဖို့အတွက် လက်မခံဘူးနိုင်ဘူးဆိုတာ ကျနော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲ့ဒီညွှန်ကြားချက်အရ တိုင်းဒေသကြီးအစိုးရများက သူတို့ရဲ့လုပ်ပိုင်ခွင့်ထဲကနေ အကောင်အထည် ဖော်သွားတာဖြစ်ပါတယ်။ ကျနော်တို့ပြောချင်တာကတော့ ဒီကနေ့ ဒီအချိန်မှာ လမ်းပေါ်မှာ ဆန္ဒပြရမယ့်အချိန် မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာသွားပြီးတော့မှ မိမိရဲ့လိုအပ်ချက်ကို၊ လိုလားချက်တွေကို လွှတ်တော်ကိုယ်စားလှယ်များက လက်ခံအောင် ပြောရမယ့်အချိန်ဖြစ်ပါတယ်။ ဒါလေးကိုတော့ ပညာရေးဥပဒေကို ပြင်ချင်တဲ့ကျောင်းသားများ နားလည်စေချင်ပါတယ်။”

မေး။ ။ အဲတော့ အခု ဒီကျောင်းသားတွေရဲ့ သပိတ်ကိုလည်း ဝန်ကြီးတို့ ဖြိုခွဲလိုက်ပြီဆိုတော့ ဒီအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကရော ဘယ်လိုအခြေအနေမျိုး ဆက်သွားမလဲရှင့်။

ဖြေ။ ။ “ပထမဆုံးတချက်ပြောချင်တာကဗျာ လွှတ်တော်ထဲမှာ ရှိနေတဲ့ ဥပဒေကြမ်းကို လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်းပဲ ဆက်လက် ဆွေးနွေးသွားမှာပါ။ လွှတ်တော်ကလည်း ကျောင်းသားတွေရော၊ NNER အပါအဝင် ကျန်တဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း လာပြီးတော့ သဘောထား ထင်မြင်ချက်တွေ ပေးဖို့ဆိုပြီးတော့မှ ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလမ်းကြောင်းကတော့ ဘာမှ ပျက်သွားစရာ အကြောင်းမရှိပါဘူး။ ဒုတိယတချက်ကတော့ အဲ့ဒီဥပဒေကြမ်းမှာ ကိုယ်လိုချင်တာ ဘယ်လောက်ပါမလဲ ဆိုတာကတော့ ခင်ဗျားလည်း ဒီမိုကရေစီနိုင်ငံမှာ နေနေတာပဲလေ ကိုယ်လိုချင်တာ အားလုံး ရတာမျိုးကတော့ ဒီမိုကရေစီ မဟုတ်ဘူး။ ဥပဒေကြမ်းတခု အပေးအယူ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်တာက ဒီမိုကရေစီ သဘောပဲဆိုတော့ ဒါကိုတော့ နားလည်ရမှာပေါ့။”

မေး။ ။ လေးပွင့်ဆိုင် သဘောတူညီချက်ထဲမှာ NNER ဘက်က ဒီကနေ့မှာပဲ ကျမတို့ကို ပြောတဲ့အချက်က ဘာလဲဆိုတော့ ကျောင်းသားတွေကို အကြမ်းဖက် မဖြိုခွင်းပါဘူးဆိုပြီးတော့ အစိုးရဘက်က သဘောတူထားပါတယ်တဲ့။ အဲ့ဒီအချက်ကို အစိုးရဘက်က ဖောက်ဖျက်ပါတယ်လို့ သူတို့က ပြောပါတယ်ရှင့်ဝန်ကြီး။ အဲ့ဒီအပေါ်မှာရော ဝန်ကြီးအနေနဲ့ ဘာများ တုံ့ပြန်ချင်ပါသလဲရှင့်။

ဖြေ။ ။ “ပထမဆုံး ဖောက်ဖျက်ခဲ့တာကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ NNER ကျောင်းသားတွေရော၊ ဦးအောင်မင်းတို့ရော၊ ၈၈ က ခေါင်းဆောင်တချို့နဲ့ရော တွေ့တဲ့အချိန်မှာ ဆွေးနွေးမှုများ စတင်သည့်ရက်တွင် သပိတ်မှောက်မှုများကို ရပ်ဆိုင်းထားမည်လို့ ပြောတဲ့စကားကို စပြီးတော့ ချိုးဖောက်ခဲ့တာ ကျောင်းသားတွေဘက်ကပါ။ အဲ့ဒါကို ထောက်ခံခဲ့တာ NNER ပါ။ ကျနော်တို့တွေက အကြမ်းဖက်မှုကို မလုပ်ချင်လွန်းလို့ တောင်သာကနေမှ လက်ပံတန်းအထိ ကျနော်တို့ ဖျောင်းဖျနားချတဲ့နည်းနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ လက်ပံတန်းမှာလည်း ကျနော်တို့ ဟုတ်လား တပတ်ကျော်ကျော်လောက် ဒီလိုပဲ ကြိုးစားခဲ့တယ်။ ဒီကနေ့မှာ ရဲတွေ ဖယ်ရင်ဖယ်၊ မဖယ်ရင် အတင်းဝင်တိုးပြီးတော့ ဖောက်ထွက်မယ်ဆိုတဲ့ ရာဇသံကို ပေးခဲ့တာလည်း ကျောင်းသားတွေဘက်ကပါပဲ။ အဲ့ဒါကို သွားထောက်ခံခဲ့တာလည်း NNER ပါပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ နောက်ဆုံး ဒီလို ဖောက်ထွက်လာရင်တော့ ဥပဒေအရ ပြန်ပြီးတော့ ဆောင်ရွက်ရမှာပဲ။ ဘယ်သူက ချိုးဖောက်တယ်ဆိုတာကတော့ ရှင်းပါတယ်။”

မေး။ ။ အဲတော့ ဝန်ကြီးအဆိုအရ ဒီလေးပွင့်ဆိုင် သဘောတူညီချက်က ဆက်ပြီးတော့ မရှိနိုင်ဘူးဆိုတဲ့ သဘောများ သက်ရောက်ပါသလားရှင့်။

ဖြေ။ ။ “မရှိတော့ဘူး။ ကျနော်တို့ကတော့ အစကတည်းက ပြောပြီးပြီ။ အမျိုးသားပညာရေးဥပဒေမှာ လိုအပ်ချက်တွေကို ပြင်ဖို့ဆိုတာကို ကျနော်တို့ သဘောတူတယ်။ ပြင်တဲ့အခါမှာတော့ ကျောင်းသားတွေရဲ့ဆန္ဒကို ထည့်ပြီးစဉ်းစားသလို၊ ကျန်တဲ့ လူအသိုင်းအဝိုင်းထဲမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ အမြင်ကိုရော၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးရဲ့အမြင်ကိုရော ထည့်သွင်းစဉ်းစားရမယ်။ အဲ့ဒါတွေအားလုံး ဆုံးဖြတ်နိုင်တာက လွှတ်တော်ထဲမှာပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ တိုက်တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဒါကလည်း အားလုံးအတွက် အကောင်းဆုံးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီနေ့ကိစ္စမျိုးဆိုတာက တည်ငြိမ်အေးချမ်းဖို့အတွက်သာ လုပ်ရတာဖြစ်ပေမဲ့ ဆောင်ရွက်ရတဲ့သူတွေရော၊ ကျနော်တို့ အပေါ်ကနေ ကြည့်ရှုရတဲ့သူတွေရော အတွက်က စိတ်ချမ်းသာစရာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။”

မေး။ ။ အခု အဓိကရုဏ်းကို ဖြိုခွင်းတဲ့နေရာမှာကော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အဲ့ဒီအဆင့်တွေအတိုင်း လိုက်နာနိုင်ခဲ့ပါသလားရှင့်။

ဖြေ။ ။ “ခင်ဗျားပြောတဲ့ဟာ၊ ခင်ဗျားပြောတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ဖြိုခွဲတယ်ဆိုတာ သုံးတဲ့ ပစ္စည်းကိရိယာကတော့ အခြေခံပေါ် မူတည်ပြီးတော့ ပြောင်းလဲနိုင်တာပေါ့။ ရေတို့ ဟုတ်လား မျက်ရည်ယိုဗုံးတို့၊ ခုနက ကျနော်ပြောသလို ဒုတ်တို့၊ ဒိုင်းတို့ ဒါတွေကတော့ အမျိုးစုံ ကွဲပြားခြားနားနေတော့ သို့သော် ပထမဆုံးကတော့ ဘာဖြစ်လဲ ကျနော်တို့သည် ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့ ကြိုးပမ်းမယ်။ ပြီးရင် police line လို့ခေါ်တဲ့ အတားအဆီးချထားမယ်။ အဲ့ဒါကိုမှ အတင်းဝင်ဖို့ ကြိုးစားလို့ရှိရင် ကျနော်တို့ အသံချဲ့စက်နဲ့ အကြိမ်ကြိမ် သတိပေးမယ်။ မရမှသာ လူစုခွဲဖို့ ကြိုးစားတယ်။ ခင်ဗျားတို့ အခု မြင်နေရတဲ့ ဗွီဒီယိုတွေမှာ ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီအဆင့်တွေအားလုံးကို ကျနော်တို့ ဆောင်ရွက်ခဲ့တယ်ဆိုတာ တွေ့ပါလိမ့်မယ်။”

ဒါကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG